မြန်မာ့ရုပ်ရှင်လောကနဲ့ ကွာခြားတဲ့ ” (၉၁) ကြိမ်မြောက် အော်စကာဆုပေးပွဲကြီး နဲ့ ထူးခြားဖြစ်ရပ်များ”

မြန်မာ့ရုပ်ရှင်လောကနဲ့ ကွာခြားတဲ့ ” (၉၁) ကြိမ်မြောက် အော်စကာဆုပေးပွဲကြီး နဲ့ ထူးခြားဖြစ်ရပ်များ”

အမေရိကန်ဟာ ရုပ်ရှင်ထုတ်လုပ်မှုမှာ လက်ရှိကမ္ဘာပေါ် နာမည်အကျော်ကြားဆုံးနဲ့ အကျိုးအမြတ်အရဆုံး ကုမ္ပဏီတွေ အခြေစိုက်တဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် သူတို့နိုင်ငံရဲ့ ရုပ်ရှင်အနုပညာနဲ့သိပ္ပံအကဲဖြတ်အဖွဲ့ (AMPAS) မှ ပေးအပ်တဲ့ အကယ်ဒမီဆု (အော်စကာဆုလို့ လူသိများ) ဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအရှိဆုံး ရုပ်ရှင်ဆိုင်ရာ ထူးချွန်ဆုဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန်နဲ့ဆို မနက်အစောပိုင်းမှာ (၉၁) ကြိမ်မြောက် အော်စကာဆုပေးပွဲကို ကယ်လီဖိုးနီးယားပြည်နယ် နံမည်ကျော်ဘီဗာလီဟေးလ်မှာ ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်ကားတွေကို ဆုအမျိုးအစားပေါင်း ၂၄ ခု ချီးမြှင့်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကိုတော့ Green Book ရုပ်ရှင်ကားမှ ဆွတ်ခူးရရှိသွားခဲ့ပြီး ၁၉၆၂ ခုနှစ်ကာလကို အခြေခံထားကာ နာမည်ကျော်ဂီတသမားနဲ့ သူ့ရဲ့ဘော်ဒီဂတ် ကားမောင်းသမား တို့ကြားက ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ သရုပ်ဆောင် Mahershala Ali အတွက် အကောင်းဆုံးအမျိုးသားဇာတ်ရံ (Best Supporting Actor) နဲ့ မှီငြမ်းထားတာမဟုတ်တဲ့ ကိုယ်ပိုင်ဇာတ်ညွှန်းဆု (Best Original Screeplay) တို့ကိုပါ ဆွတ်ခူးရရှိခဲ့တယ်။

ထူးခြားတာက ဆုသုံးလေးခုရတာ သူတစ်ကားတည်းမဟုတ်ဘဲ လူတိုင်းလိုလို ရရှိခဲ့တာပါ။ Queen ဂီတအဖွဲ့ရဲ့ ခေါင်းဆောင် ဖရက်ဒီမာကျူရီအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ Bohemian Rhapsody ရုပ်ရှင်မှာ ဖရက်ဒီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အီဂျစ်မင်းသား Rami Malek ဟာ အကောင်းဆုံးရုပ်ရှင်မင်းသား (Best Actor) ဆုကို ရရှိခဲ့တဲ့အပြင် Bohemian Rhapsody ရုပ်ရှင်ဟာ အကောင်းဆုံး Sound Editing ဆု၊ Sound Mixing ဆုနဲ့ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု (Film Editing) တို့ကိုပါ ရရှိခဲ့တာကြောင့် စုစုပေါင်း အော်စကာလေးဆုထိ ဆွတ်ခူးရရှိခဲ့ပါတယ်။

နောက်ထပ်ထူးခြားချက်အနေနဲ့ မာဗယ်စူပါဟီးရိုးဇာတ်ကား Black Panther ဟာ အကောင်းဆုံး နောက်ခံတေးဂီတဆု (Best Original Score) ၊ အကောင်းဆုံး Production Design ဆုနဲ့ အကောင်းဆုံးဝတ်စုံဒီဇိုင်းဆု (Best Costume Design) ဆိုတဲ့ ဆုသုံးခုကို ရရှိခဲ့ပါတယ်။ ဒါဟာ မာဗယ်စူပါဟီးရိုး ကားတွေအတွက် ပထမဆုံးအကြိမ်အော်စကာဆုရရှိခြင်းလည်း ဖြစ်ပါတယ်။

မက်ဆီကို စကားပြောရုပ်ရှင်ကားဖြစ်တဲ့ Roma ကိုတော့ ဒါရိုက်တာ Alfonso Cuarón မှရိုက်ကူးခဲ့တာ ဖြစ်ပြီး သူဟာ Harry Potter ရုပ်ရှင်ရဲ့ တတိယကား Prisoner of Azkaban နဲ့ သိပ္ပံရုပ်ရှင် Gravity တို့ကိုလည်း ရိုက်ကူးခဲ့သူပါ။ 2013 ခုနှစ်က Gravity ရုပ်ရှင်နဲ့လည်း အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့ပြီး ဟောလိဝုဒ်သမိုင်းမှာ အကောင်းဆုံးဒါရိုက်တာဆုကို ရတဲ့ ပထမဆုံးလက်တင်အမေရိကန်ဒါရိုက်တာအဖြစ် မှတ်တမ်းဝင်ထားတဲ့ အယ်လ်ဖွန်ဆိုဟာ ဒီနှစ်မှာလည်း Roma နဲ့ထပ်မံပြီး အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။

Roma ဇာတ်ကားဟာ ဒါရိုက်တာဆုသာမကဘဲ အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆု နဲ့ အကောင်းဆုံးရိုက်ကူးမှုဆု (Best Cinematography) ကိုပါ ရရှိခဲ့ပါတယ်။ Roma ဟာအစောပိုင်းမှာ အကောင်းဆုံးရုပ်ရှင်ကားဆုကိုပါ ရေပန်းစားနေခဲ့ပေမယ့် ရုပ်ရှင်လောကရဲ့ အရေးကြီးဆုံး အခြားဆုတွေထဲက သုံးဆုနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

အကောင်းဆုံးမင်းသမီးဆုကို အင်္ဂလိပ်မင်းသမီး Olivia Colman က ဗြိတိသျှဘုရင်မကြီး အန်း (Anne) အဖြစ် သရုပ်ဆောင်ထားတဲ့ The Favourite ရုပ်ရှင်နဲ့ ရရှိသွားခဲ့ပါတယ်။ The Favourite ဟာ ဗြိတိန်အကယ်ဒမီဆုပေးပွဲမှာလည်း ထူးချွန်ဆုခုနစ်ခုထိရရှိခဲ့ပြီး အော်စကာဆုပေးပွဲအတွက် ဇကာတင်စာရင်းမှာ ဆယ်နေရာတိတိပါဝင်ခဲ့တာပါ။

အကောင်းဆုံးဇာတ်ရံမင်းသမီး (Supporting Actress) ဆုကိုတော့ If Beale Street Could Talk ဇာတ်ကားနဲ့ Regina King ကရရှိခဲ့ပါတယ်။ အကောင်းဆုံးအန်နီမေးရှင်းကာတွန်းကားဆု (Animated Feature Film) ကိုတော့ နှစ်ကုန်ခါနီးမှ ရုံတင်ခဲ့တဲ့ ဆိုနီရဲ့ Spider-Man: Into the Spider-Verse ကရရှိသွားခဲ့ပါတယ်။ Spider-Man ဟာ မာဗယ်စူပါဟီးရိုးကိုပဲ အခြေခံထားတာကြောင့် ဒီနှစ်မှာ မာဗယ်စတူဒီယိုဟာ ပထမဆုံးအကြိမ် အော်စကာရခဲ့သလို ဆုအမျိုးအစားလေးခုကိုပါ ဆွတ်ခူးခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာဖြစ်ပါတယ်။ သို့သော်လည်း အခုလို Spider-Verse အောင်မြင်သွားတဲ့အတွက် ဆိုနီကုမ္ပဏီဟာ Spider-Man Franchise ကို မာဗယ်စတူဒီယိုကို ပြန်လည်လွှဲပြောင်းပေးရမယ့် ဘေးကနေ ထပ်ပြီးရှောင်ရှားနိုင်ခဲ့ပါပြီ။

အကောင်းဆုံးအမြင်ပိုင်းဆိုင်ရာအထူးပြုလုပ်ချက်ကို လကမ္ဘာသို့ ပထမဆုံးခြေချခဲ့တဲ့ အာကာသသူရဲကောင်း နေးလ်အမ်းစထရောင်းအကြောင်း ရိုက်ကူးထားတဲ့ First Man ရုပ်ရှင်က Avengers: Infinity War, Ready Player One နဲ့ Solo: A Star Wars Story တို့ကို ကျော်လွန်ရရှိခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.