မြစ်ကြီးနားဂျာနယ်မှ သတင်းထောက်နှစ်ဦးကို တရုတ်ကုမ္ပဏီက ဖမ်းဆီးရိုက်နှက်

မြစ်ကြီးနားဂျာနယ်မှ သတင်းထောက်နှစ်ဦးကို တရုတ်ကုမ္ပဏီက ဖမ်းဆီးရိုက်နှက်

မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကို တရုတ်ကုမ္ပဏီက ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်အတွက် ၀ိုင်းမော်မြို့မရဲစခန်း၌ အမှုဖွင့်သွားမည်ဟု မြစ်ကြီးနားသတင်းဂျာနယ်မှ အမှုဆောင်အရာရှိ ဦးဘရန်မိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ်ဂျာနယ်တွင် သခင်စစ်သတ္တုတူးဖော်ရေကုမ္ပဏီနှင့် သက်ဆိုင်သည့် သတင်းတစ်ပုဒ် ဖော်ပြခဲ့ရာ ယင်းသတင်းနှင့်ပတ်သက်၍ဖြေရှင်းပေးရန် သတင်းရေးသားသူ သတင်းထောက်နှစ်ဦးကို ကုမ္ပဏီသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကုမ္ပဏီတာဝန်ရှိသူများက ခေါ်ဆိုခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထိုနောက် သတင်းထောက်နှစ်ဦးကို ပြန်မလွှတ်တော့ဘဲ သတင်းဖော်ပြမှုအတွက် ရိုက်နှက်၍အခန်းထဲတွင် ချုပ်နှောင်းထားသည်ဟု ဦးဘရန်မိုင်က ပြောဆိုသည်။

သတင်းထောက်အမျိုးသမီးကို ကုမ္ပဏီဘက်မှာတာဝန်ရှိသူတစ်ဦးက ပါးရိုက်နေသည့်ပုံကို မြစ်ကြီးနားသတင်းဂျာနယ်မှ အမျိုးသားသတင်းထောက်က အွန်လိုင်းမှတစ်ဆင့် မြစ်ကြီးနားသတင်းဂျာနယ်သို့ပေးပို့ခဲ့သဖြင့် ယင်းဂျာနယ်တိုက်၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ သတင်းထောက်ကောင်းမလေးကို ပါးရိုက်တယ်။ အင်္ကျီတွေဆောင့်ဆွဲထားတာ ကြယ်သီးတွေပါ ပြုတ်သွားတယ်။ အဲဒီဓာတ်ပုံကို သတင်း website မှာ ချက်ချင်းဖော်ပြတော့ သတင်းထောက်ကို အခန်းထဲမှာ ပိတ်ထားတယ်။ အသက်အန္တရာယ်ရှိလို့ အဲ့ဒီသတင်းကိုဖြုတ်ခိုင်းလို့ ချက်ချင်းဖြုတ်ပေးလိုက်တယ်”ဟု ဦးဘရန်မိုင်က ထပ်လောင်းပြောဆိုသည်။

ထို့အပြင် ဂျာနယ်တိုက်သို့ ဓာတ်ပုံပေးပို့ခဲ့သည့် အမျိုးသားသတင်းထောက်ကိုလည်း ယင်းကုမ္ပဏီမှ ထိုင်၊ထ အခါ ၃၀၀ လုပ်ခိုင်းခဲ့သဖြင့် လမ်းမလျှောက်နိုင်တော့ကြောင်းလည်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ကျွန်တော်တို့က လူမှုအရေးအရဖြေရှင်းဖို့ ခေါ်တယ်ထင်တာ။ ဟိုရောက်မှသူတို့လိုချင်တဲ့အဖြေမရလို့ ချုပ်နှောင်တဲ့အခြေအနေဖြစ်သွားတယ်။ သတင်းထောက်က အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးပါ”ဟု မြစ်ကြီးနားဂျာနယ်မှ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

မြစ်ကြီးနားသတင်းဂျာနယ်တိုက်မှ တာဝန်ခံအယ်ဒီတာနှင့် ၀ိုင်းမော်ရဲစခန်းမှရဲဝန်ထမ်းများပူးပေါင်း၍ ယင်းကုမ္ပဏီသို့ ရောက်ရှိနေသည့် သတင်းထောက်နှစ်ဦးသွားရောက်ခေါ်ထုတ်ခဲ့ရသည်ဟု ၎င်းက ရှင်းပြသည်။

ထိုထို့ သတင်းထောက်နှစ်ဦးကို ခြိမ်းခြောက်ပြောဆိုမှု၊ ချုပ်နှောင်မှုတို့အတွက် သခင်စစ်သတ္တူတူးဖော်ရေး ကုမ္ပဏီကို ဥပဒေအရ အရေးယူရန်စီစဉ်နေပြီဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေကြောင်းအရအမှုဖွင့်ရန်စီစဉ်နေပြီး ကောင်စီအနေနှင့်လည်း ကူညီဖြေရှင်းပေးမည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

“ဒီကိစ္စမှာ ဥပဒေအရအမှုဖွင့်ဖို့လုပ်နေတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်အဆင့်မှာကူညီရမလဲပေါ့ အဲဒါတော့ဆက်လုပ်မှာပါ”ဟု ၎င်းက ရှင်းပြသည်။

သတင်းထောက်နှစ်ဦးကို သခင်စစ်သတ္တူတူးဖော်ရေး ကုမ္ပဏီက ဖမ်းဆီးရိုက်နှက်ခဲ့မှုနှင့်ပတ်သက်၍ ၀ိုင်းမော် ရဲစခန်းသို့ The voice သတင်းစာမှ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားပေးရန်အသင့်မဖြစ်သေးဟု ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦက ပြန်လည်ဖြေကြားခဲ့သည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည် )

Comments are closed.