အကယ်ဒမီပေးပွဲကျင်းပမည့်ရက် ထွက်ရှိ

အကယ်ဒမီပေးပွဲကျင်းပမည့်ရက် ထွက်ရှိ

ရွှေမြန်မာတို့ရဲ့မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဖြစ်တဲ့ အကယ်ဒမီပွဲကြီးဆိုတာဟာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေအထူးသဖြင့်စိတ်ဝင်တစားအားပေးကြတဲ့ပွဲကြီးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းအနုပညာရှင်တွေလည်း အလေးအမြတ်ထားပြီး ရင်ခုန်စိတ်လှုပ်ရှားရတဲ့ပွဲကြီးဖြစ်တယ်ဆိုတာအထူးပြောစရာလိုမယ်မထင်ပါဘူး။ အားလုံးစောင့်မျှော်နေကြတဲ့ အကယ်ဒမီပေးပွဲနေ့ရက်အချိန်ဟာ မကြာခင်မှာ ကျရောက်လာတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်အကယ်ဒမီပေးပွဲကို နေရာပြောင်းပြီးကျင်းပသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

အကယ်ဒမီပေးပွဲကိုအရင်ပြုလုပ်နေတဲ့ ရွှေထွဋ်တင်ကွင်းမှာမဟုတ်တော့ပဲ Yangon Convention Centre မှာပြောင်းလဲပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဒုဥက္ကဌ ဦးအေးကြူလေးက မီဒီယာတွေကိုပြောကြားထားခဲ့ကြောင်းသိရပါတယ်။ အကယ်ဒမီပေးပွဲက မတ်လ (၂၃)ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်အကယ်ဒမီက ပုံမှန်အတိုင်း ဆု (၁၁) ဆုအပြင် ဆုအနည်းငယ်ထပ်တိုးလာပြီး(၁၃)ဆုလည်းဖြစ်သွားနိုင်ကြောင်းပြောထားခဲ့ပါတယ်တဲ့။ ဦးအေးကြူလေးက “အကယ်ဒမီဆုက နှစ်စဉ်ပေးနေကြတဲ့အတိုင်း၁၁ ဆုပေးမှာပါ။ ၁၁ဆုအပြင် မနှစ်က စတင်ပေးခဲ့တဲ့ ရုပ်ရှင်တစ်သက်တာဆုအတွက်ကိုလည်း သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့ကိုက်ညီတဲ့ ပုဂ္ဂိုလ်ကြီးတွေရှိရင်ပေးမှာပါ။ အထူးဆုဆိုတာ ပေါ်ပေါက်လာရင်လည်း ၁၃ဆု ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် အကယ်ဒမီထူးချွန်ဆုသည် ၁၁ ဆုကနေ ၁၃ဆုကြားမှာ ချီးမြှင့်သွားမှာပါ”လို့ ပြောကြားထားခဲ့ပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲအတွက် ဆန်ခါတင်ရွေးချယ်ခံထားရတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ မိုးပန်းပွင့်တို့ရဲ့သင်္ကေတ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဝိညာဉ်စိမ်း၊ ဒုဠဝတီကိုလွန်၍၊ င့ါကိုနမ်းတဲ့မုန်တိုင်း၊ ငယ်ကျွန်၊ဥပါဒါန်၊ မုန်းစွဲ၊ ရွှေကြာ၊ သမ္မတကြီးထံပေးစာ၊ ပြည်ထောင်စုသစ္စာ၊ ဇာတိမြေ၊ မှော်ဝင်သမန်းကျား၊ လရောင်ဖြာတဲ့အင်းလေးမှာ၊ ဥပါယ်တံမျဉ်၊ မုဒြာရဲ့ ခေါ်သံ၊ ကြတ်ဂူ၊ နောင်တွင်ဥဒါန်း တွင်စေသတည်း၊ ငဒူ၊ မျက်နှာပြင်များ၊ မီ၊ တိမ်တိုက်တံတား၊ ရန်သူ၊ သတို့သမီး၊ ကိုယ်စောင့်နတ် စတဲ့ ရုပ်ရှင်ဇာတ်ကားများတွေဖြစ်ပြီး ပရိသတ်တော်တော်များများက ဥပါယ်တံမျဉ်နဲ့လည်း ခီမောင်နှံကိုအကယ်ဒမီမှန်းနေကြသလို မုန်းစွဲနဲ့လည်း နေတိုးကိုအကယ်ဒမီမှန်းထားကြပါတယ်။ အချို့ကတော့ ရန်သူ ဇာတ်ကားနဲ့ နေခြည်ဦးကိုအကယ်ဒမီရမယ်မှန်းထားသူတွေလည်းရှိနေပါတယ်။

ပရိသတ်ကြီးရော ဒီနှစ်အကယ်ဒမီဆုကို ဘယ်အနုပညာရှင်တွေရမယ်ထင်လဲ။ အကယ်ဒမီဆန်ခါတင်ဇာတ်ကားတွေကိုရော ကြည့်ပြီးသွားကြပြီလား။ ဘယ်ကားနဲ့ဘယ်သူကရမယ်လို့ခန့်မှန်းမိလဲ ပြောခဲ့ကြပါဦး။

Comments are closed.