၇-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

၇-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဟာဇက် ။        ။ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဟာဇက်ကို ပေါင် (၁၅၁) သန်းနဲ့ ခေါ်ယူဖို့ ရီးယဲလ်က သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း စပိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ ဟာဇက်ဟာ ချယ်လ်ဆီးနဲ့ (၂၀၂၀) ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသေးပေမယ့် လက်ရှိအချိန်မှာတော့ အကြိုသဘောတူညီမှု ရရှိသွားခဲ့ပြီလို့ Marca က ဖော်ပြခဲ့တာပါ။ ရီးယဲလ်အသင်းက တိုက်စစ်ပိုင်းအားနည်းမှုကို အင်အားဖြည့်ချင်နေသလို ဟာဇက်ကိုယ်တိုင်ကလည်း အသင်းက ထွက်ခွာချင်တယ်လို့ ၀န်ခံထားခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ဟာ အကောင်အထည်ပေါ်သွားခဲ့တာလို့ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Marca က ရေးသားသွားခဲ့တာပါ။

စခိုးလ် ။                   ။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါစခိုးလ်က မန်ယူအသင်းရဲ့ လက်ရှိအခြေအနေဟာ နည်းပြ ဇီဒန်း လာရောက်ကိုင်တွယ်ရင်တောင် တိုးတက်လာမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ စခိုးလ် က မန်ယူအသင်းကျရှုံးနေမှုဟာ နည်းပြတစ်ယောက်တည်းကြောင့်တင် မဟုတ်ပဲ ကစားသမားတွေရဲ့ အားထုတ်မှုတွေနဲ့လည်း အများကြီးဆိုင်တယ်လို့ ပြောဆိုသွားခဲ့တာပါ။ မန်ယူအသင်းကစားသမားဟောင်းတွေဖြစ်ကြတဲ့ စခိုးလ်၊ ဖာဒီနန်နဲ့ နဗီးလ်တို့ဟာ နည်းပြ မော်ရင်ဟိုရဲ့ စွမ်းဆောင်ရည်တွေအပေါ် အမြဲအပြစ်တင်လေ့ရှိကြပေမယ့် ဒီတစ်ကြိမ်မှာတော့ စခိုးလ်က မော်ရင်ဟို ကို ကာကွယ်ပြောဆိုပေးသွားခဲ့တာပါ။

ဆန်ဒရို ။         ။ မန်ယူအသင်းက ခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့ ဂျူဗင်တပ်စ်နောက်ခံလူ ဆန်ဒရိုဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၇)နှစ်အရွယ် နောက်ခံလူဟာ (၂၀၁၅) ခုနှစ်ကတည်းက ပေါ်တိုကနေ ဂျူဗင်တပ်စ်အသင်းဆီ ရောက်လာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူပါ။ ဂျူဗင်တပ်စ်အသင်း တာဝန်ရှိသူတွေက ဆန်ဒရိုနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ အသင်းဝက်ဆိုက်မှာဖော်ပြသွားခဲ့ပါတယ်။

ဂိုမက်ဇ် ။         ။ လီဗာပူးလ်အသင်းနောက်ခံကစားသမား ဂျိုးဂိုမက်ဇ်ဟာ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ရရှိသွားခဲ့တဲ့ ခြေထောက်ဒဏ်ရာကြောင့် (၆) ပတ်လောက် အနားယူရမှာဖြစ်ကြောင်း အသင်းက ကြေညာလိုက်ပါတယ်။ ဂိုမက်ဇ်ဟာ ကွင်းဘေးမှာရှိတဲ့ ကြော်ငြာဆိုင်းဘုတ်နဲ့ ဘယ်ဖက်ခြေထောက် ထိခိုက်မိခဲ့တာဖြစ်ပြီး ချက်ချင်းပဲ လူစားလဲလိုက်ရတာပါ။ ဂိုမက်ဇ်ဟာ ချန်ပီယံလိဂ်အရေးကြီးပွဲစဉ်ဖြစ်တဲ့ နာပိုလီအသင်းနဲ့ ပွဲစဉ်၊ မန်ယူ၊အာဆင်နယ်၊မန်စီးတီးတို့နဲ့ ကစားရမယ့်ပွဲစဉ်တွေကို လွဲချော်ရမှာဖြစ်လို့ နည်းပြ ကလော့ပ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဟိုးလ်ဒင်း ။      ။ အာဆင်နယ်အသင်းနောက်ခံကစားသမား ဟိုးလ်ဒင်းဟာ မန်ယူနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကုန်ဆုံးချိန်အထိ အနားယူရတော့မှာဖြစ်တယ်လို့ အသင်းဆေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ ဘောလုံးယှဉ်လုရင်း ထိခိုက်မိခဲ့တဲ့ ဟိုးလ်ဒင်းဟာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ဒဏ်ရာမျိုးဖြစ်ခဲ့တာပါ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီကတော့ ခံစစ်မှာ ရွေးစရာကစားသမားနည်းပါးသွားခဲ့ပြီး အခြားနောက်ခံလူ တစ်ဦးဖြစ်တဲ့ ကိုစီယယ်နီ အမြန်ဆုံး ပြန်လည်သက်သာလာဖို့ကိုသာ မျှော်လင့်နေရပါတယ်။

အလွန်ဆို ။      ။ ချယ်လ်ဆီးအသင်းနောက်ခံလူ မားကို့စ်အလွန်ဆိုက ပရီးမီးယားလိဂ်ချန်ပီယံဆုရှင်စာရင်းကနေ ချယ်လ်ဆီးအသင်းကို ဖယ်လိုက်ဖို့ အချိန်စောနေသေးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နည်းပြ ဆာရီရဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၂) ပွဲမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာကြောင့် ချန်ပီယံဆုအတွက် အခွင့်အရေးမရှိတော့ဘူးဆိုတဲ့အပေါ် အလွန်ဆိုက တုန့်ပြန်လိုက်တာပါ။ အလွန်ဆို က ချယ်လ်ဆီးအသင်းဟာ ရှုံးပွဲတွေကနေ ပြန်လာမှာဖြစ်ကြောင်းနဲ့ ကစားသမားတွေဟာ နိုင်ပွဲတွေပြန်ရဖို့ ယုံကြည်မှုအပြည့်ရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။

Linn

Source : Goal , Marca , TheSun

Comments are closed.