မြန်မာနိုင်ငံ၌ ကာစီနိုလောင်းကစားရုံဖွင့်ရန် မကာအိုနိုင်ငံမှ အများဆုံးလာရောက်စုံစမ်းနေ

မြန်မာနိုင်ငံ၌ ကာစီနိုလောင်းကစားရုံဖွင့်ရန် မကာအိုနိုင်ငံမှ အများဆုံးလာရောက်စုံစမ်းနေ

မြန်မာနိုင်ငံတွင် ကာစီနိုလောင်းကစားရုံဖွင့်လှစ်ရန် မကာအိုနိုင်ငံမှ အများဆုံးလာရောက်စုံစမ်းနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှအတွင်းရေးမှူး ဦးအောင်နိုင်ဦး ပြောကြားချက်အရသိရသည်။

ယင်းကဲ့သို့ လာရောက်စုံစမ်းမှုများရှိသော်လည်း ဥပဒေမရှိသေးသဖြင့် လုပ်ကိုင်ခွင့်မပေးနိုင်သေးကြောင်း သိရသည်။ “စိတ်ဝင်စားလို့ လာမေးတာရှိတယ်။ အများဆုံးလာမေးတာက မကာအိုကပါ။ နှစ်ခါ၊ သုံးခါလောက်ရှိပြီ။ လာစုံစမ်းပေမဲ့ လောလောဆယ်မပေးနိုင်သေးဘူး။ ဥပဒေနဲ့ပတ်သက်လို့ ပြဋ္ဌာန်းလိုက်ရင် ဒါနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတို့၊ လုပ်ထုံးလုပ်နည်းတို့ဆက်ပြီးလုပ်ရဦးမယ်။ အဲဒီဥပဒေနောက်မှာဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေက ကျန်နေသေးတယ်။အဲဒါတွေအားလုံးပြီးမှ MIC ကခွင့်ပြုလို့ရမယ်။ ဘယ်တော့ လုပ်ပေးနိုင်မလဲလို့မေးရင် မပြောနိုင်သေးဘူး။ နောက်တစ်လ၊ နှစ်လအတွင်းမှာတော့ မဖြစ်နိုင်သေးဘူးလို့ ထင်တယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှအတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

လောင်းကစားရုံ(ကာစီနို) တရားဝင်ဖွင့်လှစ်ခွင့်ပေးမည့် လောင်းကစားဥပဒေမူကြမ်းကို လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးနေဆဲဖြစ်ပြီးအတည်ပြုနိုင်ခြင်းမရှိသေးပေ။အဆိုပါလောင်းကစားဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်၌ ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်က ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့တင်သွင်းရာတွင် ၁၉၈၆ ခုနှစ်က ပြဌာန်းခဲ့သည့် လောင်းကစားဥပဒေကိုရုပ်သိမ်းပြီး အစားထိုးမည့် ၂၀၁၈ ခုနှစ်၊ လောင်းကစားဥပဒေမူကြမ်းတွင် အခန်း ခြောက်ခန်းနှင့် ပုဒ်မ ၂၃ ခုပါဝင်ကြောင်း သိရသည်။ ဥပဒေကြမ်းတွင် တရားမ၀င်လောင်းကစားရုံဖွင့်လှစ်ပါက ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ၃ နှစ်အထိ ချမှတ်ရန် ပြဋ္ဌာန်းထားသည့်အပြင် လောင်းကစားပြုလုပ်သူကို အနည်းဆုံးထောင်ဒဏ် ၆ လမှ ၁ နှစ်အထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် လောင်းကစားခြင်း၊ အားပေးကူညီခြင်း၊ လူစုခြင်းများကို အများဆုံးထောင်ဒဏ် ၆ လ၊ သို့မဟုတ် ထောင်ဒဏ် ၆ လနှင့် ငွေဒဏ်ကျပ် ၅၀,၀၀၀ အပြင် သက်သေခံပစ္စည်းနှင့်ငွေကိုပါ သိမ်းဆည်းမည်ဟု ဖော်ပြထားသည်။

Credit-အကုန်သိ

Comments are closed.