နေရာတိုင်းမှာပါတဲ့ ဆားရဲ့ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများ

နေရာတိုင်းမှာပါတဲ့ ဆားရဲ့ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများ

“ပေါ်ဦး … ဘာနဲ့လဲ”ဆိုတော့ “ဆားနဲ့ပါ ဘုရား…”ဆိုတဲ့ ဂန္ထ၀င်တွင်တဲ့စကားအတိုင်းပဲ ဆားဟာ အစားအသောက်တိုင်းမှာ မပါမဖြစ်လို့ ဆိုရလောက်တဲ့ပစ္စည်း ဖြစ်ပါတယ်။ ဆားရဲ့ အကျိုးကျေးဇူးတွေကတော့ အများအပြားပါပဲ။ ကျန်းမာရေးအတွက်ရော အရသာပြည့်စုံမှုအတွက်ပါ အရေးပါလွန်းတဲ့ ဆားရဲ့အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပါပဲ။

အိုင်အိုဒင်းချို့တဲ့မှုကို ကာကွယ်ပေးခြင်း။

အိုင်အိုဒင်းဆားဟာ အိုင်အိုဒင်းရရှိဖို့ အကောင်းဆုံးသောရင်းမြစ် ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ဟာ အိုင်အိုဒင်းဓာတ်ကို မထုတ်လုပ်နိုင်ပါဘူး။ အိုင်အိုဒင်းဓာတ်ဟာ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ အိုင်အိုဒင်းအလုံအလောက် မရရှိတဲ့အခါ သိုင်းရွိုက်ဂလင်းတွေ ကြီးလာနိုင်ပြီး ခန္ဓာကိုယ်အတွက်လည်း ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ကလေးအရွယ်မှာ ဦးနှောက်နဲ့ အရိုးတွေ ကြီးထွားဖွံ့ဖြိုးလာဖို့အတွက် အိုင်အိုဒင်းဓာတ် အလုံအလောက်ရရှိဖို့ အထူးလိုအပ်ပါတယ်။ အိုင်အိုဒင်းချို့တဲ့တဲ့ ကလေးတွေဟာ ဥာဏ်ရည်ဖွံ့ဖြိုးမှုမှာလည်း ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ရေဓာတ်ခန်းခြောက်မှုမှ ကာကွယ်ပေးခြင်း။

ဆားဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်ပမာဏကို ချိန်ညှိပေးဖို့ မရှိမဖြစ်လိုအပ်တဲ့အရာပါ။ ကိုယ်တွင်းအင်္ဂါတွေ ချောမွေ့လွယ်ကူစွာ လည်ပတ်နိုင်ဖို့အတွက် အလက်ထရိုလိုက်ပမာဏကို ထိန်းညှိပေးရာမှာလည်း မရှိမဖြစ် လိုတဲ့အရာပါ။ ပြင်ပမှာ အလုပ်လုပ်တဲ့သူတွေနဲ့ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်လေ့ရှိသူတို့ဟာ ချွေးထွက်များတဲ့အတွက် ကုန်ဆုံးသွားတဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ လုံလောက်တဲ့ ရေနဲ့ဆားပမာဏကို စားသုံးပေးရပါတယ်။ ဒါမှသာ ရေဓာတ်ပြည့်ဝနေမှပါ။ ရေဓာတ်ခန်းခြောက်တဲ့အခါ ၀မ်းပျက်ဝမ်းလျှောလို ရောဂါတွေဟာ ခန္ဓာကိုယ်ကို အားအင်ချိနဲ့စေပါတယ်။ ဆရာဝန်များကတော့ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်မလို ဖြစ်လာတဲ့အခါ ရေ၊ဆားနဲ့သကြားတို့ကို ဖျော်သောက်ပြီး ထိန်းညှိနိုင်တယ်လို့ အကြံပြုထားပါတယ်။

အပူရှပ်ခြင်းမှ ကာကွယ်ပေးခြင်း။

အပူရှပ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အပူလည်ပတ်တဲ့စနစ် ချို့ယွင်းသွားလို့ ဖြစ်ပါတယ်။ နေပူထဲမှာ အကြာကြီးနေလို့ဖြစ်စေ၊ ပူပြင်းလွန်းတဲ့နေရာမှာ အချိန်ကြာကြာ နေလို့ဖြစ်စေ (ဥပမာ – လုပ်ငန်းခွင်) အပူရှပ်နိုင်ပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်က ပုံမှန်အပူချိန်ကို ပြန်လည်ရရှိအောင် ပိုလျှံနေတဲ့အပူတွေကို မထုတ်ပစ်နိုင်တော့ပါဘူး။ ကိုယ်တွင်းမှာ အပူချိန်တွေ အဆမတန် မြင့်တက်လာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေအတွက်လည်း အန္တရာယ်ကျရောက်စေနိုင်တဲ့အတွက် ခန္ဓာကိုယ်က ချွေးတွေအဆမတန် ထွက်စေပြီး ပြန်လည်အေးမြလာအောင် လုပ်ဆောင်တတ်ပါတယ်။ ဒီအခါမှာ ကိုယ်ထဲက ရေနဲ့ဓာတ်ဆား အမြောက်အများ ဆုံးရှုံးသွားရတတ်ပါတယ်။ ဒါကြောင့် အပူရှပ်ခြင်းမှ ကာကွယ်ဖို့အတွက် ရေနဲ့ဆားကို အလုံလောက် စားသုံးပေးသင့်ပါတယ်။ အပူရှပ်ခြင်းကို ခံစားရပြီဆိုရင်လည်း ရေနဲ့ဓာတ်ဆားပါဝင်တဲ့ အရည်များများကို သောက်သုံးပေးခြင်းအားဖြင့် သက်သာရာရနိုင်ပါတယ်။

ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေခြင်း။

သွားဖုံးမှာ အနာပေါက်တဲ့အခါ ခံရခက်လှပြီး နာကျင်လွန်းလှပါတယ်။ ဒီအခါမှာ ဆားရေနဲ့ပလုတ်ကျင်းပြီး နာကျင်မှု သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ ဆား လက်ဖက်ရည်ဇွန်းနဲ့တစ်ဝက်ကို ရေခပ်နွေးနွေးတစ်ခွက်ထဲ ရောဖျော်ပြီး ပလုတ်ကျင်းပေးမယ်ဆိုရင် သွားဖုံးမှာပေါက်နေတဲ့အနာကို အရောင်ကျစေပါတယ်။ ခံတွင်းကျန်းမာရေး အမြဲတမ်း ကောင်းနေဖို့အတွက်လည်း ဆားကို သုံးနိုင်ပါသေးတယ်။ ဆားနဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း(၁/၄)စီကို ရေနွေးနွေးလေးထဲ ထည့်ဖျော်ပြီး ခံတွင်းကို သန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် သွားမှာကပ်ငြိနေတဲ့ ချိုးတွေကို ပျောက်ကင်းစေပြီး သွားတွေကို ပိုမိုဖြူဖွေးဝင်းပစေကာ ခံတွင်းကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါလိမ့်မယ်။

အလင်းဦး (Shwemom)

Source: organicfacts.net

Comments are closed.