အမျိုးသမီးတိုင်းလိုလို လစ်လျူရှုထားမိတတ်တဲ့ ရောဂါကြီးများရဲ့ ရှေ့ပြေးလက္ခဏာ (၇)မျိုး

အမျိုးသမီးတိုင်းလိုလို လစ်လျူရှုထားမိတတ်တဲ့ ရောဂါကြီးများရဲ့ ရှေ့ပြေးလက္ခဏာ (၇)မျိုး

အမျိုးသမီးတွေမှာသာဖြစ်တတ်တဲ့ တချို့ရောဂါတွေဟာ ကြောက်စရာကောင်းပြီး၊ ကုသဖို့ ခက်ခဲတဲ့ရောဂါတွေဖြစ်ပါတယ်။ ရောဂါတွေဟာ အစောပိုင်းဖြစ်ကာစမှာ သိပ်မပြင်းထန်တာကြောင့် ဖြစ်နေမှန်း မသိသာကြပါဘူး။ ပြီးတော့ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေဖြစ်လာရင် အရေးမကြီးသလိုမျိုး၊ မသိလိုက်မသိဘာသာ နေတတ်ကြတာကလည်း အသက်အန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ အမျိုးသမီးတွေအနေနဲ့ အခုဖော်ပြမယ့် အချက်တွေကိုတွေ့ကြုံလာရပြီဆိုရင် ရောဂါတစ်ခု အစပြုနေတာဖြစ်နိုင်တာကြောင့် လုံးဝမပေါ့ဆသင့်ပါဘူးနော်။

(၁) ဆီးခဏခဏသွားခြင်း

ပုံမှန်အနေအထားထက် ပိုပြီး ဆီးခဏခဏသွားနေတာက ကျောက်ကပ်နဲ့၊ ဆီးလမ်းကြောင်းမှာ ပြဿနာဖြစ်နေခြင်းကြောင့်ဖြစ်နိုင်သလို၊ ဟော်မုန်းမညီမျှခြင်း၊ မျိုးပွားအင်္ဂါ ပိုးဝင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ မကြာခဏဆီးသွားရုံမကဘဲ တစ်ချိန်လုံးရေငတ်နေတယ်ဆိုရင်တော့ ဆီးချိုရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ တစ်နေ့တာမှာ ပုံမှန်ထက်ပိုပြီး ဆီးသွားတဲ့အကြိမ်ရေ အရမ်းများနေတာက ဘာရောဂါကြောင့်ဖြစ်တယ်ဆိုတာ အတပ်မပြောနိုင်ပေမယ့် တကယ်ကိုစိုးရိမ်ရတဲ့အနေအထားတစ်ခုဖြစ်နေတာတော့ အမှန်ပါပဲ။ဒါကြောင့် ဆရာဝန်နဲ့ပြဖြစ်အောင်ပြရမှာပါ။

(၂) ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းခြင်း

ဝိတ်လည်းမလျှော့ပါဘဲ ကိုယ်အလေးချိန်တွေ ကျသွားလို့ဆိုပြီး ပျော်မနေပါနဲ့နော်။ အချိန်တိုအတွင်း ဘာမှအားမထုတ်လိုက်ရဘဲ ကိုယ်အလေးချိန်ကျသွားတယ်ဆိုရင် ဒါဟာ ပုံမှန်တော့မဟုတ်ပါဘူး။ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ တခြားရောဂါအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန်နေရင်းကနေ ၆ လအတွင်းမှာ ၁၀ ပေါင်မှ ၁၅ပေါင်အထိ ကျသွားခဲ့တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြပြီး ဆေးစစ်သင့်နေပါပြီ။

(၃) အမွှေးအမျှင်တွေပေါက်ခြင်း

ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ရုတ်တရက်အမွှေးအမျှင်တွေ ထွက်လာတာဟာ testosterone hormone တွေ များလာလို့ပါ။ မျက်နှာလိုနေရာမျိုးမှာ အမွှေးအမျှင် နည်းနည်းပါးပါးပေါက်လာတာက သိပ်စိတ်ပူစရာ မရှိပေမယ့် ထူထူထဲထဲပေါက်လာရင်တော့ ရင်သားကင်ဆာ၊ သားအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်စေနိုင်တဲ့အပြင် ကိုယ်ဝန်မရတာမျိုးကိုလည်းဖြစ်စေနိုင်တာကြောင့် ဆေးစစ်ပြီး ကုသမှုခံယူဖို့ လိုပါတယ်။

(၄) သွေးဆုံးပြီးနောက်ပိုင်းသွေးဆင်းခြင်း

သွေးဆုံးပြီးနောက်ပိုင်းမှာ သွေးဆင်းတာက သားအိမ်ကင်ဆာ၊ သားအိမ်ရောင်ရမ်းခြင်း၊ သားအိမ်တွင်းအကြိတ်ဖြစ်ခြင်း နဲ့ တခြားအန္တရာယ်များတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ သွေးဆုံးပြီး တစ်နှစ်အတွင်းမှာ ပုံမှန်ဓမ္မတာလာသလိုမျိုး ဖြစ်လာတယ်ဆိုရင် အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုဖြစ်လို့ ဆရာဝန်နဲ့သေချာပြသစစ်ဆေးဖို့ လိုပါတယ်။

(၅) ရင်သားမှာအပြောင်းအလဲတစ်ခုခုဖြစ်ခြင်း

ရင်သားကင်ဆာအစပျိုးတဲ့အချိန်မှာ လုံးဝမသိသာပါဘူး။ ပြီးတော့ ရင်သားနဲ့ ပြန်ရည်ကြိတ်နေရာမှာ နာလာပြီဆိုရင်တော့ လုံးဝနောက်ကျသွားတဲ့ အခြေအနေဖြစ်နေပါပြီ။ တကယ်တော့ ရင်သားမှာပုံမှန်မဟုတ်တဲ့အပြောင်းအလဲလေးတွေဖြစ်လာင် သေချာသတိထားနေရင် သိနိုင်ပါတယ်။ ရင်သားမှာအကြိတ်ရှိမရှိစမ်းတာကခက်တယ်လို့ထင်ရရင် ရင်သားနေရာမှာ အနီရောင်အကွက်တွေ၊ အရေပြားပေါ်မှာအတွန့်တွေဖြစ်လာရင်၊ ရင်သားတ၀ိုက်မှာ မှည့်နဲ့ အသားပိုလေးတွေဖြစ်လာတာမျိုးဆိုရင် ဆေးစစ်ကြည့်ဖို့လိုပါတယ်။

(၆) ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်း

နေ့စဉ်ရက်ဆက် အဖြူဆင်းနေတာ၊ အရောင်နဲ့အနံ့က ပုံမှန်မဟုတ်တာဆိုရင်တော့ သားအိမ်အတွင်းပိုင်းမှာ ရောင်ရမ်းတာတွေ၊ အနာတွေဖြစ်နေတာပါ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီလို အဖြူဆင်းတာမျိုးက မကုသရင် ဆိုးကျိုးတွေဖြစ်စေနိုင်လို့ OG နဲ့ပြပြီးဆေးကုသမှုခံယူပါ။

(၇) ရာသီသွေးဆင်းတာအရမ်းများခြင်း

ရာသီသွေးအများကြီးဆင်းတာက ဟော်မုန်းပမာဏကြောင့်လည်းဖြစ်နိုင်သလို၊ သားအိမ်တွင်းရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ၇ရက်နဲ့အထက် သွေးဆင်းနေတာမျိုးဆိုရင် သိုင်းရွိုက်ပြဿနာကြောင့် ဖြစ်နိုင်ပြီး အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သွေးပမာဏများများဆင်းတာက သွေးအားနည်းရောဂါကို ဖြစ်စေနိုင်တာကြောင့် OG နဲ့ မဖြစ်မနေပြဖို့ တိုက်တွန်းချင်ပါတယ်။

MAY THAZINHTOO 

Comments are closed.