အိမ်တွင် မိဘများမရှိခိုက် ဗုံးပေါက်၍ မောင်နှမ နှစ်ဦးသေဆုံး

အိမ်တွင် မိဘများမရှိခိုက် ဗုံးပေါက်၍ မောင်နှမ နှစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သီးပင်ကုန်းအုပ်စု အင်ပင်ဝကျေးရွာတွင် မတ် ၈ ရက် နံက် ၇ နာရီ ၄၅ မိနစ် အချိန်ခန့်က အိမ်တွင် မိဘများမရှိခိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မောင်နှမနှစ်ဦး သေဆုံးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

“သူက ကျောင်းပိတ်တော့ မနေ့က ဆိတ်ကျောင်းသွားတယ်။ ဆယ်တန်းဖြေနေတဲ့သူ တစ်ယောက်လည်းရှိတော့ မအေ ဖအေတွေက ကျောင်းသားဆီသွားတယ်။ သူတို့ မောင်နှမ နှစ်ယောက်ပဲ ကျန်နေတာ။ လွန်ခဲ့တဲ့ တစ်လဝန်းကျင်လောက်က နှစ်မိုင်လောက်အကွာမှာ စက်ပစ်ကွင်း လေ့ကျင့်ရေးဆင်းတယ်။ ဘယ်က လက်ပစ်ဗုံးလို့တော့ ကျွန်တော်တို့ ယူဆလို့ မရပါဘူး။ အဲဒီနားမှာ ကလေးက ဆိတ်ကျောင်းသွားတယ်။ အဲဒါကို ကောက်လာပြီး ကတ္တားကို ထုသလားဆိုတာတော့ ကျွန်တော်တို့လည်း မမြင်ရဘူး။ ကျွန်တော်တို့က ဟိုးအရှေ့ဘက်မှာနေတာ သူများတွေက မင်းတို့ ကလေးတွေ ဗုံးမှန်လို့ဆိုမှ သွားကြည့်တော့ နှစ်ယောက်လုံး အသက်မရှိတော့ပါဘူး။ ရွာထဲမှာ အရင်တုန်းကလည်း ဒါမျိုး မဖြစ်ခဲ့ဖူးပါဘူး။ ဒါ ပထမဆုံးအကြိမ်ပါ”ဟု သေဆုံးသူ မောင်နှမနှစ်ယောက်၏ ဦးလေးအရင်းဖြစ်သူ ဦးညွန့်ဝင်းက ရှင်းပြသည်။

ဖြစ်စဉ်မှာ သီးပင်ကုန်း အမှတ် (၅၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် တက်ရောက်နေသော (၇) တန်းကျောင်းသား မောင်ချစ်သဲစိုး ( ၁၂) နှစ်သည် အင်ပင်ဝကျေးရွာ ၎င်းနေအိမ်ရှေ့ရှိ တောင်သူများသီးနှံချိန်တွယ်ရာတွင် အသုံးပြုသည့် ကတ္တားနှင့် 91 လက်ပစ်ဗုံးသီးအသေး (လက်သီးဆုပ်ခန့်) အား ထုရိုက်ဆော့ကစားစဉ် ဗုံးသီးမှပေါက်ကွဲ၍ အနီးရှိ အစ်မဖြစ်သူ မရီမာခိုင် (၂၁) နှစ်ကိုပါ ထိမှန်ခဲ့ရာ မရီမာခိုင်တွင် နဖူး ရင်ဘတ် မျက်နှာ စုတ်ပြဲဒဏ်ရာများရရှိပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးပြီး မောင်ချစ်သဲစိုး၌လည်း မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်စုပ်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားကြောင်း၊ အလောင်းအား မိတ္ထီလာဆေးရုံသို့ ပို့ဆာင်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲသည့်နေရာအား ဖလန်ကျင်းကျေးရွာအနီးရှိ အမြောက်သင်တန်းကျောင်းမှ ဒုတိယဗိုလ်မှူးကြီး စိုးမင်းထွန်းနှင့်အဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဌေးဦးနှင့်အဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွန့်ထွန်းနှင့်အဖွဲ့တို့ ရောက်ရှိစစ်ဆေးလျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါသေဆုံးမှုကို နယ်မြေခံ ရှမ်းမငယ် ရဲစခန်းမှ သေမှုသေခင်းအမှတ် ၁/၂၀၁၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-01

( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည် )

Comments are closed.