မှော်ဆရာကြီး လင်ကျိန့်ရင်း (သို့မဟုတ်) Mr.Vampire ဇာတ်ကားများနဲ့ ကမ္ဘာကျော်ခဲ့သူ

မှော်ဆရာကြီး လင်ကျိန့်ရင်း (သို့မဟုတ်) Mr.Vampire ဇာတ်ကားများနဲ့ ကမ္ဘာကျော်ခဲ့သူ

တရုတ်သရဲကားတွေကိုမှ နှစ်သက်စွဲလမ်းကြတဲ့ ပရိသတ်ကြီးအနေနဲ့ ၁၉၈၀ကျော် ကာလလောက်က နာမည်ကျော်ခဲ့တဲ့ Mr.Vampire ဇာတ်ကားများကို ယနေ့တိုင် ပြန်လည်ခံစား ကြည့်ရှုကြဦးမှာပါ။ အထူးသဖြင့် မှော်ဆရာကြီး လင်ကျိန့်ရင်းနဲ့ တရုတ်သရဲမချောချောလေးတွေနဲ့ အားပြိုင်မှုတွေ ၊ သူ့တပည့်တွေ တလွဲလုပ်သမျှကို အမြဲခံရပေမယ့် နောက်ဆုံးမှာ သူ့ရဲ့မှော်အစွမ်းနဲ့ပဲ အနိုင်ယူနိုင်ခဲ့ပုံတွေဟာ သူ့ခေတ်သူ့အခါက အာရှတစ်ခွင် ဟိုးလေးတစ်ကြော်ဖြစ်ခဲ့တဲ့အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။ လင်ကျိန့်ရင်းဟာ ကွယ်လွန်သွားတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း သူ့ရိုက်ကူးခဲ့တဲ့ တရုတ်သရဲကားများဟာ ဆယ်စုနှစ် သုံးစုခန့် ကြာသည့်တိုင် ရိုးမသွားပဲ ကောင်းမြဲကောင်းဆဲပါ။

လင်ကျိန့်ရင်းကို ၁၉၅၂ ခုနှစ် ၊ ဒီဇင်ဘာ၂၇ရက်နေ့ ၊ ဟောင်ကောင်မှာ မွေးဖွားခဲ့ပြီး မွေးချင်း၆ယောက်အနက် တတိယမြောက်သား ဖြစ်ခဲ့ပါတယ်။ သူဟာဆင်းရဲချို့တဲ့ မိသားစုမှာ မွေးဖွားခဲ့ပေမယ့် သူ့မိဘတွေက လင်ကျိန့်ရင်းကို စားသောက်ကုန် delivery လုပ်ပြီး ကျောင်းထားပေးခဲ့ပါတယ်။ လင်ကျိန့်ရင်းဟာ ငယ်စဉ်ကတည်းက ပညာရေးကို စိတ်မဝင်စားခဲ့ပဲ ပြဇာတ်မင်းသားဖြစ်ရေးကိုသာ သူ့ဘဝရဲ့ အိပ်မက်အဖြစ် သတ်မှတ်ခဲ့သူပါ။ ကျောင်း၂နှစ်ဆက်ကျပြီးနောက် အသက် ၁၇နှစ်အရွယ်မှာတော့ နီးစပ်ရာ အော်ပရာပြဇာတ်တွေမှာ အခကြေးငွေနည်းတဲ့ အရန်သရုပ်ဆောင်နေရာကနေ ပါဝင်ခဲ့ပါတယ်။

ထိုစဉ်က လင်ကျိန့်ရင်းရဲ့ ရုပ်ရည် ၊ ကိုယ်လုံးကိုယ်ပေါက် ၊ မျက်နှာထားဟာ မိန်းကလေးဆန်တာကြောင့် အမျိုးသမီး character ကနေသာ အများစု ပါဝင်ခဲ့ရပါတယ်။ ရုပ်ရှင်လောကထဲကို အသက်၁၉နှစ်သားအရွယ်မှာ စတင်ဝင်ရောက်လာခဲ့ပေမယ့် အသက်၃၀ပြည့်တဲ့အထိ ခေါင်းဆောင်မင်းသားနေရာက ပါဝင်ခဲ့ရခြင်း မရှိပါဘူး။ ၁၉၈၂ခုနှစ်မှာတော့ Prodical Son ဆိုတဲ့ ဇာတ်ကားနဲ့ ခေါင်းဆောင်မင်းသားအဖြစ် စတင်ရိုက်ကူးခဲ့ရပေမယ့်လည်း ထင်သလောက် အောင်မြင်မှုမရရှိခဲ့တာကြောင့် နောက်ထပ်အခွင့်အရေးကောင်းတစ်ချို့ကို ထပ်မံစောင့်မျှော်နေခဲ့ရပါတယ်။

၁၉၈၅ ခုနှစ်အရောက်မှာတော့ လင်ကျိန့်ရင်းရဲ့ အအောင်မြင်ဆုံး ရွှေရောင်နေ့ရက်တွေ စတင်ရောက်ရှိလို့ လာခဲ့ပါပြီ။ ၁၉၈၅ခုနှစ်မှာ လင်ကျိန့်ရင်းဟာ Mr.Vampire ဆိုတဲ့ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပြီး အာရှတစ်ခွင်မှာသာမက ကမ္ဘာတစ်ဝှမ်းကပါ အသိအမှတ်ပြု လက်ခံအားပေးခဲ့ကြပါတယ်။ အဲ့နောက်မှာတော့ ၁၉၈၆ခုနှစ်မှာ Mr.Vampire 2 , ၁၉၈၇ ခုနှစ်မှာ Mr.Vampire 3 တို့ကို ဆက်လက်ရိုက်ကူးခဲ့ပြီး အောင်မြင်မှုအရှိန်အဟုန်ကို ဆက်လက်မြှင်တင်နိုင်ခဲ့ပါတယ်။ လင်ကျိန့်ရင်းဟာ ဟောင်ကောင်ရုပ်ရှင်လောကမှာ သရုပ်ဆောင်ဒါရိုက်တာ တစ်ဦးအဖြစ် ၁၉၈၃၊ ၁၉၈၄၊ ၁၉၈၆ ခုနှစ်တွေမှာ အကောင်းဆုံး ဇာတ်ကားဆု ၊ ၁၉၈၉ ခုနှစ်မှာ အကောင်းဆုံး ဇာတ်ပို့ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လင်ကျိန့်ရင်းဟာ အသက်၄၅နှစ်အရွယ် ၁၉၉၇ခုနှစ် နိုဝင်ဘာလ၈ရက်နေ့မှာတော့ အသည်းကင်ဆာရောဂါနဲ့ ဟောင်ကောင်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ မမျှော်လင့်ပဲ အရွယ်ကောင်းမှာ လူ့လောကကြီးကနေ နှုတ်ဆက်ထွက်ခွာသွားတဲ့ လင်ကျိန့်ရင်းကြောင့် ကမ္ဘာတစ်ဝှမ်းက သူ့ရဲ့ဇာတ်ကားတွေကို မလွတ်တမ်းအားပေးခဲ့တဲ့ ပရိသတ်တွေဟာ အထူးကြေကွဲဝမ်းနည်းခဲ့ရပါတယ်။ တရုတ်သရဲတွေကို နှိမ်နှင်းရာမှာ ဟာသဆန်ဆန် အကွက်ဆန်းတွေသုံးတတ်တဲ့ မှော်ဆရာကြီး လင်ကျိန့်ရင်းရဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရှုဖူးသူတိုင်း ကြိုက်နှစ်သက်ကြပြီး သူရဲ့ Mr.Vampire ဇာတ်ကားများဟာလည်း ယနေ့ထက်တိုင် အောင်မြင်နေဆဲ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.