ဇာဏ်ခီအနေနဲ့ အကယ်ဒမီရဖို့ ပြုပြင်သင့်သည်များ

ဇာဏ်ခီအနေနဲ့ အကယ်ဒမီရဖို့ ပြုပြင်သင့်သည်များ

လူတော်တော်များများကနောက်နှစ် အကယ်ဒမီဟာ ခီမောင်နှံရဲ့နှစ်ပဲလို့ယူဆနေကြတယ်။Deceptionရယ် မုဒြာရဲ့ခေါ်သံရယ်နဲ့ မြန်မာ့ရုပ်ရှင်လောကကို ကိုင်လှုပ်ခဲ့တဲ့ ခီမောင်နှံဟာ ပရိတ်သတ်တော်တော်များများရဲ့ အချစ်ကိုရရှိခဲ့ကြတယ်။ဇာဏ်ခီဆိုရင်လည်း သူ့ရဲ့သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေက အကယ်ဒမီရမယ်လို့ ခန့်မှန်းနေကြတယ်။ဒါပေမယ့် ကျနော်တော့ မထင်ဘူး။ဇာဏ်ခီဟာ သရုပ်ဆောင်ကောင်းပေမဲ့ အကယ်ဒမီရဖို့ လိုအပ်ချက်တွေရှိနေသေးတယ်။အဲ့အချက်တွေပြင်လိုက်မယ် ဆိုရင်တော့ သူ့အနေနဲ့ အကယ်ဒမီမျှော်လင့်ခွင့် ရှိလာပါလိမ့်မယ်။

ပထမဆုံးအချက်အနေနဲပြု့ပြင်ရမယ့် အချက်က ဇာတ်လမ်းရွေးချယ်ပုံ။ ဇာဏ်ခီရိုက်ခဲ့တဲ့ ဇာတ်ကားနှစ်ကားရဲ့ အမျိုးအစားမှာ Deceptionက crimeဆန်ဆန်၊Mudras Callingက documentaryဆန်ဆန် အချစ်ကား။ဒီပုံစံတွေက အကယ်ဒမီပေးဖို့သိပ်အဆင်မပြေဘူး။အကယ်ဒမီအကဲဖြတ်တွေကြိုက်လေ့ရှိတဲ့ ပုံစံတွေက မိဘမေတ္တာကို အတုံးလိုက်အတစ်လိုက်ဖော်ပြတဲ့ မေတ္တာဖွဲ့မျိုး၊သောက်ကျိုးနဲ အော်ဟစ်ငိုယို dramaချိုးတဲ့ကားမျိုး၊အစိုးရရဲ့ ပြည့်သူအပေါ်ဘယ်လောက်အလေးထားပါတယ်ဆိုတဲ့ ပေါ်လစီကားမျိုးတွေပဲ။အဲ့လိုကားမျိုးတွေမှ အကဲဖြတ်တို့ရဲ့ ရင်ဘတ်ကို ဆွဲကိုင်လှုပ်နိုင်လိမ့်မယ်။ဇာဏ်ခီရဲ့ ဇာတ်ကားနှစ်ကားကအကဲဖြတ်တို့အကြိုက်နဲ့ တစ်ခြားစီဖြစ်နေတယ်။အဲ့ဒါကြောင့်အကယ်ဒမီရဖို့ အခွင့်အရေးနည်းသွားပြီ။ဒီတော့ ဇာဏ်ခီအနေနဲ့ အကယ်ဒမီမှန်းချင်တယ် ဆိုရင် ဇာတ်လမ်းရွေးချယ်ပုံကို ပြောင်းဖို့လိုမယ်။မိဘမေတ္တာဖွဲ့ heavy dramaဆိုတာမျိုး တစ်ကားလောက်ရိုက်လိုက်မယ်ဆိုရင်တော့ သူ့အနေနဲ့ အကယ်ဒမီမှန်းဖို့ အခွင့်အရေးရှိလာပါလိမ့်မယ်။

ဒုတိယအချက်ပြောရရင်တော့ ဇာဏ်ခီအနေနဲ့သူ့သရုပ်ဆောင်ပုံတွေကို ပြင်ဖို့လိုတယ်။သူ့သရုပ်ဆောင်ပုံတွေက သိပ်သဘာဝကျလွန်းနေတယ်။ပျော်နေရင် မပွင့်တပွင့်ပြုံးလိုက်တာမျိုး၊စိတ်ညစ်နေရင် သက်ပြင်းလေးပဲ ခိုးရှိုက်လိုက်တာမျိုး၊ဒေါသထွက်နေရင် ရေထဲငုပ်ပြီး အော်ပစ်လိုက်တာမျိုး အပိုအလိုမရှိ ကွက်တိ။အဲ့ဒီမှာ အကယ်ဒမီစံချိန်နဲ့ စလွှဲတော့တာပဲ။ခင်ဗျါးပဲ ခုခေတ်အကယ်ဒမီကားတွေ ကြည့်ကြည့်။မင်းသားဟာ ပျော်နေရင် ပါးစပ်ကနားရွက်တက်ချိတ်နေရမယ်၊၀မ်းနည်းရင် မျက်လုံးမှာ မျက်ရည်တွေဝိုင်း နှာခါင်းကြီးတရှုံရှုံ့နဲ့ ငိုသံကြီးနဲ့ပြောရမယ်၊ဒေါသထွက်ရင် မျက်နှာကြီးရဲ မျက်လုံးကြီးပြူး လက်ညိုးကြီးထိုးပြီး အော်ကြီးအော်ကျယ်လျှောက်ပြောနေရမယ်။ဒါမှပဲ ဦးဦးအကဲဖြတ်တို့က ရွှေဘောတော်ကျလိမ့်မယ်။ဒီတော့ သူ့သရုပ်ဆောင်ပုံကြောင့်ပဲ မောင်ဇာဏ်ခီ အကယ်ဒမီနဲ့ လွဲရပြန်ဦးမယ်။အကယ်ဒမီမှန်းချင်တယ်ဆိုရင်တော့ သူ့သရုပ်ဆောင်ပုံလေးပြင်လိုက်ဖို့လိုတယ်။

တတိယအချက်ကတော့ ဇာတ်ကားတွေထဲမှာ ပြောတဲ့ Dialogues တွေ။မောင်ဇဏ်ခီရဲ့ စကားအပြောအဆိုတွေဟာ သူ့သရုပ်ဆောင်ချက်လိုပဲ တဆိတ်သဘာဝကျလွန်းနေတယ်။ အကဲတော်ဖြတ်ကြီးတို့ အမြင်အရဆိုရင်တော့ ရိုးစင်းလွန်းနေတယ်ပေါ့။အကဲတော်ဖြတ်ကြီးတို့က ခပ်ရိုးရိုးဆိုကြိုက်တတ်တာ မဟုတ်ဘူးရယ်။သူတို့ကြိုက်တာက “နင့်လိုကောင် ကလေကချေ အုတ်ကြားမြက်ပေါက်နဲ့ ငါ့သမီးလို ရွှေဘုံပေါ်စံ ရွှေဇွန်းကိုက်မွေးလာတဲ့ ရွှေမင်းသမီးနဲ့ တူသလားတန်သလား၊အမဲရိုးနယ် ဟင်းအိုးမှအားမနာ၊သွား ခုချက်ချင်းထွက်သွား နောင်တစ်ခါငါ့အိမ်အရိပ်တောင် မနင်းမိပါစေနဲ့၊နင်းများနင်းမိလို့ကတော့ နန်းရွှေကြာနုအကြောင်းသိသွားစေရမယ် ဟင်းဟင်း”ဆိုပြီး မျက်နှာထိမျက်နှာထားနဲ့ သောက်ကြီးသောက်ကျယ် ပြောဆိုတာမျိုးတွေ၊မိဘဆရာတို့ရဲ့ကျေးဇူးတရားဟာ မြင့်မိုလ်တောင်မကကြီးမားလှပါကြောင်း ဆပ်သင့်လှပါကြောင်း စတဲ့ အပ်ကြောင်းထပ်စကားတွေကို တစ်လုံးချင်းလေးလေးနက်နက်ပြောတာမျိုးတွေရယ်”။အပြင်မှာ တကယ်ပြောကြလား မပြောကြလားတို့မသိ သောက်ကြီးသောက်ကျယ်ပြောမှ တို့ကငြိ”ဆိုတဲ့လူမျိုးတွေရယ်။အဲ့တော့ မောင်ဇဏ်ခီရဲ့ အသုံးအနှုန်းတွေဟာ အကယ်ဒမီစံနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြန်ရော။ဒါကြောင့် ဇာဏ်ခီအနေနဲ့ သူ့Dialoguesတွေကို အပြင်မှာသုံးနှုန်းတာတွေကို သဘာဝကျကျသုံးမယ့်အစား ရုပ်ရှင်ထဲမှာပဲ ပြောကြတဲ့ သောက်ကြီးသောက်ကျယ်စကားလုံးတွေကို ပြောင်းအသုံးပြုသင့်တယ်။ဒါမှပဲ အကယ်ဒမီရလိမ့်မယ်။

စတုတ္ထအချက်ပြုပြင်သင့်တာက interviewဖြေပုံဖြေနည်း။ဇာဏ်ခီinterviewဖြေတာ ပညာသားပါ ပါတယ်။ဒါပေမယ့် အင်တာဗျူးတွေမှာ ဇာဏ်ခီပြောလေ့မရှိတဲ့ စကားတစ်ခွန်းရှိတယ်။အကယ်ဒမီလိုချင်တဲ့သူတိုင်း အနုပညာရှင်လို့ သူတို့ကိုယ်သူတို့ထင်တဲ့သူတိုင်းပြောလေ့ရှိတဲ့ စကားလေး။ဘာတဲ့”ပရိတ်သတ်က ကျနော်တို့/ကျမတို့ရဲ့ ထမင်းရှင်ပါ၊အဲ့ကျေးဇူးကို သားရဲ့ အနုပညာလေးနဲ့ အကောင်းဆုံးကြိုးစားပြီးဆပ်သွားမှာပါ၊ ဟုတ် အားပေးကြပါဦး အဟင့် အဟင့်”ဆိုပြီးခြောက်ပစ်ကင်းသဲလဲစင်းတဲ့ရုပ်ကလေးနဲ့ ပြောစကားလေး။သူ့ဟာသူ ပေါကားမကလို့ဘာကားပဲရိုက်ရိုက်၊ ဘာကားလာလာဒီပုံစံပဲသရုပ်ဆောင်ဆောင်၊ ဘယ်လိုပဲပရိတ်သတ်ကိုဂျင်းထည့်ထည့် ဒီစကားလေးပြောလိုက်ရင် အကဲဖြတ်တို့ အလိုအရ ပရိတ်သတ်ရဲ့ကျေးဇူးကိုအထူးသိမြင်တာပဲ။မောင်ဇဏ်ခီကတော့ မပြောပေါင်။ဒီတော့ ပရိတ်သတ်ကို ကျေးဇူးကန်းသူမောင်ဇာဏ်ခီလေး အကယ်ဒမီထပ်ဝေးရပြန်ပြီပေါ့ ခင်ဗျာ။မဝေးချင်ဘူးဆိုရင်တော့ အင်တာဗျူးတိုင်းမှာ ပရိတ်သတ်ကထမင်းရှင်ပါ ဆိုတဲ့ စကားလုံးကို ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသလို ပြောဆိုတတ်ဖို့လိုတယ်။

 နောက်ဆုံးအချက်ပြင်ဖို့လိုတာက အရေးအကြီးဆုံးပါ။ဘာလဲဆိုတော့ သောက်ကျင့်။ဘယ်သူ့သောက်ကျင့်လည်းဆိုတော့ ရုပ်ရှင်အစည်းအရုံးက လူကြီးမင်းတို့ရဲ့ သောက်ကျင့်ပါ ခင်ဗျ။ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ခြေထိုးတတ်တဲ့သောက်ကျင့်၊သူ့ဟာသူဘယ်လောက်ကောင်းကောင်း ငါပေးမှရတာပါကွာဆိုပြီး ငါတကောကောချင်တဲ့သောက်ကျင့်၊ကိုယ့်စားခွက်ပျောက်မှာစိုးလို့ လမ်းသစ်ဖောက်ချင်သူကို လမ်းပိတ်တတ်တဲ့ သောက်ကျင့်၊ပုဂ္ဂိုလ်ခင်မှ တရားမင်ချင်တဲ့ သောက်ကျင့် အဲ့သောက်ကျင်လေးတွေပြင်လိုက်မယ်ဆိုရင်တော့ ခီတို့အနေနဲ့ အကယ်ဒမီမျှော်မှန်းခွင့်ရှိလာမှာဖြစ်ပါကြောင်း။

အပေါ်မှာ ရေးခဲ့တဲ့ ပြုပြင်သင့်တာတွေဟာ အကယ်ဒမီရဖို့ ပြုပြင်သင့်တာတွေဖြစ်ပြီး ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ ပြုပြင်သင့်တာတွေမဟုတ်ပါကြောင်း။ ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.