အောက်စဖို့ဒ်ဆရာတော် မိန့်တဲ့ ပျော်အောင် နေနည်း

အောက်စဖို့ဒ်ဆရာတော် မိန့်တဲ့ ပျော်အောင် နေနည်း

အောက်စဖို့ဒ်ဆရာတော် လို့ လူသိများတဲ့ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရက ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိကလည်း ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး “ပျော်နိုင်ပါလျက်နှင့် ပျော်ဖို့ မေ့နေသူများ” ဆိုတဲ့စာအုပ်ကို ရေးသား ပြုစုနေပါတယ်။ဆရာတော်ရဲ့ စာအုပ်ထဲက ပျော်ရွှင်နိုင်မယ့် နည်းလမ်းတချို့ကို ဆရာတော်က ပရိသတ်တွေအတွက် ကောက်နုတ် ဖော်ပြပေးထားပါတယ်။

(မပျော်နိုင်တာ ဘာကြောင့်လဲ)

စိတ်ခံစားမှု (emotion) ဟာ အရာရာကို အရောင်တင်ပေးတယ်၊ လူတွေ ပျော်ရွှင်တာ ဘယ်လောက်အထိ ပျော်ရွှင်မလဲ၊ ရာနှုန်းပြည့် ပျော်ရွှင်မလား၊ ၁၀ ရာခိုင်နှုန်းလား၊ ၁၂ ရာခိုင်နှုန်းလား၊ ၂၅ ရာခိုင်နှုန်းလား၊ emotion က သတ်မှတ်ပေးတယ်။

စိတ်လှုပ်ရှားမှု (excitement) ဟာ ပျော်ရွှင်မှု မဟုတ်ဘူး ဆိုတာကို ပရိသတ်တွေကို သိထားစေချင်တယ်။

မုဒိတာ ဖြစ်တယ်၊ ပီတိ ဖြစ်တယ် ဆိုတာက အတင်းဖြစ်ခိုင်းလို့ မရဘူး၊ အတင်းခံစားခိုင်းလို့ မရဘူး၊ ပီတိဖြစ်ရမယ် ဆိုပြီးတော့ ရှေ့မှာ ပန်းလှလှလေးတွေ လာပြီးတော့ ချထား၊ စိတ်ညစ်နေတဲ့သူဟာ ဘယ်လိုမှ ပီတိ မဖြစ်နိုင်ဘူး၊ အင်မတန်မှ အရသာကောင်းလှတဲ့ စားသောက် ဖွယ်တွေကို လာပြီးတော့ကျွေး၊ ဘယ်လောက်ပဲ ကောင်းအောင် ချက်ထားချက်ထား စိတ်ထဲမှာ သူများကို အမြဲတမ်းပဲ အပြစ်မြင် နေတတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီဟင်းက ငံပြာရည်လေး လိုနေတယ်၊ ဒီဟင်းက ခရမ်းချဉ်သီးလေး လိုနေတယ်၊ အဲလိုစိတ်တွေနဲ့ ချို့ယွင်းချက်တွေကိုပဲ မြင်နေတတ်တယ်၊ အဲလို negative အတွေးတွေ ပေါ်နေတတ်တယ်၊ ဒီခံစားမှုတွေက အလိုလို ပေါ်လာတာ၊ automatic thought လို့ခေါ်တယ်၊ အလိုလို ပေါ် လာတာ၊ အဲဒီလို အလိုလို ပေါ်လာတဲ့အတွေး automatic thought တွေဟာ ဒီပီတိရဲ့ အဓိကရန်သူပဲ၊ သူ့ကို ”ပျံလွင့်တဲ့စိတ်” လို့လဲခေါ်တယ်။ ပါဠိလိုကတော့ ဥဒ္ဓစ္စပေါ့။

ပူပန်တတ်တဲ့အကျင့်အစား ပီတိဖြစ်တတ်အောင်လေ့ကျင့်ဖို့ ဆရာတော်က မိန့်ကြားထားပါတယ်။

(၈၀/၂၀ သီအိုရီ)

လူ့ဘဝကို ခြုံပြီးတော့ ကြည့်မယ်ဆိုရင် အကောင်းတွေ အများကြီးရှိပါတယ်၊ အတွေးအခေါ် ပညာရှင်တွေ များတဲ့ ဂရိနိုင်ငံက ပြောတဲ့အတိုင်း ၈၀/ ၂၀ သီအိုရီ ဆိုတာ ရှိတယ်၊ ၈၀ ဆိုတာက ဘဝမှာ ကောင်းတာတွေ၊ အလုပ်မှာ ကောင်းတာတွေက ၈၀ ရာခိုင်နှုန်း ရှိတယ်တဲ့၊ ရန်ကုန်မြို့ကြီးမှာ ကား ကြပ်တယ်ဆိုရင် ကြပ်လို့ စိတ်ညစ်သွားမယ်၊ စိတ်ညစ်နေတဲ့ အချိန်မှာ ရန်ကုန်မြို့ရဲ့ ကောင်းကွက်တွေ ရန်ကုန်မြို့ရဲ့ အလှအပတွေ အကုန်လုံး အဲဒီအချိန် မေ့သွားမယ်၊ ဒီအတိုင်းပါပဲ အလုပ်မှာလည်းပဲ လူတစ်ယောက်ရဲ့ မကောင်းကွက်ကိုပဲ ကိုယ်က ကွက်ပြီးတော့ မြင်နေတယ်၊ သူ့ရဲ့ ကောင်းကွက်ကို မမြင်နိုင်တော့ဘူး၊ appreciate မလုပ်နိုင်တော့ဘူး၊ တန်ဖိုး မထားနိုင်တော့ဘူး၊ ပီတိ မဖြစ်နိုင်တော့ဘူးဆိုရင် လူတစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေး ပြေလည်ဖို့ သိပ်ခဲယဉ်းသွားပြီ။

ကလေးတစ်ယောက် သူတွက်ရမယ့် သင်္ချာပုစ္ဆာ ၅ ခု ရှိတယ်ဆိုရင် တစ်ခုတွက်ပြီးတော့ ရသွားပြီ၊ နောက်တစ်ခုတွက်ပြီးလို့ ရသွားပြီ၊ ဟာ သုံးခု ကျန်သေးတယ်၊ တစ်ခု ထပ်တွက် တယ်၊ ရသွားပြန်ပြီ၊ သုံးခု၊ သူ့စိတ်က ဘယ်ရောက်နေလဲဆို တော့ ကျန်တဲ့နှစ်ခု၊ မပြီးသေးတဲ့နှစ်ခု၊ ပြီးသွားတဲ့ သုံးခုဆီ သူ့စိတ်က မရောက်နိုင်ဘူး၊ သူ့စိတ်က ဘယ်ရောက်နေလဲ ဆိုတော့ မပြီးသေးတဲ့ နှစ်ခုဆီ ရောက်နေတယ်၊ အဲဒါနဲ့ ထပ်တွက်တာ နောက်တစ်ခု ထပ်ပြီးသွားတယ်၊ လေးခု ပြီးသွားတယ်၊ ဒီကလေး သူတွက်တာ လေးခု ပြီးသွားပြီ၊ အဲဒီအချိန်မှာ သူ့ရဲ့စိတ်၊ သူ့ရဲ့အတွေး သူ့ရဲ့စိတ်ခံစားမှု ဘယ်နေရာမှာ ရှိတယ်လို့ ထင်သလဲ။

မတွက်ရသေးတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ပေါ်မှာ သူ့စိတ်ရောက်နေတယ်၊ သူ့ရှေ့မှာ နာရီလေး ချပြီးတော့ မိနစ်နဲ့ ရေတွက်ကြည့်၊ ဒီကလေး ဒီမတွက်ရသေး တဲ့ သင်္ချာပေါ်မှာ သူ မိနစ်ပေါင်း စက္ကန့်ပေါင်း ဘယ်လောက် အချိန်ကို သုံးသလဲ၊ နောက် ပြီးသွားတဲ့ သင်္ချာလေးပုဒ် အပေါ်မှာ သူ အချိန် ဘယ်လောက် သုံးသလဲ၊ ဒီကလေးဟာ မပြီးသေးတဲ့ သင်္ချာပေါ်မှာ အချိန်များစွာ ပိုသုံးပါတယ်၊ သူသုံးတာက ရာခိုင်နှုန်း ၈၀ သုံး တယ်၊ အဲဒီကျန်နေသေးတဲ့ ၂၀ ရာခိုင်နှုန်း ပြဿနာကို ဖြေရှင်းဖို့အတွက် သူက သူ့ရဲ့အင်အား ၈၀ ရာခိုင်နှုန်းကို သုံးပါတယ်၊ အောင်မြင်သွားတဲ့ သင်္ချာအဖြေ လေးခုက ၈၀ ရာခိုင်နှုန်း၊ အဲဒီ ၈၀ ရာခိုင်နှုန်းကိုတော့ သူက တစ်ခါတလေပဲ စိတ်က ပြန်ရောက်တယ်၊ ၂၀ ရာခိုင်နှုန်းပဲ အင်အား အသုံးပြုပြီးတော့ ကြည်နူးပါတယ်တဲ့။

စိုးရိမ်မှု သောက၊ ကြောက်စိတ်ဆိုတဲ့ ဒေါသ၊ စိတ်ဖိစီးမှု stress ဆိုတဲ့ negative emotion တွေ မတရား စိုးမိုးနေလို့ စိုးရိမ်စရာ ၂၀ ရာခိုင်နှုန်းကို ၈၀ ရာခိုင်နှုန်း ရှိတယ်လို့ ခံစားရပြီး အဆင်ပြေနေတဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ ၂၀ ရာခိုင်နှုန်း လောက်ပဲ ရှိတယ်လို့ မမျှမတ imbalanced emotion ခံစားမှုမျိုး ခံစားရတတ်တယ်။ စိတ်ခံစားမှု တိမ်းစောင်းလို့ ခံစားမှုပါ တိမ်းစောင်းသွားတာကို ရည်ညွှန်း ပြောဆိုတဲ့ ရှေးက ဂရိပညာရှင်များရဲ့ သီအိုရီပါ။ တော်တော်များများ မှန်တယ်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဘဝမှာ ပြဿနာက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာ၊ ကောင်းတာတွေ ၈၀ ရာခိုင်နှုန်း လောက်ရှိတယ်၊ ဥပမာ-ကျန်းမာရေးတွေ ကောင်းတယ်၊ အပေါင်းအသင်းတွေ အများကြီး ရှိတယ်၊ စားစရာ သောက်စရာ ရှိတယ်၊ လုံခြုံမှု ရှိတယ်၊ နေစရာ မပူရဘူး၊ စားစရာ မပူရဘူး၊ ဒါတွေ ၈၀ ရာခိုင်နှုန်းတောင် မကဘူး၊ ဒါပေမဲ့ စိတ်က ပူပန် စိုးရိမ်စရာ ပြဿနာကို ဖြေရှင်းပြီးသွားပြီလား ဆိုရင်တောင် မပြီးသေးဘူး၊ နောက်ထပ် ပူပန်စရာ ပြဿနာ လိုက်ပြီးတော့ ရှာတယ်၊ ဘာဖြစ်လို့ လိုက်ရှာတာတုန်း ဆိုတော့ စိတ်က အကျင့်ပါသွားတာကိုး၊ အကျင့်လို့ ပြောတာ ဒီနေရာမှာ အဲဒီ ပူပန်တတ်တဲ့အကျင့် habitual anxiety လည်း အကျင့်ပဲ၊ နောက်ပြီးတော့ အကောင်း ၈၀ ရာခိုင်နှုန်းကို ပီတိ မဖြစ်တတ်တဲ့ အကျင့်၊ အဲဒါလည်း အကျင့်ပဲ၊ အဲဒါကြောင့် ပီတိဖြစ်တတ်အောင် ကျင့်ကြမယ်။၈၀/၂၀ သီအိုရီအတိုင်း ၈၀ ရာခိုင်နှုန်း ကောင်းတယ်ဆိုရင် အဲဒီ ၈၀ ရာခိုင်နှုန်း ပီတိဖြစ်နိုင်ပါစေ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.