ငယ်ငယ်က အသည်းစွဲကြိုက်ခဲ့ရတဲ့ တရုတ်မင်းသားကြီးတွေရဲ့ လက်ရှိပုံရိပ်များ

ငယ်ငယ်က အသည်းစွဲကြိုက်ခဲ့ရတဲ့ တရုတ်မင်းသားကြီးတွေရဲ့ လက်ရှိပုံရိပ်များ

၉၀ ပြည့်နှစ်များမှာ ဟောင်ကောင်အက်ရှင်ကားလို့ အလွယ်ခေါ်တဲ့ မန်ဒရင်းဘာသာစကားပြော အက်ရှင်ကားတွေဟာ ကမ္ဘာတဝန်း လူကြိုက်များခဲ့ပြီး အက်ရှင်ကားတွေသာ အများဆုံး လူကြည့်ခဲ့ကြတယ်။ ဒီလို ခေတ်တစ်ခေတ်ကို တည်ဆောက်ခဲ့တဲ့ အဓိကသရုပ်ဆောင်တွေဟာ အခုချိန်မှာတော့ နှစ်ပေါင်း ၂၀ ၊ ၃၀ ကွာခြားသွားပြီဖြစ်လို့ ဇရာရဲ့ လက္ခဏာတွေကို မြင်တွေ့နေရပါပြီ။ ပြောချင်လွန်းလို့မှ တချိန်က အသည်းစွဲ မင်းသားကြီးတွေရဲ့ လက်ရှိပုံရိပ်နဲ့ နာမည်ကျော်ကြားစဉ်ပုံများကို တွဲဖက်ပြီး အလွမ်းပြေဖော်ပြပေးလိုက်ပါတယ်။

၁. Chow Yun-Fat

God of Gamblers, A Better Tomorrow, Hard boiled စတဲ့ အကြမ်းအရမ်းကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ ချောင်ယွန်ဖတ်ဟာ အသက်အရွယ်ရလာစဉ်မှာ နိုင်ငံခြားကားတွေဖြစ်တဲ့ Pirates of Caribbean, Anna and the King တို့မှာ သရုပ်ဆောင်ခဲ့သလို အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောရုပ်ရှင်အဖြစ် ဟောလိဝုဒ်မှာ အော်စကာရခဲ့တဲ့ Crouching Tiger, Hidden Dragon ကလည်း သူ့ရဲ့မိုင်တိုင်တစ်ခုပါပဲ။

၂. Jet Li

ဂျက်လီ လို့ဆိုလိုက်ရင် ၉၀ ဖွားတွေအားလုံး ဗီဒီယိုရုံလေးတွေမှာ ကြည့်ခဲ့ရတဲ့ သိုင်းကားကောင်းတွေကို သတိရမိမှာပါ။ အစောပိုင်းကာလတွေမှာ နာမည်ကျော်သိုင်းဝတ္ထုတွေကို တစ်ကားနဲ့အပြီးပြန်ရိုက်ထားတဲ့ Sword Man တို့လို ကားတွေနဲ့ ပရိသတ်သိလာတဲ့ ဂျက်လီဟာ နောက်ပိုင်းမှာ The One, Fearless, Romeo Must Die အစရှိသဖြင့် ကားတွေကို ဟောလိဝုဒ်နဲ့ပေါင်းပြီး ထုတ်လုပ်ရိုက်ကူးခဲ့တယ်။

၃. Stephen Chow

စတီဖင်ချောင်ဟာ လက်ရှိခေတ်မှာ လူသိအများဆုံး တရုတ်မင်းသားရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးဆိုရင် မှားမယ် မထင်ပါဘူး။ သူ့ရဲ့ အက်ရှင်နဲ့ ဟာသပေါင်းစပ်ထားပြီး သဘာဝယုတ္တိကို ကျော်လွန်နေပေမယ့် အလွန်ကြည့်ကောင်းတဲ့ King of Beggars, The Mad Monk, Shaolin Soccer, Kung Fu Hustle တို့လိုကားတွေအပြင် CJ7, Mermaid တို့လို ပြောစမှတ်ဖြစ်စေမယ့် ဒရာမာကားတွေကိုလည်း ရိုက်ကူးထုတ်လုပ်ခဲ့သူပါ။ အခုချိန်မှာတော့ ဇာတ်ရုပ်ပေါင်းစုံ သရုပ်ဆောင်ဖူးပြီဆိုတဲ့ အကြောင်းပြချက်နဲ့ သရုပ်ဆောင်ခြင်းမှ အနားယူထားပါတယ်။

၎. Andy Lau

အန်ဒီလျူ ကတော့ အခြားမင်းသားတွေလောက် လူကြိုက်များမယ် မထင်ပေမယ့် သူဟာလည်း ၉၀ ပြည့်နှစ်များမှာ ထင်ရှားတဲ့ God of Gamblers လိုကားမျိုးတွေမှာ ပါဝင်ခဲ့ပြီး ကာစီနိုအခြေခံ အက်ရှင်ကား တော်တော်များများမှာ ပါခဲ့တယ်။ သူ့ရဲ့ထင်ရှားချက်ကတော့ ချောမောသပ်ရပ်လွန်းတဲ့ ရုပ်ရည်ပါပဲ။ ဒါပေမယ့် သရုပ်ဆောင်ရာမှာလည်း စွယ်စုံရပုဂ္ဂိုလ်တစ်ယောက်အဖြစ် လေးစားကြပါတယ်။ အစောပိုင်းကာလ ရုပ်ရှင်တွေမှာ ဗီလိန် သို့မဟုတ် ဒုတိယမင်းသားနေရာက ပါဝင်လေ့ရှိတာကိုတော့ သတိထားမိကြမယ် ထင်ပါတယ်။

၅. Jackie Chan

ဂျက်ကီဟာ ဟာသနဲ့ကွန်ဖူးရောစပ်တဲ့ နိုင်ငံတကာဈေးကွက်အကြိုက် ခပ်သွက်သွက်အက်ရှင်ကားတွေကို တီထွင်ခဲ့သူလို့တောင် ဆိုနိုင်ပါတယ်။ သူ့ရဲ့ ဇာတ်ကားတွေမှာ ရိုးရာကွန်ဖူးသိုင်းပညာစွမ်းရည်ပြကွက်တွေ ပါဝင်လေ့ရှိသလို ပတ်ဝန်းကျင်ကို အသုံးချပြီး တိုက်ခိုက်တဲ့ ရှေးဟောင်းတိုက်ခိုက်မှုပုံစံကို ဟာသနဲ့ရောကာ ပြသလေ့ရှိပါတယ်။ အခုချိန်ထိ လူငယ်တစ်ယောက်လို အလုပ်လုပ်နေဆဲ ဂျက်ကီဟာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး ပုံရိပ်တစ်ခုပါ။

၆. Tony Leung Chiu-wai

တိုနီလျောင်ကိုတော့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ “နဂါးနိုင်ဓါး” စီးရီးထဲမှ ကျန်းဝူကျိ အဖြစ် လူသိများကြမယ် ထင်ပါတယ်။ အဆိုပါ စီးရီးကို ၁၉၈၆ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာကြီး ကျင်းယုံရဲ့ ဂန္တဝင်လက်ရာတစ်ခုပါ။ ဒီကားမှာ ကျန်းဝူကျိ နေရာက ပီပြင်စွာ သရုပ်ဆောင်ခဲ့တာကတော့ တိုနီလျောင်ပါပဲ။ နဂါးနိုင်ဓါးဟာ သူ ပထမဆုံးရိုက်ကူးဖူးတဲ့ ကျင်းယုံဝတ္ထု အခြေခံရုပ်ရှင် မဟုတ်ပေမယ့် ဒီကားနဲ့ ကျော်ကြားလာခဲ့ပါတယ်။ China Ghost Story III ထဲမှာ သရဲမနဲ့ ချစ်ကြိုက်မိတဲ့ ကိုရင်လေးအဖြစ်လည်း သရုပ်ဆောင်ခဲ့တာကို သိကြမှာပါ။

၇. Kenny Ho Kar-King

ကင်နီဟော်ကျားကျင့် ကို ပြောချင်လွန်းလို့ တို့ကတော့ ကျန်ကျောင်း လို့ပဲ သိကြမှာပါ။ သူဟာ အရင် မြဝတီက ထုတ်လွှင့်ပြသခဲ့တဲ့ ပေါင်ချိန် (Justice Bao) စီးရီးမှာ ပေါင်ချိန်လူကြီးမင်းကို စောင့်ရှောက်ရတဲ့ နန်းတွင်းကိုယ်ရံတော် ကျန်ကျောင်းအဖြစ် ပါဝင်ခဲ့လို့ဖြစ်ပါတယ်။ ဒါ့အပြင် ပေါင်ချိန်စီးရီးအပြီးမှာ ရိုက်ကူးခဲ့တဲ့ အာမခံဌာနမှ ဘော်ဒီဂတ်အဖြစ် ပါဝင်ခဲ့တဲ့ Bodyguards ရုပ်သံစီးရီးကလည်း ထင်ရှားပါတယ်။

၈. Sammo Hung

၉၀ ပြည့်နှစ် အက်ရှင်ကားရေစီးကြောင်းမှာ အထင်ရှားဆုံး မျက်နှာတစ်ခုဖြစ်ခဲ့ပြီး ဖက်တီးမင်းသားလို့ ဗီဒီယိုခေတ်မှာ လူသိခဲ့တဲ့ ဆမ်မိုဟောင် ဟာ အသက်ကိုးနှစ်သားထဲက သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တာပါ။ ၁၉၇၈ ခုနှစ်ဟာ ဆမ်မိုရဲ့ နှစ်လို့ ဆိုရမှာဖြစ်ပြီး အဆိုပါနှစ်မှာ သူ့ကို လူသိများစေမယ့် ကားပေါင်းများစွာ ထွက်ရှိခဲ့ကာ အားလုံးထဲမှာ ဘရုစ်လီရဲ့ “Enter the Dragon” ကို အရွှန်းဖောက်ထားတဲ့ “Enter the Fat Dragon” က လူကြိုက်အများဆုံး ဖြစ်ပါလိမ့်မယ်။ နောက်ပိုင်းမှာ ဇာတ်ရုပ်ပေါင်းစုံကို ရိုက်ကူးခဲ့တဲ့ ဆမ်မိုဟာ ဂျက်ကီချန်းနဲ့ ဘောလုံးမင်းသား (Yuen Biao) တို့နဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ Wheels on Meals မှာလည်း နိုင်ငံတကာပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပါသေးတယ်။

၉. Norman Chu / Norman Tsui

မြန်မာနိုင်ငံမှာ အစောဆုံး ထုတ်လွှင့်ပြသခဲ့တဲ့ တရုတ်သိုင်းကားစီးရီးတစ်ကားဖြစ်တဲ့ ပိုးမင်းသားရဲ့ သိုင်းဝိဥာဉ် ထဲမှာ အဓိကမင်းသားအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပိုးမင်းသားစီးရီးကို Bastard Swordsman သို့မဟုတ် Reincarnated Swordsman လို့ခေါ်ပြီး ၁၉၈၃ ခုနှစ်မှာ ရှောဘရားသားကုမ္ပဏီမှ စတင်ထုတ်လုပ်ခဲ့တာပါ။ Norman Chu နဲ့အလွန်လိုက်ဖက်တဲ့ ဇာတ်ကားဖြစ်ခဲ့ပြီး နောက်ဆက်တွဲ Reincarnated Swordsman II စီးရီးကိုလည်း ထပ်မံရိုက်ကူးခဲ့တယ်။ ဗီဒီယိုခေတ်မှာတော့ သူ့ကို လူသိများတဲ့ဇာတ်ကားတွေက Duel to the Death နဲ့ Duel of the Masters တို့ဖြစ်ပါတယ်။

Comments are closed.