NLD အစိုးရ ၃ နှစ်တာကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဘယ်လောက်ခရီးပေါက် မလဲ…

NLD အစိုးရ ၃ နှစ်တာကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဘယ်လောက်ခရီးပေါက် မလဲ…

NLD က ၂၀၁၅ နှစ် ရွေးကောက်ပွဲ ကတိကဝတ် တစ်ခုဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၃ နှစ်ပြည့်ကာလအချိန်တွင် ကြိုးပမ်းလာရာ ယင်းကြိုးပမ်းမှု မည်မျှ ခရီးပေါက်မည်ကို ဥပဒေပညာရှင်များနှင့် လွှတ်တော်အမတ်များကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး

ဖွဲ့စည်းပုံ ပြင်ဖို့ ဘာမှ မလုပ်နိုင်ဘူး။ လှုပ်ကို မလှုပ်နိုင်ဘူး။ ပြောနိုင်တာ တစ်ခုက ဖွဲ့စည်း ပုံပြင်ဖို့က လွှတ်တော်ထဲမှာ ဘယ်နည်းမှ မဖြစ်နိုင်ဘူး။ ဥပဒေက ပြင်ဖို့ ရစရာကို မရှိဘူး။ နိုင်ငံရေးပါတီ တွေအစား ရွေးကောက်တင်မြှောက်က်တဲ့ ကိုယ်စားလှယ် အကုန်လုံး ၄ ပုံ ၃ ပုံ သဘောတူညီရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ သဘောတူတောင်မှ တပ်မတော်သား ကိုယ်စားလှယ်တွေက အရှုးတစ်ယောက် ( သို့မဟုတ် ) သူရဲကောင်း ပါမှာ ဖြစ်မှာ ။ အဲဒီတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လွှတ်တော်ထဲမှာ ပြင်မှာ ၊ နည်းလမ်းတကျပြင်မှာ ဆိုတာက မပြင်ပါ ပြောတာနဲ့ အတူတူပဲ ။ အဲဒီတော့ NLD က ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာ လုံးဝ မပြင်နိုင်ပါဘူး။ အခု သူတို့လုပ်နေတာက လုပ်စရာ ရှိတာ သူတို့အလုပ်သူတို့လုပ်တာပဲ ဖြစ်တယ်။ အဲဒါ က လမ်းကြောင်းကနေ တဆင့် စစ်တပ်နဲ့ ညှိနှိုင်းတာ လွဲရင် ကျန်တာ တခြားမရှိ ၊ အဲဒီတော့ ပင်လုံ လမ်းကြောင်းပဲ သွားလို့ရမယ်။

တရားလွှတ်တော်ရှေနေ ဦးအောင်စိုးဦး

နိုင်ငံတစ်နိုင်ငံရဲ့ အ ရေးကိစ္စမှာ အရေးကြီးဆုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ။ ဒါကြောင့် မို့ NLD က သူတို့ မဲဆွယ်စဉ်ကာလမှာ သူတို့ရဲ့ နံပါတ် ၁ ရည်မှန်းချက် ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုပြီး ထည့်သွင်းထားတယ်။ သို့သော် ၃ နှစ်တာ ကာလအတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘူး။ မရှိတာက အသေးစိတ် မသိနိုင်တာပေါ့ ။ သို့သော်အတွင်းမှတော့ သူတို့ လေ့လာမယ်။ ကြံဆမယ် ၊ ဆွေးနွေးမယ် ဒါတော့ ရှိနိုင်တာပေါ့ ။ အခု ၃ နှစ်ပြည့်ခါနီးကျမှာ ဒီကိစ္စကို ဘွား ခနဲ ပေါ်လာတာပေါ့။

NLD က ၊ အဲလိုပေါ်လာတဲ့အတွက် အားလုံးက ဝိုင်းဝန်းပြီးတော့ ထောက်ခံကြတယ်။ NLD ဘက်က ဒီဟာကို တင်သွင်းတဲ့အခါ လွှတ်တော်ထဲမှာ ဝိဟာရ ကွဲပြားတယ်။ NLD ရဲ့ လုပ်ဆောင်ချက် တရားဝင်တယ် ၊ မဝင်ဘူးဆိုပြီး အငြင်းပွားနေကြတယ်။ နောက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ကိစ္စက အလွန်အရေးကြီးသလို အလွန်လည်း ခက်ခဲတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်။ အခုဆိုရင် ဒီပြဿနာက နိုင်ငံရဲ့ အဓိက ပြဿနာတစ်ရပ် ဖြစ်နေတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေရဲ့ ပြင်ဆင်ရေးဆိုတဲ့ အခန်းကဏ္ဍက ပြင်ဆင်ဖို့ မလွယ်အောင် လုပ်ထားတဲ့ ၊ခက်ခဲအောင်လုပ်ထားတဲ့ ဥပဒေတစ်ရပ်ဖြစ်နေတယ်။ ဖြစ်နေတဲ့ အတွက် ပြင်ဆင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ NLD က ဆောင်ရွက်နေတယ်။ ဆောင်ရွက်တော့ အောင်မြင် မလား ၊ မအောင်မြင်ဘူးလားဆိုတော့ ကျနော်တို့က မှန်းဆနေတဲ့ အချက်ပဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ NLD ကတော့ အောင်မြင်အောင်လုပ်မှာပဲ။ ပြည်သူက အောင်မြင်ဖို့ ထောက်ခံနေတယ်။

သို့သော် ဒီဟာကို လက်မခံတဲ့ အုပ်စုကတော့ ပြင်ဆင်ခြင်း မဖြစ်အောင် ၊ ပြင်ဆင်တယ် ဆိုတာလည်း နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံထဲမှာပါတဲ့ ပြင်ဆင်မှုဆိုင်ရာ အချက်အလက်တွေ အရ ပြင်ဆင်ခြင်း ၊ နောက်တစ်ခုက သူတို့လိုလားတဲ့ ပုံစံအတိုင်း ပြင်ဆင်ခြင်း ဆိုပြီး အပိုင်း နှစ်ပိုင်း ရှိတယ်။ သို့သော် အားလုံးက ပြင်ဆင်ဖို့ သဘောတူပါ တယ် ဆိုတာက အဲလိုပြောတဲ့ ဥစ္စာတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရဲ့ ပြင်ဆင် ရမယ့် အပိုဒ်တွေအရပဲ ပြောတာ။ သို့သော် ပြည်သူတွေ တကယ်လိုချင်တဲ့ အချက် အလက်တွေကို ပြင်ဆင်ဖို့က တော်တော်လေး ခက်ခဲတယ်။ ဒါကြောင့် ကျနော်တို့က ပြည်သူအားကို ယူပြီးတော့ ၊ ပြည်သူတွေရဲ့သဘောဆန္ဒတွေကို ထုတ်ဖော်နေကြတာ ဖြစ်တယ်။

အဲဒီတော့ ဒီကာလမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်နိုင်လား ၊ မပြင်နိုင်ဘူးဆိုတာ ကျနော် သုံးသပ်ချက်အရ ၂၀၀၈ ဖွဲ့စည်းပုံက ပြင်ဆင်ကို ပြင်ဆင်နိုင်မှာ ။ သို့သော် အချိန်ကာလကို ပြောလို မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဒီမိုကရေစီ နိုင်ငံကို သွားရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ နိုင်ငံတကာ ဒီမိုကရေစီ စံချိန် စံညွန်းနဲ့ ကိုက်ညီတဲ့ ဥပဒေမျိုးပဲ ဖြစ်ရမယ်။ အခုမဖြစ်ရင် နောက်တော့ တဖြည်းဖြည်း ဖြစ်လာမှာပေါ့။ သို့သော် အခုဖြစ်အောင် ဝိုင်းဝန်းပြီးတော့ လုပ်ရမယ်။ သို့သော် အခက်အခဲပေါင်းများစွာနဲ့ စိန်ခေါ်မှုပေါင်း မြောက်မြား စွာ ရင်ဆိုင်ဖြေရှင်းရမယ် ။အဲ့တော့ ပြည်သူ့လူထုအားလုံးက တစ်သွေးတည်း တစ်သားတည်း ၊ တစ်သံတည်း ရှိရင်တော့ ပြင်ဆင်မှုက NLD သက်တမ်းအတွင်းမှာ ပြင်ဆင်နိုင်လိမ့်မယ်လို မျှော်လင့်ပါတယ်။ တစ်ကယ်လို မဟုတ်သေးရင် ကျနော်တို့ကတော့ ရှေ့ဆက်ဖြစ်လာမယ့် အနာဂတ်ကိုပဲ စောင့်မျှော်ကြည့်ဖို့ပဲ လိုပါတော့တယ်။

ဦးအောင်ကြည်ညွန့်..အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးက ဖြစ်နိုင်လား ၊ မဖြစ်နိုင်ရေးကတော့ အနာဂတ်ကိစ္စ ဆိုတော့ ကြိုပြောဖို့က ခက်ခဲပါတယ်။ အခုလက်ရှိအခြေအနေမှတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး က NLD အဖွဲ့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကတည်းက ပါခဲ့တာလေ။ ပါခဲ့တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက ပြင်ဆင်သင့် ပြင်ဆင်ထိုက်တဲ့ အချိန်မှာ ပြင်ဆင်လိုက်တဲ့ ပုဒ်မတွေကို ပြင်ဆင် ဖို့ရန် အမြဲမပြတ် သတိထားပြီး စောင့်ကြည်နေကြရတယ်။ အခုဒီအခါမှ ဘာကြောင့် လုပ်လဲ ဆိုတော့ ဒီအခါကျမှာ ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံအစည်းအဝေးကနေ နိုင်ငံတော်ရဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းတစ်ခုတော့ ရခဲ့ပြီးလေ။

အဲလို ရခဲ့တဲ့ အနေအထားတစ်ခု ဖြစ်နေတော့ ပြည်ထောင်စု သဘောတူညီမှု အစိတ် အပိုင်း မှာ အတည်ပြုထားတဲ့ အခြေအနေမျိုးမှ ဒီကာလကတော့ အမျိုးသားယုံကြည်မှု ရရှိနိုင်စေရေးအတွက်ကော ၊ နောက်ဆက်လက်ကျင်းပနေရဦးမယ့် ငြိမ်းချမ်းရေး ညီလာခံ ဘက်မှလည်း တိုင်းရင်းသား တွေအားလုံးကလည်း ယုံကြည်မှု ရရှိလာစေရေးအတွက် ပြင်ဆင်တဲ့ ပြင်ဆင်ထိုက်တဲ့ဟာတွေကို ပြင်ဆင်တာ ပြင်လိုက်ရင် ကောင်းမယ်လို့ ကျနော်တို့က သဘောရတယ်လေ။ ဒါကြောင့်မို့ ပြင်ဆင်တာ။

ပြင်ဆင်တဲ့ အခါမှာလည်း ကျနော်တို့ သွားတဲ့ မူအရ ဖွဲ့စည်းပုံ အခြေခံဥပဒေက အခန်း ၁၂ အတိုင်းပဲ ပြင်ရမယ်လေ။ အခန်း ၁၂ အတိုင်း ပြင်ရမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့ မူကြမ်းတစ်ခုကို ပြည်ထောင်စုလွှတ်တော်မှ တင်သွင်းပြီးတော့ ၂၀ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေ လက်မှတ်ထိုးပြီး ပြင်ရမယ် လုပ်ထုံးလုပ်နည်း ရှိတယ်လေ။ အခု ကျနော်တို့ လုပ်တာက ပါတီတစ်ခုတည်းနဲ့ လုပ်ရင် ရတာပေါ့ ။၂၀ ရာခိုင်နှုန်း နဲ့ ၊ ဒါပေမဲ့ အဲ့ဒီအခါမှ ကျန်တဲ့ လွှတ်တော်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးပါတီအနေနဲ့ ကျနော်တို့တင်တဲ့ မူကြမ်း အပေါ်မှာပဲ ဝင်ပြီးတော့ ဆွေးနွေးရမှာလေ။

အဲဒီမှာ ကျနော်တို့က ဘာဖြစ်စေချင်လဲဆိုတော့ လွှတ်တော်ထဲမှာ တကယ်တမ်း တင်သွင်းရမယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်း ပြုစုရေးမှ အစကတည်းကို လွှတ်တော်ထဲမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေကော ၊ တစ်သီးပုဂ္ဂလိက ကိုယ်စားပြုတဲ့သူတွေကော ၊ နောက် တပ်မတော်ကိုယ်စားလှယ်တွေကော ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်အပိုင်းတွေ ဘယ်လိုပြင်ဆင်မလဲ ဆိုတဲ့ ဥပဒေကြမ်းတစ်ခု ပေါ်ပေါက်ရေးအတွက်ကိုပဲ ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်ပင်ပြီးတော့ပူးပေါင်းကော်မတီတစ်ရပ်အနေနဲ့ ဆောင်ရွက်တာဖြစ်ရင် ပြည်ထောင်စုလွှတ်တော်ကြီးက ကမကထ ဆောင်ရွက်တယ်ဆိုတဲ့ အနေအထားမျိုးကို ပိုပြီးတော့ ဖြစ်စေချင်တယ်။

ပါတီတစ်ခုတည်းအနေအထား နဲ့ တင်လိုက်တဲ့ ပုံစံမျိုးဆိုရင် သင့်လျော်မှု သိပ်မရှိဘူး။ လွှတ်တော်ထဲမှာ ဆွေးနွေးငြင်းခုံနေကြမယ့် အစား ပြင်ဆင်တဲ့ဥပဒေကြမ်းကို ပေါ်ပေါက်ရေး အတွက် စပြင်ဆင်ကတည်းကိုက လွှတ်တော်အတွင်းမှရှိတဲ့ ပါတီအစုအဖွဲ့ တွေ ၊ ပါတီအသီးသီးက ကိုယ်စားလှယ်တွေက ကိုယ်စားပြုပြီးတော့ ပါဝင်နိုင်ရအောင် ယူဆပြီး ကျနော်တို့က စတင်ဆောင်ရွက်ခဲ့တာပါ။ ဒီလိုဆောင်ရွက်ပြီးရင် ဥပဒေကြမ်းတစ်ရပ် ပေါ်အောင် သူတို့ လုပ်ရမယ်။ အဲ့သည့် ဥပဒေကြမ်းအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တိုက်ရိုက် ဆက်ပြီး သွားမယ်။ အဲ့တော့ အောင်မြင်မလား ၊ မအောင်မြင်ဘူးလားဆိုတာ ကတော့ ဘယ်လောက်အထိ အောင်မြင်မလဲ ၊ ဆိုတာကတော့ အခုအချိန်တော့ ပြောဖို့က စောလွန်းသေးတယ်။ အဲ့တော့ ညှိနှိုင်းတိုင်ပင်မှုတွေ ဖြစ်သင့်တဲ့အနေအထားတွေမှ ဘယ်လောက် ရနိုင်သလဲ အပေါ်မှာပဲ မူတည်မှာပေါ့။

အဲဒါက နှစ်မျိုး ရှိတယ်။ ပင်လုံအစည်းအဝေးက ပင်လုံညီလာခံ ကနေ သေချာသလောက် ရှိနေတာက ဒီမိုကရေစီနဲ့ ဖယ်ဒရယ် ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ကြမယ်ဆိုတဲ့ သဘောတူညီချက်က ပြည်ထောင်စု သဘောတူညီချက် တွေ ရပြီလေ ။ နောက် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယ ကာကွယ်ရေးဦးစီးမှူး ပြောတဲ့အခါမှာလည်း အဲဒါတွေက ပါဝင်လာပြီလေ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ အဲ့ဒီကနေ အမျိုးသားညီလာခံကြီး ပြီးတယ်ဆိုရင် ၊ မပြီးတဲ့ အခါဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကလည်း NCA စာချုပ်မှာလည်း ပါပြီးသားလေ။

ဒါကြောင့်မို့ ဒီအခြေအနေတွေမှ ကျနော်တို့က ပြင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်က အခု ဒီငြိမ်းချမ်းရေး ညီလာခံ အတွက် သွားနေတဲ့ ကြားထဲမှာ အခုလက်ရှိ အဆင့်မှာ ပြင်သင့် ပြင်ထိုက်သလောက် ဥပဒေတွေကိုလည်း ပြင်ပေးခဲ့ပါသလား ဆိုတဲ့ အသိဟာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ကော ဒါဟာ စတင်ပြီးတော့ အကောင် အထည်ဖော်တယ်။ ပြင်သင့်ပြင်ထိုက် တာတွေကို ပြင်ပေးတယ်ဆိုရင် စေတနာမှန်မှန် နဲ့ နိုင်ငံတော်က သွားနေတယ် ဆိုတာ ပိုပြီးတော့ သိပြီး အပြန်အလှန် နားလည်မှု ရသွားခြင်းအားဖြင့် ညှိနှိုင်းဖို့လည်း အထောက်အကူပြုတယ် ရည်ရွယ်ပြီး ပြင်သင့်ပြင်ထိုက်တာ ပြင်ကြစို့ ဟု လုပ်ကြတာပါ

ဦးမြအေး ( ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကတော့ NLD အစိုးရက သူပေးထားတဲ့ ကတိအတိုင်း ၃ နှစ်တာ ကာလအတွင်း ပြည့်လာတဲ့ အခါမှာ ကြိုးပမ်းဆောင်ရွက်လာတာကို တွေ့လာရတယ်။ အဓိကတော့ ကျနော်မြင်တာတော့ ဒီဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းကော်မတီ ဇွန်လ အပြီး ဒီပူးပေါင်းကော်မတီက ပုဒ်မတွေ ဘယ်လို့ရှိလဲ ဆိုတာ သုံးသပ်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့ လွှတ်တော်ကို တင်ပြတယ်။ အဲဒီအခြေအနေအပေါ် မူတည်ပြီး ကျနော်တို့က ပြင်ဆင်သင့် ၊ ပြင်ဆင်ထိုက်တာ ပြင်ဆင်ရမယ်လို ယုံကြည်ပါတယ်။ ဘာဘဲပြောပြော NLD အစိုးရရဲ့ ကြိုးစားအားထုတ်မှုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဖယ်ဒရယ် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ဆောင်ရွက်တာဖြစ်တဲ့အတွက် မူအားဖြင့် ကျနော်ကတော့ ထောက်ခံတယ်။

နောက်တစ်ချက် ရလဒ်ဆိုတဲ့ ကိစ္စ ၊ ဖြစ်နိုင်ပါမလား ဆိုတာက အားလုံးလည်း သိတဲ့အတိုင်းပဲ ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဒ်မ ၄၃၆ အရ ဒီတပ်မတော်ရဲ့ ပါဝင်မှုအခန်းကဏ္ဍက ရှိတဲ့အခါကျတော့ တပ်မတော်က သဘောတူမှာသာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဦးတည်ချက် လည်း ရမယ်အနေအထား ရှိတဲ့အတွက်ကြောင့်မို့ ဒါကတော့ NLD အစိုးရ နဲ့ တပ်မတော် အကြား ဘယ်လို့ညှိနှိုင်းမလဲဆိုတာ အပေါ် မူတည်တယ်လို့ မြင်ပါတယ်။ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုတယ်။ သို့သော်လည်း ရလဒ်အနေနဲ့တော့ ခက်ခဲလိမ့်မယ် ၊ ရလဒ်လည်း နည်းလိမ့်လို့ မြင်ပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၃ နှစ်တာ အစောပိုင်းကာလတွေမှ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စကို ဆောင်ရွက်ခဲ့တယ်လို မြင်တယ်။ ဒါပေမဲ့ အခုချိန်မှတော့ ငြိမ်းချမ်းရေးညီလာခံက ရှေ့တိုးဖို့ ခက် ၊ နောက်ဆုတ်ဖို့ ခက် အခြေအနေမျိုး ဖြစ်နေတယ်လို မြင်ပါတယ်။ ကောင်းတာကတော့ ဖွဲ့စည်းပုံ အသစ်ရေးဆွဲရေးအတွက်ကို တပ်မတော်ကော အစိုးရကော ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကော ကျန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးပေါင်း ရေးဆွဲနိုင်ရန် အကောင်းဆုံးပဲပေါ့ ။ ဒါပေမဲ့ ကျနော်တို့ မျော်လင့်ထားသလို ဖြစ်လာမယ်လို့ မထင်ပါဘူး။

Comments are closed.