ဖြစ်နိုင်ရင် ဒဏ်ရာတွေ မနက်ဖြန်မှာပဲပျောက်သွားချင်တယ်ဆိုတဲ့ ကျော်မင်းဦး

ဖြစ်နိုင်ရင် ဒဏ်ရာတွေ မနက်ဖြန်မှာပဲပျောက်သွားချင်တယ်ဆိုတဲ့ ကျော်မင်းဦး

ဒဏ်ရာတွေ ရရှိခဲ့ပြီး ဘောလုံးလောကမှ အနားယူသွားပြီလို့ ပရိသတ်တွေ သိထားတဲ့ မြန်မာ့လက်ရွေးစင် လူငယ်ကစားသမား ကျော်မင်းဦးကတော့ လက်ရှိချိန်မှာ သူ့အနေနဲ့ ဘောလုံးနဲ့ မြက်ခင်းပြင်ပေါ်ပြန်ပြီးတော့ ခြေချဖို့အတွက် လမ်းစလေးပေါ်လာပါပြီ။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ရဲ့ ကူညီပေးမှုကနေတဆင့် ဆေးကုသမှု ခံယူပြီးပါက ကျော်မင်းဦးတယောက်ကို မြက်ခင်းပြင်ထဲမှာ ပြန်မြင်ရဖို့ များနေပါပြီ။ ကျော်မင်းဦးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အင်တာဗျူးမှာ အသေးစိတ်ဖြေကြားထားတာ ဖြစ်ပါတယ်။

ဘောလုံးကစားသမားဟောင်း ကျော်မင်းဦးကတော့ Duwun နဲ့ အင်တာဗျူးမှာတော့ “ဥက္ကဌက ကျနော့်အပေါ်ကျေးဇူးတွေက ပြောလို့တောင် မကုန်တော့ဘူး။ ပြီးတော့ နိုင်ငံအတွက်လည်း ပြန်ပြီးတော့ ပေးဆပ်ချင်တယ်။ ငယ်ငယ်ကတည်းက ဘောလုံးကန်ခဲ့တဲ့အတွက် ဘောလုံးဆိုတာကြီးကတော့ ပျောက်သွားမှာ မဟုတ်ဘူးလေ။ အဖေ ကလည်း ကန်ခိုင်းစေချင်တယ်။ အဖေ့ဆန္ဒကို ဖြည့်ဆည်းပေးချင်တာနဲ့ ဘောလုံးပြန်ကန်ဖြစ်တာပါ”

ဦးဇော်ဇော်က ဘယ်လိုစည်းရုံးခဲ့လဲဆိုတဲ့ အပေါ်မှာတော့ “ဥက္ကဌကတော့ ကျနော်အများကြီး လုပ်နိုင်သေးတယ်ပေါ့။ နောက်ထပ် ၁၀ နှစ် ၁၅ နှစ်လောက် ဘောလုံးကန်နိုင်သေးတယ်ပေါ့။ ပြီးတော့ ဂျပန်ကိုပို့ထားတဲ့ ကျနော့်ဆေးစစ်ချက်တွေကလည်း ဖြစ်နိုင်ဖို့ အများကြီး ရှိတယ်ပေါ့။ အဲ့ကြောင့် သူကပြန်ပြီးတော့ဆက်သွယ်လာတာပါ”

အခု ဘာတွေစတင်ဆောင်ရွက်နေပြီလဲဆိုတဲ့ အပေါ်မှာတော့ “ကျနော့်အခုကတော့ လိုအပ်တဲ့ ဆေးစစ်ချက်တွေလုပ်ထားပါတယ်။ ဘယ်နိုင်ငံမှာ ကုမလဲဆိုတာကတော့ ကျနော်လည်း မသိသေးပါဘူး”

ဆေးကုနေတဲ့ကာလမှာ တလကို ၁၀ သိန်းပေးတဲ့အပေါ် ခံစားချက်နဲ့ ပတ်သက်ပြီး “ကျနော်က အသင်းလည်း မရှိဘူးလေ။ အသင်းလက်မဲ့ဖြစ်နေတဲ့ အချိန်မှာ ကူညီပေးတာပါ။ ဒီလိုကူညီခံရဖို့ဆိုတာကလည်း အတော်ရှားပါတယ်။ ကျနော်ကတော့ အတိုင်းမသိ ဝမ်းသာပါတယ်”

အောင်သူကတော့ တိုက်တွန်းခဲ့လားဆိုတဲ့ မေးခွန်းကိုတော့ “အောင်သူကလည်း သူ့မင်္ဂလာဆောင်မှာ တွေ့တယ်လေ။ အောင်သူကလည်း ကန်စေချင်တယ်။ သူ့အဖေအမေတွေက အစ ကျနော့်ကို ပြန်ကန်စေချင်တယ်။ သူတို့ကလည်း အများကြီး ကူညီပေးမယ်ပေါ့”

ဘောလုံးပြန်ကစားရင် ဘယ်အသင်းမှာ ပြန်ပြီးတော့ ကစားချင်လဲဆိုတဲ့ အပေါ်မှာ ကျော်မင်းဦးကတော့ “ကျနော့်ကို စကတည်းက ခေါ်ကတည်းက ဒဏ်ရာ ဖြစ်သွားတာလေ။ ရန်ကုန်အတွက်လည်း ကျနော် တာဝန်မကျေခဲ့ဘူး။ သူတို့ပြန်ပြီးတော့ ခေါ်ကစားမယ် ဆိုရင်တော့ ပြန်ပြီးတော့ ကစားချင်ပါတယ်”

“အရင်လိုခြေစွမ်းမျိုးကတော့ ၁၀၀ ရာခိုင်နှုန်း ရတယ်ဆိုတောင် မရနိုင်တော့ဘူး။ ၈၀ လောက်ပဲ ရနိုင်တော့မယ်လို့ ကျနော်ထင်ပါတယ်။ ဒဏ်ရာကတော့ ဘယ်အချိန်မှာ ပြန်ကောင်းလာမလဲဆိုတာ မသိနိုင်ဘူးလေ။ ကျနော်ကတော့ ဖြစ်နိုင်ရင် မနက်ဖြန်မှာပဲ ပျောက်ချင်တယ်။ ကစားချင်တယ်။ သူငယ်ချင်းတွေနဲ့လည်း ပြန်ပြီးတော့ တွဲကစားချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Comments are closed.