ဘ၀မှာ ရိုက်ထားတဲ့ရုပ်ရှင်မပြရမှာကို အကြောက်ဆုံးပဲလို့ ရင်ဖွင့်လာတဲ့ ခရစ္စတီးနားခီ

ဘ၀မှာ ရိုက်ထားတဲ့ရုပ်ရှင်မပြရမှာကို အကြောက်ဆုံးပဲလို့ ရင်ဖွင့်လာတဲ့ ခရစ္စတီးနားခီ

ဒါရိုက်တာခရစ္စတီးနားခီဟာ ဥပါယ်တံမျဉ်၊ မုဒြာခေါ်သံ အစရှိတဲ့ ဇာတ်ကားတွေနဲ့ မြန်မာ့ရုပ်ရှင်လောကကို တစ်ခေတ်ဆန်းခဲ့သူပါ။ သူရိုက်ကူးထားတဲ့ ဇာတ်ကားနှစ်ကားကို မြန်မာ့ရုပ်ရှင်ပရိသတ်တွေအနေနဲ့ အလွန်အမင်း ကြိုက်နှစ်သက်ခဲ့ကြတာကို တွေ့ရမှာပါ။ အခုမုဒြာခေါ်သံဇာတ်ကားဟာ နောက်တစ်ကြိမ်ပြန်လည်ရုံတင်ပြသနေတဲ့အထိ ပရိသတ်တွေရဲ့အားပေးမှုကြမ်းခဲ့တယ်လို့ဆိုရမှာပါ။ အဲဒီအတွက် ဒါရိုက်တာခရစ္စတီးနားခီရဲ့အရည်အချင်းက မေးခွန်းထုတ်စရာမလိုပါဘူး။ သူမအနေနဲ့ ပြီးခဲ့တဲ့ Star Award ဆုပေးပွဲမှာလည်း ဥပါယ်တံမျဉ်ဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့သူဖြစ်ပါတယ်။

အဲဒါကြောင့် ဒီနေ့လို အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက် ခရစ္စတီးနားခီလျှောက်ခဲ့တဲ့လမ်းကတော့ လုံးဝလွယ်ကူခဲ့တာ မဟုတ်ပါဘူး။ သူမအနေနဲ့ အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခိုင်ကျော်ဖြတ်ခဲ့ရတယ်။ မနာလိုတဲ့အကြည့်ပေါင်းများစွာကို ခါးစည်းခံခဲ့ရတယ်။

သူမရိုက်ကူးခဲ့တဲ့ မုဒြာခေါ်သံဇာတ်ကားဟာဆိုရင်လည်း ရိုက်ကူးထားတာ အချိန် ၄ နှစ်ကျော်လောက်အထိ ကြာမြင့်နေပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်ကမှ မြန်မာနိုင်ငံမှာရုံတင်ပြသနိုင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီလို မြန်မာ့ရုပ်ရှင်လောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ ဇာတ်ကားကောင်းတွေဟာ မြန်မာ့ရုပ်ရှင်ဆုပေးပွဲမှာ ဆုတစ်ခုမှမရရှိခဲ့တာအတွက်လည်း ပရိသတ်တွေက အံ့အားသင့်ခဲ့ကြရပါတယ်။

ခရစ္စတီးနားခီရဲ့လှုမှုကွန်ရက်ပေါ်က စာသားကြောင့်လက်ရှိမှာတော့ သူမတို့ဇနီးမောင်နှံနှစ်ယောက်အပေါ် တိုက်ခိုက်မှုတွေက ထင်တာထက်ပိုပြီးများနေပြီလားဆိုတာ ပရိသတ်တွေအားလုံးက စိုးရိမ်နေကြပါတယ်။ ဒါရိုက်တာခရစ္စတီးနားခီက သူ့ရဲ့ကိုယ်ပိုင် ဖေ့ဘုတ်စာမျက်နှာထက်ကနေ “ဘဝမှာ အကြောက်ဆုံးက ရုပ်ရှင် ရိုက်ခွင့်မရမှာနဲ့ ရိုက်ထားတဲ့ ရုပ်ရှင်မပြရမှာကို…

ဒီအကြောက်တရားဟာ ကိုယ့်ကိုယ်ကို ရှက်ရွံ့ လာရတဲ့အထိဖြစ်လာရပြီ…”လို့ ဖွင့်ဟရေးသားသွားခဲ့တာပါ။ ဒါရိုက်တာခရစ္စတီးနားခီဟာ အနုပညာကို ချစ်မြတ်နိုးပြီး အရည်သွေးရှိလှတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို သေသေသပ်သပ်နဲ့ ဖန်တီးနေသူတစ်ယောက်ပါ။ အဲဒါကြောင့် ပရိသတ်တွေအနေနဲ့ကတော့ ခရစ္စတီးနားကို အပြတ်အသတ်အားပေးထောက်ခံမှုတွေပြုလုပ်ပြီး အားပေးစကားတွေ ပြောဆိုနေကြလျက်ရှိပါတယ်။ ဒါရိုက်တာခရစ္စတီးနားခီအနေနဲ့ သူမချစ်တဲ့အနုပညာကို ရေရှည် မပူပင်၊ မကြောင့်ကြနဲ့ ဖန်တီးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Comments are closed.