Star Awards ဆုနဲ့ ဆုငွေ သိန်း ၅၀ လွှဲပြောင်းပေးလိုက်တဲ့ ဆရာ​တော်​အရှင်ဆန္ဒာဓိက

Star Awards ဆုနဲ့ ဆုငွေ သိန်း ၅၀ လွှဲပြောင်းပေးလိုက်တဲ့ ဆရာ​တော်​အရှင်ဆန္ဒာဓိက

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မူရင်းဇာတ်လမ်းပိုင်ရှင် ဆရာ​တော်​အရှင်ဆန္ဒာဓိက ရရှိခဲ့တဲ့ Star Awards ဆုနဲ့ ဆုငွေ သိန်း ၅၀ ကို ဇာတ်ညွှန်းရေးဆရာ လွင်မင်းအံ့ ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဆရာလွင်မင်းအံ့မှလည်း ဆုကိုသာ လက်ခံယူခဲ့ကာ ဆုငွေ သိန်း ၅၀ လုံးကို ဆရာတော်ဆီသို့ ပြန်လည်လှူဒါန်းခဲ့သော်လည်း ဆရာတော်မှ အလှူငွေ (၁၀)သိန်းကိုသာ အလှူခံယူခဲ့ပါတယ်။ အခုလိုမျိုးတွေ လွှဲပြောင်းပေးပြီး ဆရာတော်က စိန်နားကပ်ရောင်ကြောင့်ပါးပြောင်ခဲ့တာပါလို့ Myanmar Cele 7 ရဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက က Star Awards ဆုကို ပြန်လည်လွှဲပြောင်းပေးတာနဲ့ ပတ်သက်ပြီး ဇာတ်ညွှန်းလွင်မင်းအံ့က “ဘုန်းဘုန်းရဲ့မေတ္တာကို ခံယူရတဲ့အတွက် ကျွန်တော် အတိုင်းမသိဘဲ ဝမ်းသာပါတယ်။ ဒီထက်လည်း ထူးထူးခြားခြား ပြောစရာစကားလည်း သိပ်မရှိပါဘူး။ ဒီမေတ္တာခံယူရတဲ့အတွက် တုနှိုင်းလို့မရတဲ့ ကိစ္စတစ်ခုကို ကိုယ်ခံစားရတယ်လို့ပဲ ခံစားရပါတယ်။

ဒီလိုမျိုး ကိုယ်ရေးလိုက်တဲ့ ဇာတ်လမ်းတစ်ခု အောင်မြင်တယ်ဆိုတော့လည်း ကျွန်တော် ပီတိဖြစ်ပါတယ်။ နောက်လုပ်မယ့် အလုပ်တွေအတွက်လည်း အများကြီး အားရှိပါတယ်။ အမှတ်တရကတော့ ဘုန်းဘုန်းက ပြန်စွန့်ထားတဲ့ ဆုလေးကို အမှတ်တရ သိမ်းထားမှာ ဒါထူးထူးခြားခြား ဖြစ်ရပ်ပါ ကိုယ့်အတွက်မှာ ဖြစ်တောင့် ဖြစ်ခဲလေးပေါ့ အဲ့အတွက် တန်ဖိုးထားပြီးကို သိမ်းထားမှာပါ။

ဒီလောက် အောင်မြင်တဲ့ ကားတစ်ကားဖြစ်လာဖို့ ဆိုတာ ပရိသတ်ရဲ့ အားလည်းပါတယ်ပေါ့နော်။ ပရိသတ်ကလည်း လက်ခံတယ် ထူးထူးခြားခြား အားပေးကြတဲ့ အတွက် ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီလို လွှဲပြောင်းပေးအပ်တာနဲ့ ပတ်သက်ပြီး ဆရာတော် အရှင်ဆန္ဒာဓိက က “တကယ်တော့ ဦးဇင်းက စိန်နားကပ်ရောင်ကြောင့်ပါးပြောင်တာပါ။ ဦးဇင်းက ဟောတရားအနေနဲ့ပဲ ဟောထားတာပေါ့နော်။ မုန်းစွဲဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ဖို့အတွက် ကိုလွင်မင်းအံ့က ရုပ်ရှင်ကားတစ်ကားရဲ့ အင်္ဂါရပ်နဲ့ ကိုက်ညီတဲ့ စံချိန်စံညွှန်းမှီတဲ့ ဇာတ်လမ်းတစ်ခုကို အချိတ်အဆက်မိမိလေးနဲ့ ရေးသားလိုက်တဲ့အတွက်ကြောင့် ပရိသတ် စိတ်ဝင်စားတယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခု ဖြစ်ပေါ်လာတာပေါ့နော်။ တကယ်တမ်းကျတော့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးက ဒါ အရှင်ဆန္ဒာဓိကရဲ့ တရားကို အခြေခံတာဆိုပြီးတော့ အရှင်ဆန္ဒာဓိကဆိုတဲ့ နာမည်က ရောရောင်ပြီးတော့ ထွက်သွားတာပေါ့နော်။

စိန်နားကပ်ရောင်ကြောင့် ပါးပြောင်တာပါပဲ။အဲ့တော့ ဦးဇင်းဒီဆုကို အရေးဖြစ်တဲ့ ကိုလွင်မင်းအံ့ကိုပဲ လွှဲပြောင်းပြီးတော့ ချီးမြင့်ဂုဏ်ပြုတယ် မေတ္တာလက်ဆောင်ပေးတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ မုန်းစွဲနဲ့ ပတ်သက်သူ အားလုံးကို ဦးဇင်းက မေတ္တာလက်ဆောင် ပေးတာပါပဲ။ အားလုံးရဲ့ စွမ်းဆောင်မှုကြောင့် မုန်းစွဲ ရုပ်ရှင် အောင်မြင်တယ်ဆိုပေမယ့်လို့ အရေးကတော့ အဓိကပဲပေါ့နော် အရေးပေါ်မှာ မူတည်ပြီးတော့ ကျန်တဲ့ အရိုက်တို့ အရုပ်တို့အရောင်တို့အရင်းတို့က ဖြစ်ပေါ်လာရတာပေါ့ ဦးဇင်းကတော့ ဘေးထွက်ကောင်းကျိုးအနေနဲ့ အရိပ်ကလေး လှသွားတာပေါ့နော်။ တစ်ချို့တွေက ပြောကြတယ် ဒီနှစ်အကယ်ဒမီ စာရင်းထဲမှာ အရှင်ဘုရားကားပါတယ်တဲ့ တကယ်ဆို ဦးဇင်းနဲ့ ဘာမှမဆိုင်ဘူးလေ ဦးဇင်းက တရားအနေနဲ့ပဲ ဟောခဲ့တာ အဲ့တော့ ဒီမုန်းစွဲ အဖွဲ့သားတွေကြောင့် ဦးဇင်းကအများရဲ့ သတိထားမှုကို ခံယူရတာဆိုတော့ စိန်နားကပ်ရောင်ကြောင့် ပါးပြောင်တာပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

Comments are closed.