၂၅-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

၂၅-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ချယ်လ်ဆီး ။     ။ မိုရာတာနဲ့ ဟီဂူအင်တို့ကို အလဲအထပ်လုပ်ဖို့ စီစဉ်နေတဲ့ ချယ်လ်ဆီးနဲ့ အေစီမီလန်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာ ပြီးစီးလုနီးနေပြီလို့ ESPN က ဖော်ပြသွားခဲ့ပါတယ်။ ချယ်လ်ဆီးအနေနဲ့ အေစီတိုက်စစ်မှူး ဟီဂူအင် ကို (၆) လ အငှားနဲ့ခေါ်ယူနိုင်မှာဖြစ်ပြီး မိုရာတာကိုတော့ အေစီမီလန်ဆီ (၁)နှစ်ခွဲအငှားချထားပေးရမယ်လို့ စာချုပ်ထဲမှာ ပါဝင်နေတာပါ။ ကစားသမားတွေအနေနဲ့လည်း ပြောင်းရွှေ့မှုပြုလုပ်ဖို့ သဘောတူညီခဲ့ကြပြီး အေစီမီလန်တိုက်စစ်မှူး ဟီဂူအင်ကလည်း တစ်ချိန်က လက်တွဲခဲ့ဖူးတဲ့ နာပိုလီနည်းပြဟောင်း ဆာရီနဲ့ ပြန်လည်လက်တွဲရတော့မှာဖြစ်ပါတယ်

စပါး ။   ။ စပါးအသင်းနဲ့ လီဗာပူးလ်အသင်းကစားသမားဟောင်း ဂရေမီဆောင်းနက်စ် က စပါးအသင်းဟာ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အရယူဖို့ အခြေအနေကောင်းနေတယ်လို့ သုံးသပ်လိုက်ပါတယ်။ အဲဗာတန်ကို စပါးက (၂-၆) ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ပွဲအပြီးမှာ ဆောင်းနက်စ်က အခုလို သုံးသပ်သွားခဲ့တာဖြစ်ပြီး ဟယ်ရီကိန်း ကြံ့ခိုင်မှုပြည့်ဝနေသမျှ ချန်ပီယံဆုရဖို့ အခွင့်အရေးရှိနေမှာဖြစ်တယ်လို့ ပြောဆိုလိုက်တာပါ။ ဆောင်းနက်စ်က လီဗာပူးလ်အနေနဲ့လည်း လက်ရှိအချိန်မှာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်အပေါ် စိုးမိုးထားမှုကို တွန်းလှန်နိုင်ခဲ့ပြီဖြစ်ပြီး ချန်ပီယံဆုအတွက် အကောင်းဆုံးအခွင့်အရေးတွေ ပိုင်ဆိုင်နေပြီလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက အသင်းမှာ အားကစားဆိုင်ရာ စိတ်ပညာရှင်တစ်ဦး လိုအပ်နေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်စတာအသင်းကို (၀-၁)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဆာရီက အသင်းကစားသမားတွေဆီမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရှိနေတယ်လို့ မှတ်ချက်ချခဲ့ပြီး နိုင်ပွဲတွေအတွက် စိတ်အားထက်သန်မှု ကင်းမဲ့နေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဆာရီဟာ နာပိုလီအသင်းရဲ့ မန်နေဂျာအဖြစ် တာဝန်ယူခဲ့စဉ်တုန်းကလည်း အားကစားဆိုင်ရာစိတ်ပညာရှင်တစ်ယောက် ခန့်အပ်ထားခဲ့ပြီး အသင်းကစားသမားတွေကိုစိတ်ပညာဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်စေခဲ့တာပါ။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ အသင်းရဲ့ ဂျာစီစပွန်ဆာကုမ္ပဏီဖြစ်တဲ့ New Balance ကုမ္ပဏီနဲ့ တစ်နှစ် ပေါင် (၇၅)သန်းတန် စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ လီဗာပူးလ်နဲ့ New Balance တို့ကြားက စာချုပ်တန်ကြေးဟာ တစ်နှစ်ကို ပေါင် (၄၅)သန်းဖြစ်ပြီး လက်ရှိမှာ အသင်းပုံရိပ်မြင့်တက်လာတာကြောင့် စာချုပ်တန်ကြေးကိုလည်း တိုးမြှင့်ဖို့ စီစဉ်နေတာပါ။ လီဗာပူးလ်အသင်းဟာ (၂၀၁၅-၁၆) ဘောလုံးရာသီကစလို့ New Balance နဲ့ လက်တွဲခဲ့တာဖြစ်ပြီး ဒီနှုန်းထားအတိုင်းချုပ်ဆိုနိုင်ခဲ့မယ်ဆိုရင် မန်ယူနဲ့ Adidas တို့ရဲ့ စာချုပ်တန်ဖိုးကို လိုက်မီသွားမှာဖြစ်ပါတယ်။

ချိန်ဘာလိန် ။    ။ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ လီဗာပူးလ်ကွင်းလယ်လူ ချိန်ဘာလိန်ဟာ သူ့အနေနဲ့ ဘောလုံးပြိုင်ပွဲတွေဆီ မကြာခင် ပြန်လည်ရောက်ရှိလာတော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက လီဗာပူးလ်ရဲ့အဓိက ကွင်းလယ်လူဖြစ်ခဲ့တဲ့ ချိန်ဘာလိန်ဟာ ရိုးမားအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာလရှည်နားရမယ်လို့ဆေးအဖွဲ့က ဆုံးဖြတ်ခဲ့တာပါ။ ချိန်ဘာလိန်ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ လီဗာပူးလ်အသင်းနဲ့အတူ အပေါ့စားလေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နေပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပြီး လီဗာပူးလ်ရဲ့ပွဲစဉ်တွေမှာ မကြာခင် ပြန်လည်မြင်တွေ့ရဖို့ရှိနေတာပါ။

PSG ။  ။ PSG အသင်းဟာ ၀က်ဖို့ဒ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒူကူရီအတွက် ပေါင် သန်း (၃၀) နဲ့ စတင်ကမ်းလှမ်းလိုက်ပါတယ်။ အသက် (၂၅)နှစ်အရွယ် ပြင်သစ်ကစားသမားဟာ အဲဗာတန်ရဲ့လက်ရှိနည်းပြ မာကိုဆေးလ်ဗားနဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပြီး (၂၀၁၆) ဘောလုံးရာသီကမှ ရင်းနက်စ်အသင်းကနေ ၀က်ဖို့ဒ်ကိုပြောင်းရွှေ့လာခဲ့တာပါ။ PSG အသင်းက ဒူကူရီအတွက် သူတို့ရဲ့ကမ်းလှမ်းမှုကို စတင်လိုက်ပြီဖြစ်ကြောင်းအသိပေးလိုက်ပြီး ဒီအပြောင်းအရွှေ့ဟာ အောင်မြင်မယ်လို့ ယုံကြည်နေကြောင်း ဆိုထားပါတယ်။

Source : TheSun , Dailymail , Mirror

Comments are closed.