မွေးနေ့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို သိန်း (၁၀၀) လှူလိုက်တဲ့ ဖြူဖြူကျော်သိန်း

မွေးနေ့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို သိန်း (၁၀၀) လှူလိုက်တဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပရိသတ်အားပေးမှုရရှိခဲ့ပြီးအခုထက်တိုင် အောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းက နိုင်ငံတကာက အနုပညာရှင်တွေနဲ့ အနုပညာပူးပေါင်းဖန်တီးမှုတွေလည်းလုပ်ထားပြီး Friend Zone လိုဇာတ်ကားမျိုးတွေမှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါသေးတယ်။ ဖြူဖြူက မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ဒီနှစ်မွေးနေ့အထိန်းအမှတ်အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို သိန်းတစ်ရာလှူလိုက်တာနဲ့ပတ်သက်ပြီး ပြောပြလာခဲ့ပါတယ်။

ဖြူဖြူက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုလှူချင်နေတာကြာပြီဖြစ်ပေမယ့် အခုမှလှူဖြစ်တဲ့အကြောင်း “ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ လှူချင်နေတာတော့ကြာပြီ။ ဒါပေမယ့် ကိုယ် သေချာလေး စုစုစည်းစည်းများများလေးလှူနိုင်တဲ့အချိန်ကျမှ သေချာလေး အကျိုးရှိမယ့်နေရာကို ရွေးပြီးလှူမယ်လို့စဉ်းစားထားတဲ့စိတ်နဲ့ပေါ့နော် ဒီနှစ်မွေးနေ့ထိ ဖြူဖြူစောင့်လိုက်တာပါ။ ဖြူဖြူလှူတာကတော့ သိန်းတစ်ရာပါ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လေးခုမြောက် project ဖြစ်တဲ့ လရောင်တော သက်မွေးပညာသင်ကျောင်းပေါ့နော်။ စိုက်ပျိုးသက်မွေးပညာသင်ကျောင်းကိုလှူတာပါ”လို့ ပြောထားပါတယ်။

လရောင်တောကိုမှ ရွေးချယ်ပြီးလှူဖြစ်သွားခဲ့ပုံကို ဖြူဖြူက “ဖြူဖြူလှူတော့မယ်ဆိုတော့ အဲဒီက တာဝန်ရှိသူတွေက Project လေးခုလုံး ဖြူဖြူကိုပြောပြတယ်ပေါ့နော်။ လရောင်တောက အခုမှ fundraise လုပ်နေတဲ့ project လည်းဖြစ်တာရယ် နောက်ပြီးတော့ လိုလည်းလိုအပ်နေတဲ့အချိန်၊ကျန်တဲ့ project တွေကတော့ သူ့ဟာနဲ့သူ အရှိန်အဟုန်နဲ့သွားနေကြပြီ။ နောက်တစ်ခုကကျတော့ လတ်တလော ရေတိုအတွက်ကို ဖြေရှင်းဖို့လှူတဲ့project တွေလည်းရှိပါတယ်။အခုဟာက အသက်မွေးဝမ်းကျောင်းပညာဖြစ်တယ်။ပညာရေးနဲ့လည်းသက်ဆိုင်တယ်။ မိသားစုတွေအတွက်ဆိုရင်လည်း တစ်ပိုင်တစ်နိုင်ဒီပညာလေးကိုတတ်သွားပြီးတော့ အဆင်ပြေမယ့်ဟာမျိုးလေးကိုလည်းဦးတည်တယ်။နိုင်ငံနဲ့ချီပြီးကြည့်မယ်ဆိုရင်တော့ ဖြူဖြူတို့နိုင်ငံက သစ်တောတွေပြုန်းတီးပြီးတော့ ရာသီဥတုတွေလည်းပျက်စီးလာတဲ့အချိန်။ တစ်နှစ်အတွင်းတော့ ဟပ်ချလောင်းဆိုပြီး မပြောင်းလဲသွားနိုင်ဘူးပေါ့နော်။သို့သော်လည်းပဲ ရေရှည်စီမံကိန်းတိုင်းပြည်အတွက်ရေရှည်အကျိုးရှိမယ်ဆိုတဲ့ဟာလေးတွေကိုတော့ များများလှူနိုင်တဲ့အချိန်မျိုးကျရင်လှူချင်တယ်။ အခုနောက်ပိုင်းတော့ ကိုယ့်နိုင်ငံလူငယ်တွေအတွက်ရေရှည်အကျိုးရှိမယ့် project လေးတွေကိုစဉ်းစားပြီးလှူသွားမယ်လို့တွေးမိပါတယ်။ အဲဒါကြောင့် ဒီဟာလေးကိုရွေးလှူဖြစ်တာပါ”လို့ ရှင်းပြထားပါတယ်။

ကိုယ်တိုင်ရှာထားတဲ့ပိုက်ဆံကိုလှူရတာဆိုတော့ ပိုပြီးပီတိဖြစ်မိတယ်လို့ “နောက်ပြီးတော့ ကိုယ်တိုင်သမာအာဇီဝနဲ့ရှာထားတဲ့ ပိုက်ဆံ။အလွယ်အချောင်ရပြီး မိဘရဲ့အမွေတွေနဲ့ရတာလည်းမဟုတ်ဘူးပေါ့နော်။ ကိုယ်တကယ်ပဲ နဖူးကချွေး ခြေမကျပြီးတော့ ကိုယ့်ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေရှိတာကိုယုံကြည်ပြီးတော့ အလုပ်အပ်နှံကြတဲ့အလုပ်တွေကိုလုပ်ပြီးတော့ ရလာတဲ့ပိုက်ဆံဆိုတော့ အရမ်းပီတိဖြစ်ပါတယ်”လို့ ရင်ဖွင့်သွားပါတယ်။

ပရိသတ်ကြီးရော ဖြူဖြူကျော်သိန်းကိုချစ်ကြလား။ ဖြူဖြူ့ရဲ့ သီချင်းအသစ်တွေထွက်လာရင်ရောအားပေးကြမှာလား။ဖြူဖြူရဲ့ မွေးနေ့အလှူကိုလည်းသာဓုခေါ်လိုက်ကြပါဦး။

Comments are closed.