မိန်းမလျာတွေကို ဟိုကိစ္စပဲအရင်မမြင်ကြပါနဲ့ဆိုတဲ့ မိတ်ကပ်လင်းလင်း

မိန်းမလျာတွေကို ဟိုကိစ္စပဲအရင်မမြင်ကြပါနဲ့ဆိုတဲ့ မိတ်ကပ်လင်းလင်း

မိတ်ကပ်လင်းလင်းဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားထားသူဖြစ်သလိုထူးချွန်တဲ့ မိတ်ကပ်ပညာဖန်တီးမှုတွေနဲ့လည်း အောင်မြင်မှုရနေသူ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ မိတ်ကပ်လင်းလင်းက မကြာသေးမီက 8days Journal နဲ့အင်တာဗျူးမှာအချစ်ရေးအကြောင်းဖြေကြားရင်း မိန်းမလျာတွေရဲ့အထူးအဆန်းအချစ်ရေးတွေအကြောင်းကိုလည်းပြောကြားသွားခဲ့ပါတယ်။

အခုနောက်ပိုင်းမိန်းမလျာတွေရဲ့လိုက်မမီနိုင်တဲ့အချစ်ရေးတွေကို လင်းလင်းက “အခုနောက်ပိုင်းမှာအထူးအဆန်းတွေမြင်တွေ့လာရတာပေါ့နော်။ကိုယ်ပဲ အရမ်းပဲခေတ်နောက်ကျခဲ့တာလား။ ဒါမှမဟုတ် ဂျပန်က ကျည်ဆန်ရထားကြီးကို စီးပြီးတော့ပဲပြေးလိုက်ရမှာလား။ ဒီဘက်ကမ်းကိုပဲမကူးပဲ ဟိုဘက်ကမ်းမှာပဲယက်ကန်ယက်ကန်နဲ့မလိုက်တော့ဘူးဆိုပြီးနေခဲ့ရမှာလား။ ခေတ်တွေကအရမ်းကိုပြေးပြီးတော့ မိတ်ကပ်တစ်ခုပဲခေတ်တွေပြေးနေတာမဟုတ်ဘူး။ မိန်းမလျာတွေရဲ့အချစ်ရေးတွေကလည်း ကိုယ်မမြင်ဖူးထားသော မတွေ့ဖူးထားသောအရာတွေကိုမြင်နေတွေ့နေရတာဆိုတော့ တစ်ခါတစ်လေကျရင်လည်း တရားလေးရမိပါတယ်”လို့ ရယ်မောရင်းပြောထားပါတယ်။

လင်းလင်းကတော့ဘယ်လိုပဲဖြစ်ဖြစ် ယောက်ျားအစစ်ပဲကြိုက်တယ်လို့လည်း “လင်းကတော့ ရှင်းရှင်းပဲ။ယောက်ျားအစစ်ပဲကြိုက်တယ်။ ကိုယ်က မိန်းမလျာလေ။ မိန်းမလျာဆိုတာက မိန်းကလေးဟိုမုန်းများနေတယ်။ လင်းအတိတ်ဘဝကတော့ ဘာဖြစ်ခဲ့လဲဆိုတာမသိဘူး။ အချစ်ရေးမှာ ယောက်ျားလေးသန့်သန့်ပြန့်ပြန့်ချောချောလေးမြင်ရင်တော့ ရင်ခုန်တယ်”လို့ ရင်ဖွင့်ထားပါတယ်။

လင်းလင်းက မိန်းမလျာတွေမြင်ရင် ဟိုကိစ္စကိုအရင်မမြင်ပါနဲ့လို့ “မိန်းမလျာတွေမြင်ရင် sex ကိစ္စကိုအရင်မမြင်ပါနဲ့။ လူသားထဲက လူသားတွေပဲဆိုတော့ အင်းလျားကန်ဘောင်မှာ ဘူးသီးကြော်လေးစားချင်တယ်။ ဘုရားလေးလည်းသွားချင်တယ်။ ဝက်သားတုတ်ထိုးလေးကလည်း ထိုင်စားချင်ပြန်ရော ။အဲဒီလိုဆိုတော့ နားလည်ပေးကြပါလို့။အဲဒီလိုမျိုးလေးတွေလုပ်ချင်လို့ ရည်းစားထားတာလည်းရှိတာပေါ့နော်။ sex ကိစ္စက မိန်းမလျာာတွေမှာမှရှိတာမဟုတ်ပါဘူး။ ယောက်ျားမိန်းမတွေအကုန်ရှိကြပါတယ်”လို့လည်းရှင်းပြထားပါတယ်။

ကိုယ်ကြိုက်တဲ့ယောက်ျားက အချိန်တန်လို့မိန်းမယူသွားရင်းနားလည်ပေးဖို့ ခံယူထားကြောင်း “လင်းက ယောက်ျားစစ်စစ်ကိုကြိုက်တယ်။ကိုယ်ကြိုက်တဲ့ယောက်ျားက အချိန်တန်လို့ မိန်းမယူသွားတယ်ဆိုရင်လက်ခံပေးရမယ်လေ။ ကိုယ်မပေးနိုင်တဲ့.. မိန်းကလေးတွေလိုရင်သွေးလေးလည်းမမွေးပေးနိုင်ဘူး။ သူတို့မှာလည်းသူတို့ခံစားချက်တွေရှိမှာပဲ”လို့ ပြောထားပြီး ကိုယ့်ရည်းစားက အခြားယောက်ျားတွေနဲ့သွားတယ်ဆိုရင်တော့ ရင်ကျိုးမှာလို့ “ကိုယ့်ကိုထားသွားတယ်။ မိန်းမခိုးသွားတယ်ဆိုရင် ကိုယ်ကနောက်တစ်ယောက်ရှာမှာပဲ။ ကိုယ်နဲ့ကြိုက်နေပြီးတော့မှ နောက် မိန်းမလျာတစ်ယောက်နဲ့သော်လည်းကောင်း ဂေးတစ်ယောက်နဲ့သော်လည်းကောင်းသွားအိပ်တယ်ဆိုရင် ကိုယ်တော့ရှက်ပြီးတော့ သတ်သေမိမှာပဲ။ နင့်ဘဲပေါ့ ဟိုကောင်နဲ့သွားအိပ်တယ်ဆိုရင် အံမယ်လေး.. ပြီးပြီ။ ကိုယ့်ဘဝက မတွေးရဲစရာပဲ”လို့ရင်ဖွင့်ထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော လင်းလင်းကိုချစ်ကြလား။လင်းလင်းရဲ့အချစ်အပေါ်ဒဿနကိုရော ဘယ်လိုသဘောရကြလဲ။ လင်းလင်းရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Comments are closed.