ဂီတကိုဆေးစွဲသလိုစွဲပြီး မလုပ်ရမနေနေနိုင်ပါဘူးလို့ပြောလာတဲ့ မာရဇ္ဇ

ဂီတကိုဆေးစွဲသလိုစွဲပြီး မလုပ်ရမနေနေနိုင်ပါဘူးလို့ပြောလာတဲ့ မာရဇ္ဇ

လူငယ်တွေကတော့ မုန်းခိုင်းလည်းမမုန်းနိုင်ဘူးတို့ တက္ကသိုလ်ကျောင်းသူတို့စတဲ့ သီချင်း ခပ်အေးအေးလေးတွေ နဲ့သာသိခဲ့တဲ့ မာရဇ္ဇက ပဒိုင်းပွင့်မီးအိမ် ၊ ကဉ္ဇနာ ၊ ဘယ်တော့မှမဝေးဘူး စတဲ့ Rock သီချင်းများစွာ ကိုရေးသားသီဆိုခဲ့တဲ့ နာမည်ကျော်အဆိုတော့ တစ်ယောက်ပါ။ သူရဲ့သီချင်းတွေက ၉၀ ပြည့်နှစ်နဲ့ သက္ကရာဇ်၂၀၀၀ကျော်နှစ်တွေမှာ တက္ကသိုလ်ကျောင်းသူအဆောင်သူတွေရဲ့အဆောင်ဘေးမှာ ပလက်ဖောင်း ဂစ်တာဝိုင်းတွေမှာ လူငယ်တွေစွဲနှစ်နှစ်သီဆိုခဲ့ကြတဲ့သီချင်းတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံRockရေစီးကြောင်းထဲမှာ အလိုက်သင့်မျောပါခဲ့တဲ့သူတစ်ယောက်မဟုတ်ဘဲ ရူးသွပ်မှုတစ်ခုအနေနဲ့ ဂီတကို ချစ်မြတ်နိုးစိတ် တစ်ခုနဲ့ Rock ဂီတပေါ်မှာအခုထက်ထိ ဖက်ရှင်တစ်ခုလိုဝတ်ဆင်ထားတဲ့ တေးရေး ၊ တေးဆို မာရဇ္ဇကတော့ Big 9 TV နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းတွေ ၊ သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါရစေ ။

မာရဇ္ဇက “ လတ်တလော လှုပ်ရှားမှုတွေကတော့ အထက်မြန်မာပြည်Tourတွေထွက်နေတယ်။တစ်ကိုယ်တော် One Man ပေါ့နော် ။CPM မော်တော်ဆိုင်ကယ်နဲ့ကျနော်တစ်ကိုယ်တော်တွေထွက်နေပါတယ်။ အဲ့ဒါကအခုလောလောဆယ်နားထားတယ်ပေါ့။ မိုးတွင်းကာလ ဆိုတော့ ပြီးတော့ဒီပွဲပြီးတာနဲ့ လဆန်းထဲမှာ အိုအေစစ် စတူဒီယိုမှာ ကျနော်ရဲ့ တစ်ကိုယ်တော် Album Solo အတွက်စတီးမယ်။ ကျနော့်ရဲ့ BREAKTHROUGH Band နဲ့။ Modern Rock လို့ပြောလို့ရပါတယ်။ သီချင်းအားလုံးစုပြီးပါပြီ ကျနော်တစ်ယောက်တည်းရေးထားတာပါ ဆယ်နှစ်ပုဒ်ပါပါ့မယ်။ခွေ Title ကတော့လောလောဆယ်အကြမ်းပေးထားတာကတော့ ပြဿနာသုခုမလို့ ပေးထားတယ်။အဓိကကတော့ ဘာလို့ခွေတွေထုတ်နေရလည်းဆိုတော့မနေနိုင်လို့ ဒီအလုပ်ကိုမလုပ်ဘဲကိုမနေနိုင်လို့ထုတ်နေရတာ အဲ့ဒီတော့ပြန်ရလားဆိုတော့ ပြန်လည်းမရဘူး ။ အဲ့ဒီတော့ ပိုက်ဆံတွေကုန်လည်းချတာပဲ မတတ်နိုင်ဘူး ။ အဓိကကဘာလဲဆိုတော့ သီချင်းလေးတွေရေးနေရမယ် ၊ဖန်တီးနေရမယ် ။ပြီးတော့ စတူဒီယိုထဲမှာ သီချင်းလေးတွေပုံဖော်နေရတာ အဲ့ဒီလိုလုပ်နေရတာကျေနပ်ပြီ။ အဲဒီအချိန်က ဘာနဲ့မှမလဲနိုင်ခဲ့ဘူး အဲ့ဒီအရသာက အစ်ကိုတို့သိခဲ့တာ ၂၅နှစ်ကျော်ခဲ့ပြီ။ဒီဟာလေးကိုလုပ်ချင်တယ်။ အမြဲတမ်းဒီစတူဒီယိုထဲမှာနေပြီး သီချင်းလေးတွေကိုဖန်တီးချင်တယ် ။

အဲ့ဒါက အစ်ကိုတို့လည်း မနေနိုင်လည်းလုပ်နေတာ ပြီးတော့အဲ့ဒါကဆေးစွဲသလိုကို စွဲနေတာ။ ဘယ်လိုကြိုးစာတယ်ရယ်လို့တော့ မဟုတ်ဘူး ။ကျနော်ဒီအလုပ်ကို တစိုက်မတ်မတ်လုပ်နေဖြစ်တယ်ပေါ့နော်။ အမြဲတမ်းရေးဖြစ်တယ် သီချင်းလေးတွေလည်းရေးဖြစ်တယ် ပွဲလေးတွေလည်းတူတူတန်တန်ဆိုတယ် ပွဲတိုင်းလည်းမဆိုပါဘူး ။ ကျနော့်ကိုတွေ့ရတာ နည်းပါတယ်။ ပွဲခေါင်းစဉ်တိုင်းကျနော်မဆိုဘူး ။ လုပ်ရင်လည်းတူတူတန်တန်လုပ်တယ်။ ဘာလို့ကျနော်ဒီလိုမျိုးဖြစ်နေတာလည်းဆိုတော့ ကျနော်အလုပ်လုပ်နေလို့ပါ။ ဂီတဈေးကွက်ကတော့မကောင်းဘူး ။ အမှန်တိုင်းပြောရရင်လုံးဝမကောင်းဘူး ဘာဖြစ်လို့လဲဆိုတော့ ခွေကိုလုံးဝရောင်းလို့မရတဲ့အခြေအနေ ဟိုတုန်းက အစ်ကိုတို့စပြီးပေါ်တဲ့အချိန်တုန်းကဆိုရင် ခွေကဘယ်လိုပြောမလည်း အဲ့ဒါကလေအခုချိန်မှာပြန်ပြောရင် အိပ်မက်လိုပဲ အခွေသစ်တစ်ခွေထွက်ရင် တစ်သောင်းခွဲလောက်မှမရှိရင်အစ်ကိုတို့ ထွက်လို့မရဘူး ။ ဒီဘက်ခေတ်မှာဆိုရင် သိပ်ထူးဆန်းတယ် ခွေတစ်ခွေထွက်ဖို့အတွက် တစ်ထောင်လောက်ရှိရင်ထွက်လို့ရနေပြီ ။ ခွေနှစ်ထောင်လောက်ရှိရင်ထွက်လို့ရနေပြီ ကိုယ်တို့တုန်းက တစ်သောင်းခွဲမရှိရင်ထွက်လို့မရဘူး အဲ့ဒီမှာသတ်တာပဲ ။ ပြန်ပြောရင်အိပ်မက်တွေလိုပဲ ။အဲ့ဒီနှစ်ထောင်တောင် ကုန်လားဆိုတော့ စာရင်းပြန်ချုပ်ရင် အဲ့ဒီနှစ်ထောင်တောင် မကုန်ဘူး ဘယ်လိုလုပ် ပိုက်ဆံပြန်ရမှာလည်း အဲဒီတော့ရှေ့မှာပြောခဲ့သလိုပဲ အစ်ကိုတို့က မနေနိုင်လို့လုပ်နေရတာ။ အနုပညာဒီဈေးကွက်ကတော့တော်တော်ဆိုးရွားတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Comments are closed.