ဆေးသီချင်းကို အပြောင်အပျက်တွေ မဆိုစေချင်ဘူးဆိုတဲ့ ကော်နီ

ဆေးသီချင်းကို အပြောင်အပျက်တွေ မဆိုစေချင်ဘူးဆိုတဲ့ ကော်နီ

ကိုကိုချစ်ရေ… ကိုကိုချစ်ရေ ဆိုတဲ့ သီချင်းလေးနဲ့ တစ်ခေတ်တစ်ခါက အောင်မြင်မှုသရဖူ ဆောင်းခဲ့တဲ့ အဆိုတော်ကတော့ ကော်နီ ဖြစ်ပါတယ်။ ဒီဘက်ခေတ်လို ဆိုရှယ်မီဒီယာတွေ မပေါ်သေးခင် ကာလက cover ပြန်ဆိုမယ့်သူ troll မယ့်သူတွေလည်း မရှိသေးပါဘူး။ အသံပါဝါရှိနေသေးသမျှ အသက်ရှင်နေသမျှ ကာလပတ်လုံး ဂီတလောကထဲ ပြန်လည်ခြေချနိုင်စွမ်းရှိတဲ့ မကော်က ဒီဘက်ခေတ် လူငယ်တွေအကြိုက် “ဆေး” သီချင်းကို သီဆိုထားပါတယ်။

တေးရေးဝေးကြီး ဖန်တီးထားတဲ့ လက်ရာ “ဆေး” သီချင်းကို အပြောင်အပျက် လုပ်ကြတဲ့အပေါ် ကော်နီက ခုလို ပြောပြပါတယ်။

“လက်မခံလို့တော့ မဟုတ်ပါဘူး။ ချစ်လို့ဆိုတာကို မကော်က လက်ခံတယ်။ ဒါပေမဲ့ တေးရေးသမား တစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ သေသေချာချာ ထည့်ထားတဲ့ တေးရေးဆရာရဲ့ သီချင်းကို ဖျက်သလိုမျိုး ဖြစ်တာမျိုး မကြိုက်ဘူး။ ဥပမာပြောရမယ်ဆိုရင် မကော် ကိုကိုချစ် သီချင်းက အရမ်းကို အောင်မြင်တယ် တီဗွီကလည်း ကြော်ငြာတယ်။ အဲ့လို အချိန်အခါမျိုးမှာ မကော်နဲ့လည်း ရိုက်မယ် ကိုကိုချစ် သီချင်းကိုလည်း ဇီးထုပ်ကြော်ငြာအတွက် သီချင်းဆိုခိုင်းတယ်။ မကော် ကိုကိုချစ်နဲ့ အောင်မြင်နေချိန်မှာ ကိုကိုချစ်သီချင်းကို ဇီးထုပ်သီချင်း မဆိုနိုင်ဘူး။ အဲ့အချိန်က ဦးသစ္စာလည်း ရှိသေးတယ်။ ဦးသစ္စာရော ဦးသစ္စာအထက်က လူကြီးတွေကလည်း အိမ်အထိ ရောက်အောင်လာပြီး သမီးလေးရယ် ဆိုလိုက်ပါ။ ဘာထူးဆန်းလို့လဲ။ ဒီ ၂ မိနစ် ၃ မိနစ်စာလေးကို သမီးဘယ်လောက်ရမှာပေါ့။ အဲ့ခေတ်က ၂ သိန်းတို့ ၃ သိန်းတို့ဆိုတာ အရမ်းများတယ်။

အဲ့လိုပေးပါ့မယ်ဆိုတာတောင် မကော် မဆိုခဲ့ဘူး။ ကိုယ်ထားခဲ့တဲ့ စည်းပေါ့နော်။ ကိုယ့်ရဲ့ သီချင်းပေါ်မှာ ကိုယ်သစ္စာရှိတာ။ ကိုကိုချစ်ကို စင်ပေါ်မှာ ဆိုမယ် ဒါပေမဲ့ ဇီးထုပ်သီချင်းတော့ မဆိုနိုင်ဘူးလေ။ ထိုနည်းလည်းကောင်းပဲ ဝေကြီးက ခံစားပြီး သူရေးထားတာ မေဘရဏီကလည်း သူကိုယ်တိုင်ခံစားပြီး ရိုက်ထားတာ အဲ့အပေါ်မှာ အပြောင်အပျက်လုပ်တာမျိုးက တေးရေးဆရာကလည်း မကြိုက်ချင်ဘူး။ ကိုယ်တွေအနေနဲ့လည်း မကြိုက်ချင်ဘူး။ ဒါပေမဲ့ သူတို့က ချစ်လို့ cover လုပ်တာ troll တာဆိုရင်တော့ မကော် ကျေနပ်ရမှာပေါ့လေ။” လို့ ဆိုပါတယ်။

အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ မကော်က JOOX ပြိုင်ပွဲမှာ ဒိုင်လုပ်ရင်း ခံစားမိတာလေးတွေကို ပြောသွားပါတယ်။

“အနုပညာသမားက ခံစားတတ်တယ်။ မကော်က ပိုဆိုးတယ် သတ္တဝါလေးတွေကို ချစ်တဲ့သူဆိုတော့ အလိုလိုနေရင်းနဲ့ မျက်ရည်ပေါက်ပေါက် ကျတတ်တာ။ ခုနက ပြိုင်ပွဲမှာ ကလေးတွေကို ကြည့်ရင်းနဲ့ သနားပါတယ်။ သနားလိုက်တာ အဲ့လိုမျိုးတွေ ရှိတတ်တယ်။ တင်ဇာမော်တို့ မကော်တို့ အတူတူပဲ Type က။ အသက်ကြီးပေမဲ့ မပျက်စီးသေးပါဘူး။ အားလုံး အော်ရဂျင်နယ်ပဲ။ forever လန်းတယ်။ ဒါကတော့ ချစ်နေပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.