ဖခင်အသက်ကို ကယ်ဆယ်ရန် စားနိုင်သည်ထက် ပိုစားသောက်နေရသည့် တရုတ်ကလေးငယ်

ဖခင်အသက်ကို ကယ်ဆယ်ရန် စားနိုင်သည်ထက် ပိုစားသောက်နေရသည့် တရုတ်ကလေးငယ်

တရုတ်နိုင်ငံ ဟီနန်ပြည်နယ် ရှင်ရှန်းမြို့က အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦးဟာ ဖခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် သူ့အရွယ်နဲ့ မလိုက်အောင်စားသောက်ရတဲ့ အစီစဉ်တခုကို လုပ်ဆောင်နေတာကြောင့် အားလုံးရဲ့ ချီးကျူးမူကို ရရှိနေတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။

ဒီကလေးရဲ့ နာမည်က လူဇီကွမ်းပါ။ သူ့ဖခင်ဖြစ်သူဟာပြီးခဲ့တဲ့ ၇ နှစ်လောက်ကတည်းက သွေးကင်ဆာရောဂါနဲ့ ကုသမှုခံယူခဲ့ရပြီး လက်ရှိအချိန်မှာတော့ ရောဂါအခြေအနေဟာ ပိုပြီးဆိုးရွားလာခဲ့ပါတယ်။ ဒါ့ကြောင့် သူ့အသက်ကိုကယ်ဆယ်ဖို့ တခုတည်းသော နည်းလမ်းက ရိုးတွင်းခြင်ဆီလဲခြင်း ဖြစ်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။ဒါ့ကြောင့် မိသားစုအတွင်း ဆေးစစ်မှုတွေ လုပ်ဆောင်လိုက်တဲ့အချိန်မှာ သူ့အတွက် သင့်တော်တဲ့ ရိုးတွင်းခြင်ဆီက အသက် ၁၁ နှစ်အရွယ် သားဖြစ်သူ လူဇီကွမ်းမှာပဲ ရှိနေတာ တွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့် လူက ဖခင်အတွက် ရိုးတွင်းခြင်ဆီပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ပြဿနာက သူ့အသက်ဟာ ငယ်ရွယ်သေးပြီး သူ့ခန္ဓာကိုယ်အလေးချိန်ဟာလည်း ၃၀ ကီလိုဂရမ်သာ ရှိနေသေးတာပါ။ ခွဲစိတ်မှုအတွက် အနည်းဆုံးကိုယ်အလေး ချိန် ၄၅ ကီလိုဂရမ်ရှိရမှာ ဖြစ်တာကြောင့် လူဇီကွမ်းဟာ သူ့အလေးချိန် တိုးတက်လာရေးအတွက် စားနိုင်တာထက်ပိုပြီး စားသောက်ကာ မဝ ဝအောင် လုပ်ဆောင်နေပါတယ်။

အဖေ့ကို မဆုံးရှုံးရဖို့ သားဘာမဆိုလုပ်မှာပါ လို့ လူဇီကွမ်းက ယုံကြည်မှုအပြည့်နဲ့ ပြောပါတယ်။ ဒါ့ကြောင့် ၁၁ နှစ်သားဟာ လက်ရှိအချိန်မှာ တနေ့ကို ငါးကြိမ်လောက်စားသောက်ခြင်းကို ပြုလုပ်နေပြီး သူစားတဲ့ အစားအစာအများစုကလည်း အဆီများတဲ့ အရာတွေပဲဖြစ်ပါတယ်။လူဇီကွမ်းဟာ မောင်နှမသုံးယောက်ထဲက အကြီးဆုံးသားဖြစ်ပြီး သူ့မိခင်ကတော့ ဝင်ငွေနည်းပါးတဲ့ စတိုးဆိုင်ဝန်ထမ်းတဦး ဖြစ်ပါတယ်။ ဖခင်ဆေးကုသစရိတ်အပြင် သူ့အတွက် အစားအစာ စရိတ်ပါ မတတ်နိုင်တာကြောင့် လူဇွမ်းကွမ်းတို့ ကျောင်းကလည်း သူတို့ မိသားစုကို ကူညီထောက်ပံ့ပေးနေတယ်လု့ိ သိရပါတယ်။

ပုံမှန်ထက် ပိုပြီးစားသောက်နေတာကြောင့် ဝလာတဲ့ လူဇီကွမ်းကို သူ့အတန်းဖော်တွေက ဝတုတ်လေး လို့ စနောက်ခဲ့ကြပေမယ့် သူတို့မိသားစုအကြောင်းကို သိရှိလာချိန်မှာတော့ ဒီလိုစနောက်သူ မရှိတော့ပါဘူး။သားကို ဘယ်လိုပဲ စစ ကိစ္စမရှိပါဘူး။ အဓိကကတော့ သားအဖေရဲ့အသက်ကို ကယ်တင်နိုင်ဖို့ပါပဲ လို့ သူရဲကောင်းလေး လူဇီကွမ်းက ပြောပါတယ်။

Comments are closed.