ငရဲမရောက်မီ တစ်ဘူတာ

ငရဲမရောက်မီ တစ်ဘူတာ

တ၀ုန်းဝုန်း မြည်နေသော အသံတွေကြောင့် သူသတိတွေ ၀င်လာခဲ့ သည်။ သူ့မျက်စိတွေ ဖွင့်ထား သော်လည်း မှောင်မည်းနေသည်။ ဘူး….ဘော်..။ ရထားဥသြဆွဲသံကြားလိုက်ရသည်။ သူ ဒိန်းခနဲ ရင်တွေခုန်သွားသည်။  သူ ရထားတွဲတစ်တွဲပေါ် ရောက်နေတာပဲ။ သူ ဘာလို့ ရထားတွဲပေါ်ရောက် နေတာလဲ ပြန်စဉ်းစားသည်။  သေသေချာချာ ပြန်တွေးကြည့်တော့မှ မနေ့က တစ်ခါမှ မမြင်ဖူးသည့် လူစိမ်းနှစ်ယောက်  သူ့ကို ကုန်တင်သည့် ရထားတွဲလွတ် တစ်တွဲပေါ် တက်ခိုင်းခဲ့တာတွေ ပြန်မြင်လာသည်။  သူ ကြောက် စိတ်တွေ ၀င်လာသည်။  သူ ဒီရထားတွဲထဲကနေ ထွက်မှရတော့မည်။

 ဇွန်လ ၁ ရက် နံနက် ၈ နာရီ၊ သာစည်မြို့

ဦးမြင့်ဌေးတစ်ယောက် ၀ပ် ရှော့တွင် ပညာသင်အလုပ်လုပ် နေသည့် အသက်(၁၄)နှစ်ပင် မပြည့်သေးသည့် သားတော် မောင်ဟိန်းမင်းသန့်အား ထုံးစံ အတိုင်း သူ့ဝပ်ရှော့သို့ ဆိုင် ကယ်ဖြင့် လိုက်ပို့ပေးလိုက်သည်။  ဆိုင်ရောက်တော့ မဖွင့်သေး။ သား ဆိုင်ကယ်ပေါ်ကဆင်းတော့ ‘‘ဘယ်မှလျှောက်သွားမနေနဲ့ဦး’’ ဟုမှာသည်။ သားက ဟုတ်ဟုပြောရင်း ခေါင်းညိတ်ပြသည်။ သားကိုထားခဲ့ပြီး ဦးမြင့်ဌေး အိမ်ပြန်လာခဲ့သည်။

ဦးမြင့်ဌေးနှင့် ဒေါ်ဝိုင်းတို့က  သာစည်မြို့၏ မြောက်နားက ရွာတစ်ရွာမှာနေသည့် တောင်သူတွေဖြစ်သည်။ သားသမီး ရှစ်ယောက်ရှိပြီး အကြီးမလေးတစ်ယောက်သာ အိမ်ထောင်ကျသေးကာ  ကျန်သူတွေက ကျောင်းသားတွေ။  အရွယ်တွေကလည်း မရောက်ကြသေး။ သားသမီးများလွန်းသဖြင့် အတော်လေးကသီသည်။  ၀ပ်ရှော့မှာ ပညာသင်သွားသည့်ကလေး ဟိန်းမင်းသန့်က ငါး ယောက်မြောက်ဖြစ်သည်။ ဟိန်း မင်းသန့်က လူကသေးသေး၊ ဆံ ပင်နီကြောင်ကြောင်လေး ဖြစ် သည်။  အဆော့ကလည်း မက် သေးသည်။

ဟိန်းမင်းသန့်က မနှစ်ကခြောက်တန်း နှစ်ဝက်လောက်ထိတက်ပြီး ကျောင်းထွက်ခဲ့သည်။  အိမ်မှာမိသားစုကလည်းများ၊ ၀င် ငွေကလည်းနည်းလှသည်မို့ အိမ် အတွက် သူတတ်နိုင်သလောက်  ၀န်ထမ်းချင်ပုံရသည်။ သာစည် မြို့ထဲက  လက်ဖက်ရည်ဆိုင်တစ် ဆိုင်မှာ စားပွဲထိုးဝင်လုပ်သည်။  စားပွဲထိုးလုပ်ပြီး ပညာလည်းရအောင် ၀ပ်ရှော့သို့ပြောင်းသည်။  ၀ပ်ရှော့ရောက်တာကလည်း ခုနစ် ရက်သာရှိသေးသည်။  သူ ကျောင်းထွက်တော့ ဆရာမတွေကဆို မထွက်စေချင်ကြ။ ဟိန်းမင်းသန့်က  ဉာဏ်တော့အတော်ကောင်း သည်တဲ့။

 ညနေ ၆ နာရီလောက်မှာ ဦးမြင့်ဌေး ဆိုင်ကယ်ဖြင့် သူ့သား ၀ပ်ရှော့ကို သွားကြိုသည်။ မိုးက လေးက ဖွဲဖွဲလေးကျနေသည်။  ၀ပ်ရှော့ရောက်တော့ ဆိုင်ကပိတ် ထားသည်။ သူ့သားကိုလည်း မတွေ့ရ။ ၀ပ်ရှော့ဆရာနဲ့များ  သူ့အိမ်ပါသွားလား တွေးမိသည်။  သို့ဖြင့် ဦးမြင့်ဌေးဆိုင်ကယ်ကို ၀ပ်ရှော့ဆရာအိမ် ဦးတည်လိုက် သည်။ ၀ပ်ရှော့ဆရာအိမ်ရောက် တော့ ဟိန်းမင်းသန့် မလာ ကြောင်း၊ သူလည်းသွားစရာရှိလို့ ၀ပ်ရှော့ကို ဟိန်းမင်းသန့်နဲ့ ထားခဲ့ ချင်တာတောင် သူမလာ၍ ၀ပ် ရှော့ တစ်ရက်ပိတ်လိုက်ကြောင်း ၀ပ်ရှော့ဆရာက ပြောပြသည်။  ဦးမြင့်ဌေး ခေါင်းကြီးသွားသည်။  ဒီကလေး ဘယ်များသွားတာပါ လိမ့်။ အိမ်နှင့်လည်းစိတ်ဆိုးစိတ် ကောက်၊ ရန်ဖြစ်တာလည်းမရှိ။ မနက်က လိုက်ပို့တုန်းကတောင် ကြည်ကြည်သာသာ။ 


မိဘနှစ်ပါး၊ မိသားစုဝင်အချို့နှင့် အတူတွေ့ရသည့် မောင်ဟိန်းမင်းသန့် (ဓာတ်ပုံ – ညီညီဇော်)

ဦးမြင့်ဌေး သူသွားနိုင်မည့် နေရာတွေ  သာစည်တစ်မြို့လုံး ပတ်ရှာသည်။ မိုးတွေကလည်းရွာ လိုက်တာ။ သားကို ဘယ်လိုမှ မတွေ့။ မိသားစုတွေပြောပြတော့  အကုန်လုံး စိတ်ပူကုန်ကြသည်။  နားလည်တဲ့သူတွေကို အင်တာ နက်တွေပေါ် လူပျောက်တင်ခိုင်း သည်။ သာစည်ရဲစခန်းကိုလည်း  လူပျောက် သွားတိုင်လိုက်ကြ သည်။ ကလေးသာသာ ရှိသေး သည့် သားလေးအတွက် ဦးမြင့် ဌေး စိတ်တွေပူလောင်နေခဲ့သည်။  တစ်ခါမှ မိဘမပါဘဲ ဘယ်မှမသွား ဖူး၊ မလာဖူးသူ။ ဘာတွေဖြစ်လို့ ဘယ်တွေရောက်နေပြီလဲ…။

အဖေက ဆိုင်ကယ်ဖြင့် ၀ပ် ရှော့ရှေ့ချပေးပြီးတော့ ဟိန်းမင်း သန့် ဆိုင်ဘေးနားမှာ ၀င်ထိုင် လိုက်သည်။ မကြာခင် ၀ပ်ရှော့ ဆရာလာလျှင် သူအလုပ်စလုပ်ရ မည်။ အဖေ သူ့ကိုပို့ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက် အကြာမှာ လူ သုံးယောက် ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသည်။ အသက်(၃၀) ၀န်းကျင်လောက်ရှိမည့်ယောက်ျားသုံးယောက်ဖြစ်သည်။  ဆိုင်ကယ်ပြင်ချင်လို့တဲ့။  ဆရာ မရောက်သေးကြောင်း ပြောတော့  အရေးကြီးလို့ သူ့အိမ်လိုက်ပို့ဖို့  ပြောသည်။

ဟိန်းမင်းသန့်လည်း အရေး ကြီးသည်ဆို၍ လိုက်ပြပေးမည် ပြောလိုက်သည်။ ဆိုင်နှင့်ဝပ်ရှော့ ဆရာအိမ်က နည်းနည်းလှမ်း သည်။ လူကြီးတွေက သူတို့ဆိုင် ကယ်ပေါ်လိုက်ပြီး လိုက်ပြပေးဖို့ ပြောသည်။ ဟိန်းမင်းသန့်လည်း  သူတို့ ဆိုင်ကယ်ပေါ်တက်ကာ လေးယောက်သား ကျပ်ကျပ်ညပ် ညပ်ဖြင့် ၀ပ်ရှော့ဆရာအိမ်ထွက် ခဲ့ကြသည်။

ဝပ်ရှော့ဆရာအိမ်ဝင်းရှေ့ ရောက်တော့ ဆိုင်ကယ်ကို ရပ် လိုက်သည်။ ဟိန်းမင်းသန့်က ဒီ အိမ်ပဲဟု ပြောလိုက်သည်။ ထို လူတွေထဲက တစ်ယောက်က မဟုတ်ပါဘူး ကောင်လေးရဆိုပြီး  သူ့ပခုံးကိုပုတ်လိုက်သည်။ ထူး ဆန်းသည်မှာ ဒီအိမ်ဟုတ်ပါရဲ့နဲ့ မဟုတ်ဘူးပြောတာကို သူမငြင်း နိုင်ခြင်းပင်။ သူစိတ်တွေဘာဖြစ် နေသည်မသိ။ နှုတ်ဆိတ်သွားခဲ့ လေသည်။

ဆိုင်ကယ်က ၀ပ်ရှော့ဆရာ အိမ်ဝင်းနားကနေ ပြန်ထွက် သည်။  သူ ဆိုင်ကယ်ပေါ်ပြန်ပါ သွားသည်။ ဆိုင်ကယ်သည်  သာ စည်ဘူတာ တောင်ဘက်နားမှာ  တဝေ့ဝေ့နှင့် ပတ်မောင်းနေ သည်။ သူ ဘာကြောင့် ပြန်တော့ မယ်ဆိုတာကို မပြောနိုင်တာလဲ စဉ်းစားမရ။ ခဏနေတော့  သာ စည်ဘူတာကနေ ရထားတစ်စီး ထွက်လာသည်ကို တွေ့ရသည်။ လူနှစ်ယောက်က ဆိုင်ကယ်ပေါ် ကဆင်း၍ သူပါဆင်းလိုက်သည်။ တစ်ယောက်က ဆိုင်ကယ်မောင်း ကာ ပြန်ထွက်သွားသည်။ လူကြီး နှစ်ယောက်နှင့် သူကျန်ခဲ့သည်။ 

ရထားက တလိမ့်လိမ့်ထွက် လာသည်။ နီညိုရောင်ကုန်တင် တွဲကြီးတစ်တွဲ သူတို့အနားရောက် လာတော့ လူတစ်ယောက်က အ ရင်တက်သည်။

သူ့ပါတက်ခိုင်းသည်။ သူတက်ပြီးနောက်  နောက်ထပ် ကျန်တဲ့လူတစ်ယောက်က တက်သည်။ ရထားလမ်းကူးဖို့ တွဲထဲကနေ ဖြတ်တာလားလို့လည်း သူတွေးမိလောက်သေးသည်။ တွဲပေါ်မှာ ဘယ်သူမှမရှိ။ သူတို့အပေါ်ရောက်ပြီးတော့  အပေါက်တွေမှာ ထိုလူနှစ်ယောက်က ပိတ်ကာရပ်နေသည်။  ရထားက တဖြည်းဖြည်း အရှိန်ရလာသည်။ သူ ထိုလူနှစ်ယောက်ကိုသာ ကြောင်တောင်တောင် ငေးကြည့် နေသည်။ ဘယ်ကိုသွားနေတာလဲ၊ သူ့ကို ဘာလုပ်ဖို့ခေါ်သွားတာလဲ ဘာမှလည်းမမေးမိ။  မေးဖို့လည်း မစဉ်းစားမိ။ သူနေသော သာစည်မြို့ကလေးသည် တဖြည်းဖြည်းနှင့် အဝေးမှာ ကျန်ခဲ့လေသည်။

ရထားကတော့ ဂျုန်းဂျုန်း ဂျက်ဂျက်ဖြင့် တလိမ့်လိမ့်ခုတ် မောင်းနေသည်။ တံခါးပိတ်ထား လိုက်ပြီဖြစ်သဖြင့် မှောင်မည်း နေသည်။ သူနိုးနေသလား၊  အိပ် ပြီး လိုက်လာခဲ့တာလားလည်း မသိ။ သူမှတ်မိနေတာက ခပ် လှမ်းလှမ်းမှာတော့ သူ့ကိုခေါ်လာ ခဲ့သည့်လူနှစ်ယောက်ရှိနေသည်။  ဖုန်းသုံးနေတာတွေ့တော့မှ သူတို့ ရှိနေကြောင်း သိခြင်းဖြစ်သည်။ ထိုလူနှစ်ယောက် အရက်တွေ လား၊ ဘီယာတွေလား သောက် နေကြတာတွေ့သည်။ စကားတွေ လည်းပြောနေသည်။ သူတို့စကား တွေထဲမှာ တနင်္သာရီတိုင်းဘက် သွားမယ့်အကြောင်း ပြောနေသံ တွေကြားရသည်။ ထိုအချိန်ထိ သူသည်  ကြောင်တောင်တောင် ဖြစ်နေလေသည်။

သူ အိပ်ပျော်သွားတာလား တော့မသိ။ နိုးလာတဲ့အချိန်၊ အ သိစိတ်ဝင်လာတဲ့အချိန်မှာ သူ ရထားတွဲကြီးတစ်တွဲပေါ်ရောက် နေခဲ့တာ  သိခဲ့သည်။ သူဘာ ကြောင့် ဒီရထားတွဲပေါ်ရောက်နေ ရတာလဲ ပြန်စဉ်းစားကြည့်တော့  သူ့ကိုလူနှစ်ယောက် ခေါ်လာခဲ့ တာ အမှတ်ရသည်။ ထိုအချိန်မှာ  သူ့အသိစိတ်သည် သာမန်ပြန်ဖြစ် လာခဲ့လေပြီ။ ဘာမပြော၊ ညာ မပြောနှင့် ခေါ်လာခဲ့သော လူစိမ်း နှစ်ယောက်။ ဘာကြောင့်မှန်းမသိ  လိုက်ပါလာခဲ့သောသူ။ သေချာပြီ  တစ်ခုခုတော့လွဲနေပြီ။ သူတို့ မဟုတ်တာတစ်ခုခုလုပ်ဖို့အတွက်  သာ သူ့ကိုခေါ်လာခဲ့ခြင်းဖြစ်မည် ဟု သူတွေးပါလေပြီ။ 

သူထွက်ပြေးဖို့ ဆုံးဖြတ် သည်။ တွဲကြီးကတော့ မှောင် မည်းနေဆဲ။ လူနှစ်ယောက်လည်း  အသံမကြားရတော့။ မူးပြီးမှောက်နေတာဖြစ်မည်။ သူ စိတ်တွေလှုပ်ရှားလာသည်။ အပေါက်၊ ထွက်တဲ့အပေါက် သူရှာရမည်။ သူစမ်းတမ်းစမ်းတမ်းဖြင့် အပေါက်နား တစ်ရွေ့ရွေ့ တိုးသွားသည်။ ရထားကတော့ တ၀ုန်းဝုန်း ခုန်ပေါက်နေသည်။ သူတံခါးပေါက်ကို စမ်းမိသည်။ လက်နှစ်ဖက်ဖြင့် တံခါးချက်နေရာကိုရှာသည်။ တွေ့သည်။ သို့သော်  ပလက်စတစ်ကြိုးတွေနှင့် အထပ်ထပ် ချည် နှောင်ထားလေသည်။ 

သူ ရင်တွေ တဒိတ်ဒိတ်ခုန် လာသည်။ ဒီကြိုးတွေ ဖြေမှရ မည်။ လက်နှင့် ဖြေကြည့်သည်။ မရ။ ထူထဲစွာ ချည်နှောင်ထား ခြင်းဖြစ်သည်။ တစ်ခုခုနှင့်ဖြတ်မှ သာရမည်။ ဖြတ်လို့ရတဲ့အရာ ဘာများရှိမလဲ သူတွေးသည်။  တွဲကြမ်းပြင်ပေါ် သူလက်နှင့် စမ်းကာရှာသည်။ ကံကောင်းသည်၊ ကျောက်ခဲတုံးတစ်တုံးကို  သူစမ်းမိသည်။ ထိုကျောက်ခဲကိုယူကာ ပလတ်စတစ်ကြိုးအုံကို  ဖြတ် သည်။ မမြင်ရသော်လည်း  တွဲ ထဲ ဟိုလူနှစ်ယောက်ရှိနေသေး တာကို သူသိသည်။ မူးမူးနှင့် အိပ် နေကြခြင်းဖြစ်မည်။ သူတို့ မကြား အောင် သတိထားဖြတ်ရသည်။ တော်သေးသည်။ ရထားက တ ၀ုန်းဝုန်းအသံ၊ ဘူးဘော်ဟုအော် သည့် ဥသြဆွဲသံများကြောင့်ကြိုး ဖြတ်သည့် အသံမကြားရတော့။

ကြိုးတွေက တော်တော်နှင့် မပြတ်။ ခဏနေတော့ ရထားက အရှိန်နှေးလာပြီ။ ‘‘ကွမ်းယာရ မယ်…ဆေးလိပ်ရမယ်’’ …သူ ခေါင်းနားပန်း ကြီးသွားသည်။ ရထားဘူတာ ဆိုက်တော့မည်။ ဘူတာရောက်လျှင် ဟိုလူနှစ် ယောက် နိုးလာတော့မည်။ သူ့ကို ဘယ်ခေါ်သွားတော့မည်မသိ။  သူလွတ်ရန်မလွယ်တော့။ သူကြိုး စားဖြတ်ရင်း ကြိုးတွေပြတ်သွား လေသည်။ ကြိုးပြတ်ပြီးနောက်  တံခါးကို အသာလေးဟကာ သူ့ တစ်ကိုယ်စာလေးရတာနှင့် တစ် ခါတည်း လျှိုဝင်ကာထွက်လိုက် သည်။  ဘူတာပလက်ဖောင်းပေါ် ခြေအကျ ရထားကလည်းလှုပ်သ ဖြင့် တံခါးကလည်း  သူ့အလိုလို ပြန်စေ့သွားလေသည်။

 သူကြောက်အားလန့်အား ဖြင့် ထွက်ပြေးသည်။  သူဘယ် ရောက်နေလဲဆိုတာမသိ။ ဘူတာ ကြီးကလည်းအကြီးကြီး။ လူတွေ ကလည်းအများကြီး။ လှေကား တစ်ခုတွေ့၍ သူတက်ပြေးသည်။  အဲဒီအချိန်မှာ ရဲတွေ၊ ဘာတွေဆီ သွားဖို့ သူစိတ်ကူးမရ။  ဟိုလူနှစ် ယောက်လက်ထဲကနေသာ လွတ် မြောက်ဖို့ အဓိကဖြစ်နေသည်။  ခုံးတံတားတစ်ခုပေါ် ရောက်သွား သည်။ အောက်ကိုလှမ်းကြည့် တော့ ရထားတွဲတွေတော့ မြင်နေရသည်။  အမျိုးသမီးကြီးတစ် ယောက်တွေ့တော့ ‘‘အစ်မ ဒါ ဘယ်ရောက်နေတာလဲ’’ဟု မေး လိုက်သည်။ ‘‘ရန်ကုန်’’တဲ့။ သူအံ့သြသွားသည်။ 

ရန်ကုန်ဆိုတာ သူတစ်ခါမှ မရောက်ဖူး။ အမေတို့နှင့်မန္တလေး ကိုသာ ရထားနှင့် တစ်ခါနှစ်ခါ လောက်သာရောက်ဖူးသည်။ ရန် ကုန်ဆိုတာ မြို့အကြီးကြီးဆိုတာ တော့သူသိသည်။ သာစည်ရဲ့ တောင်ဘက်မှာရှိတာ၊ သူတို့နေ တဲ့ သာစည်နှင့် တော်တော်ဝေး တာကိုလည်းသူသိသည်။ နေ့စဉ် ဖြတ်သွားနေတဲ့ ရန်ကုန်ရထား တွေသူမြင်ဖူးသည်။ အမျိုးသမီး ကြီးက ဘာဖြစ်လာတာလဲဟု မေး တော့ ဖြစ်ခဲ့တာတွေ ပြောပြ သည်။ သူ့ကို မုန့်ဖိုးငါးရာပေးခဲ့ သည်။


ဘောင်းဘီအတွင်း ထည့်ထား၍ အဝတ်လျှော်စဉ် စုတ်ပြဲသွားသော နေပြည်တော် ဘူတာကြီး ရဲတပ်ဖွဲ့ဝင်များက ပြုလုပ်ပေးခဲ့သည့် ထောက်ခံစာ (ဓာတ်ပုံ – ညီညီဇော်)

 နေကလည်း ထွက်လာ သည်။ ငွေငါးရာနှင့် သာစည်ကို ဘယ်လိုမှ ပြန်လို့မရနိုင်တာတွေး ရင်း သူစိတ်ညစ်သွားသည်။ ရန်ကုန်မြို့ထဲဝင်ဖို့ သူစဉ်းစားကြည့် သည်။ မလွယ်။  သူမျက်စိတွေ လည်ပြီး ပိုပြီးသာ ဒုက္ခရောက်တော့မည်။ ထိုအချိန်ရထားတစ်စီး ထပ်ဆိုက်လာသည်။ သာစည် များရောက်မလား သူတွေးမိ သည်။ သူ ဘူတာထဲ ကြောက် ကြောက်နှင့် ပြန်ဝင်လိုက်သည်။

 ဟိုလူနှစ်ယောက် မမြင် အောင် ပုန်းကာဝှက်ကာနှင့် ဘူ တာထဲပြန်ရောက်သည်။ လက် မှတ်ရုံဆီသွားသည်။  အခြား ရထားတွေကလည်း မရှိသေး။ သူ ဒီဘူတာကနေလည်း အမြန် ထွက်မှရမည်။ ဟိုလူနှစ်ယောက် နှင့်ပြန်တွေ့လျှင် သူပြန်အဖမ်း ခံရမည်။ သူမြန်မြန်ဆုံးဖြတ်ကာ  ဒီရထားနှင့် ဘယ်ရောက်ရောက်  လိုက်သွားဖို့ ဆုံးဖြတ်သည်။  လက်မှတ်တစ်စောင် ၀ယ်လိုက် သည်။ တစ်ရာပေးရသည်။ သူမြို့ပတ်ရထားပေါ် ပါသွားလေ သည်။

ရထားပေါ်ရောက်တော့ ဒီ ရထားက ဘယ်မှာဂိတ်ဆုံးတာလဲ သာစည်အထိ ရောက်လားဟုမေးကြည့်မိသည်။ ‘‘ဒါက မြို့ပတ် ရထားလေ ဘူတာကြီးပဲ ပြန် ရောက်မှာ’’ဟုပြောတော့ သူ မျက်လုံးပြူးသွားသည်။ ဘူတာကြီးပြန်ရောက်လျှင်  ဟိုလူနှစ်ယောက်နှင့် တိုးနိုင်သည်။ မဖြစ်သေး။ ထိုအချိန် ဘူတာတစ်ခုမှာ ရထားကရပ်သည်။  ဆိုင်းဘုတ်ကြည့်လိုက်တော့ ငမိုးရိပ်တဲ့။ လူတွေလည်းဆင်းနေသဖြင့် သူ ဆင်းလိုက်လေ သည်။

ဘူတာရောက်ပြီးတော့ သူ လမ်းကျဉ်းလေးတစ်ခု တွေ့တာ နှင့် ၀င်သွားလိုက်သည်။ ထိုလမ်း လေးကထွက်တော့ လိုင်းကား တွေတွေ့ရသည်။ တစ်ယောက်  ဘယ်လောက်လဲဟုမေးတော့ နှစ် ရာဆိုတာနဲ့ သူ တက်လိုက်လိုက် သည်။  သူ လက်ထဲ နှစ်ရာသာ ကျန်တော့သည်။ ထိုလိုင်းကား နှင့် လိုက်လာရင်း တစ်နေရာ ရောက်တော့ လူတွေတော်တော် များများဆင်းကြသည်။ သူလည်း လိုက်ဆင်းရသည်။ ဘယ်ရောက် နေတာလဲမေးတော့ ရွာသာကြီး တဲ့။

ထိုရောက်တော့ သူဗိုက်တွေ ဟာလာခဲ့သည်။ ညကလည်း ဘာမှမစားခဲ့ရ။ သို့ဖြင့် ကားဂိတ် နားက ကြက်ဥပြုတ်ရောင်းနေ တာတွေ့တော့ ဘယ်လောက်လဲ မေးကြည့်သည်။ တစ်လုံးနှစ်ရာ တဲ့။ နောက်ဆုံးကျန်တဲ့ ငွေနှစ်ရာ ဖြင့် သူကြက်ဥပြုတ်တစ်လုံး ၀ယ် စားလိုက်သည်။ ကြက်ဥပြုတ် စားရင်း  သူ ဘယ်လိုရှေ့ဆက်ရ မလဲစဉ်းစားသည်။  လက်ထဲမှာ လည်း တစ်ပြားမှမကျန်တော့။ ဘေးဘီဝေ့ကြည့်တော့ အရက် ဆိုင်တစ်ဆိုင် တွေ့ရသည်။  သူ အရက်ဆိုင်ထဲ ၀င်သွားလိုက် သည်။

အရက်ဆိုင်ရှင်ဖြစ်ပုံရသည့် ဦးလေးကြီးတစ်ယောက်အား  သူဖြစ်ကြောင်းကုန်စင် ပြောပြ သည်။ ပြီးနောက် ‘‘ကျွန်တော်  သာစည်ပြန်ချင်လို့ စရိတ်မရှိလို့ နှစ်ရက်လောက် အလုပ်ပေးပါ လား’’ဟု တောင်းသည်။ နှစ်ရက် လောက်ဆိုရင်တော့ ရထားလက်မှတ်ခလောက်တော့ ရနိုင် လောက်မည်ဟု သူတွေး၍ဖြစ် သည်။ ဦးလေးကြီးက နှစ်ရက် ထက် ပိုလုပ်ချင်လည်း ရတဲ့အ ကြောင်းပြောသည်။ သို့သော် သူ မနေနိုင်တော့။ သာစည်က အမေ တို့၊ အဖေတို့ စိတ်ပူနေလောက်ပြီ၊  သူပြန်မှဖြစ်မည်။ ဦးလေးကြီး က လက်ခံတာနှင့် သူဆိုင်ထဲဝင် လိုက်သည်။

 ဦးလေးကြီးတို့က သူ့ကို ထမင်းတွေ၊ ဟင်းတွေ ချကျွေး သည်။ သူအားပါးတရစားသည်။  ထိုနေ့ အလုပ်စဆင်းကာ စားပွဲ ထိုးအလုပ် စလုပ်သည်။  ည ရောက်တော့လည်း အိပ်စရာပေး သည်။ မနက်လင်းတော့ ဆိုင်က အဒေါ်ကြီးဈေးကအပြန်မှာ သူ့အတွက် အင်္ကျီ၊ ဘောင်းဘီတစ်စုံ ၀ယ်လာပေးသည်။  သူလည်း အ ၀တ်တစ်ထည်ကိုယ်တစ်ခုမို့ ၀မ်း သာအားရယူသည်။ ထိုဆိုင်မှာနှစ် ညအိပ်ပြီးနောက် ဇွန်လ ၄ ရက် နေ့မနက် သူနိုးတော့ ဦးလေးကြီး တို့က ပြန်မှာလားမေးသည်။ သူ ပြန်မယ့်အကြောင်းပြောတော့ သူ့ကို ငွေတစ်သောင်း ထုတ်ပေး သည်။ အိမ်ကိုရောက်အောင်ပြန် ဟုလည်း မှာလိုက်သည်။ ထိုဆိုင် ကနေ ပဲခူးကိုကားဖြင့်တစ်ထောင် ပေးကာ လိုက်ရသည်။ ပဲခူး ရောက်တော့ ဆိုင်ကယ်တက္ကစီ ငှားသည်။ ငါးရာပေးရသည်။ ပဲခူးဘူတာရောက်တော့ မန္တလေး ရထားကမလာသေး။ နေပြည် တော်သွားမယ့် ရထားကတော့ လာတော့မည်ဟုဆို၍ နေပြည် တော်ရထားလိုက်ဖို့ ပြင်သည်။ 

ခက်တာက  နေပြည်တော် ရထားလက်မှတ်ဝယ်ဖို့ သူ့မှာ မှတ်ပုံတင်ကမရှိ။ ရထားလက် မှတ်ဝယ်လျှင်  မှတ်ပုံတင်လိုသည် ဟု သူကြားဖူးသည်။  ရထားလာ တော့ ဘာဖြစ်ဖြစ်ဟုတွေးကာ ရထားပေါ် တက်လိုက်သည်။  လက်မှတ်စစ်ကိုတွေ့တော့ သူ အကျိုးအကြောင်း ပြောပြသည်။  လက်မှတ်စစ်တွေက သူတို့နား လာထိုင်ခိုင်းသည်။ လက်မှတ်စစ် နှစ်ယောက်က နေ့ခင်းမှာ တစ် ကြိမ်၊ ညနေမှာတစ်ကြိမ် ထမင်း ဘူးနှစ်ဘူး ၀ယ်ကျွေးလေသည်။ 

ညပိုင်းမှာ  နေပြည်တော် ဘူ တာကြီးရောက်သွားသည်။ ရဲမေ တစ်ယောက်တွေ့တော့ အကျိုး အကြောင်းပြောပြ အကူအညီ တောင်းလိုက်သည်။ ရဲမေက စခန်းထဲခေါ်သွားရင်း လူကြီးတွေ က မေးမြန်းသည်။ ထိုအချိန် မန္တ လေးသွားမည့် အမြန်ရထားက  ထွက်သွားလေပြီ။  သူ့ကိုထောက် ခံစာလုပ်ပေးသည်။ ည ၁၂ နာရီ လောက်မှာ သာစည်-ရွှေညောင်  လော်ကယ်ရထားတစ်စင်း ဆိုက် လာသည်။  သူ အပြေးအလွှား တက်ခဲ့လိုက်သည်။ ရထားမြင် လျှင် ဟိုလူတွေကိုတွေးပြီး စိုးရိမ် နေ၍  ရဲသားပါတဲ့အတွဲကို သူ တက်ခဲ့သည်။ ရဲသားကြီးတစ် ယောက်က သူ့အနားမှာလာထိုင် ဖို့ ပြောသည်။

ရထားထွက်တော့ သူ သာ စည် ပြန်ရောက်တော့မည်ဖြစ်၍  ပျော်သွားခဲ့သည်။ ကောင်း ကောင်းအိပ်မရ။ ဘူတာတစ်ခု ရောက်တိုင်း  သာစည်ရောက်ပြီ လားဟုမေးမိသည်။ မတော် သာစည်ကိုကျော်ပြီး ရွှေညောင် ထိပါသွားမှာ စိုးတာဖြစ်သည်။ ရဲ သားကြီးက အေးအေးဆေးဆေး အိပ်ဖို့ သာစည်ရောက်လျှင် နှိုး မည့်အကြောင်းပြောသည်။ ထိုသို့ ဖြင့် သူစိတ်ချလက်ချအိပ်လိုက် သည်။ 

‘‘ကောင်လေး ထထ သာ စည်ရောက်ပြီ’’ဟု ရဲသားကြီးအ သံကြားတော့ သူနိုးလာခဲ့သည်။  သူပျော်သွားသည်။ သူ့မိသားစု ရှိသည့်သာစည်ကို သူပြန်ရောက် ခဲ့လေပြီ။ ရဲသားကြီးကို နှုတ် ဆက်ရင်း  သာစည်ဘူတာမှာ ဆင်းလိုက်သည်။ ဆိုင်ကယ် တက္ကစီငှားမည်အလုပ် ဘူတာကို လူလာပို့သည့် ရွာထဲကလူတွေ နှင့်ဆုံတော့ ပြန်လိုက်သွားသည်။  မနက်မိုးကတော့ မလင်းသေး။  သုံး၊ လေးနာရီလောက်ဖြစ်မည်။

သူတို့အိမ်ကလေးမှာ တိတ် ဆိတ်နေသည်။ ‘‘အမေရေ…အမေ’’ဟု အော်ကာ အိမ်ပေါ်ပြေး တက်သည်။ သားပျောက်သွားက တည်းက နေ့စဉ်မျက်ရည်နှင့်မျက် ခွက်ဖြစ်ခဲ့ရသော မိဘနှစ်ပါး တအံ့တသြဖြစ်ကြရသည်။ သားက ဖြစ်ကြောင်းကုန်စင်ပြောပြရင်း မိခင်ကိုဖက်ကာ ငိုပါလေသည်။ 

အခုတော့ ဟိန်းမင်းသန့် လေး ရွာပြန်ရောက်ပါပြီ။ သူပြန် ရောက်၍ သူနှင့်ဆော့ဖော်ဆော့ ဖက် ညီလေးတွေ၊ ညီအစ်ကို၊ မောင်နှမတွေ ၀မ်းသာကြရ သည်။ တစ်ရွာလုံးလည်း ၀မ်းသာ ကြသည်။ ၀ပ်ရှော့ကိုတော့ ပြန် မပို့တော့ပါ။ ဟိန်းမင်းသန့်လေး က ဉာဏ်ကောင်းလွန်း၍ ဖြစ်နိုင် လျှင် ကျောင်းလေးပြန်ထားနိုင်ရန် မိဘတွေ၊ အစ်ကို၊ အစ်မတွေက ကြိုးစားနေသည်။ ဟိန်းမင်းသန့် က သူ့အတွေ့အကြုံကို ညီလေး တွေကို ပြန်ပြောပြသည်။ သူ့ညီ တွေကတော့ သူ့ရဲ့သည်းထိတ်ရင် ဖိုအဖြစ်အပျက်တွေကို မျက်လုံး အ၀ိုင်းသားနှင့် နားထောင်နေခဲ့ ကြလေသည်။        ။

Credit:7 days News

Comments are closed.