
အင်ဒိုနီးရှားနိုင်ငံသားကို ပထမအချီတွင် အလဲထိုးဖြင့် ဖိုးသော် အနိုင်ရ
တရုတ်နိုင်ငံတွင် ယနေ့ ကျင်းပသည့် One Championship MMA ပြိုင်ပွဲတွင် မြန်မာကစားသမား ဖိုးသော်က အင်ဒိုနီးရှားနိုင်ငံသား ဗစ်တိုရီယို ဆန်ဒက်ကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။Legendary Quest အမည်ဖြင့် ပြုလုပ်မည့် MMA (One Championship) ပြိုင်ပွဲကို ဇွန်လ ၁၅ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ပြီး ဖိုးသော်သည် ဖယ်သာဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် အင်ဒိုနီးရှားနိုင်ငံသား ဗစ်တိုရီယို ဆန်ဒက်နှင့် ထိုးသတ်ခဲ့သည်။

ယင်းပွဲတွင် ဖိုးသော်သည် လက်သီးချက်နှင့် ချုပ်ကွက်ကို အားပြုယှဉ်ပြိုင်ခဲ့ပြီး ဆန်ဒက်က ၎င်းအားသာသည့် ခြေကန်ချက်များကို ပြန်လည်ခုခံခဲ့သည်။ ပွဲအစ တစ်မိနစ်ကျော်၌ ဖိုးသော်သည် ဆန်ဒက်ကို ချုပ်ကွက်ဖြင့် အနိုင်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဆန်ဒက်က ပြန်လည် ရုန်းထွက် နိုင်ခဲ့သည်။ ပထမအချီ ပြီးဆုံးခါနီး၌ ဖိုးသော်သည် ဘယ်၊ ညာ လက်သီးတွဲလုံးများဖြင့် ဆန်ဒက်ကို တောက်လျှောက် ထိုးသတ်ခဲ့ပြီး ညာဝိုက်လက်သီးချက်ဖြင့် ဆန်ဒက်ကို အဆုံးသတ်နိုင်ခဲ့သည်။ ယင်းပွဲအနိုင်ရလဒ်ကြောင့် ဖိုးသော်သည် ပြည်ပ၌ ပထမဦးဆုံးအကြိမ်နိုင်ပွဲရယူနိုင်ခဲ့သည်။