ကလေး ၂၆ ယောက်မွေးခဲ့တဲ့ မြန်မာနိုင်ငံက ခေတ်သစ်ရှင်မွေးလွန်း

ကလေး ၂၆ ယောက်မွေးခဲ့တဲ့ မြန်မာနိုင်ငံက ခေတ်သစ်ရှင်မွေးလွန်း

ဒီတစ်ပတ်မှာတော့ ပရိသတ်တွေ အံ့အားသင့်သွားမယ့် ခေတ်သစ် ရှင်မွေးလွန်း အကြောင်းကို တင်ဆက်ပေးသွားပါမယ်။ ဒေါ်ခင်မာမြင့်ဆိုသူက သူမရဲ့ ယောကျာ်းနဲ့ အခုလက်ရှိမှာ ကလေး ၂၆ ယောက်ကို ဘယ်လိုပြုစုပျိုးထောင်လဲဆိုတာ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

လူတွေကတော့ ပြောကျတာပေါ့ ရှင်မွေးလွန်း၊ အလကားနေ ဥနဲ့ ဗိုက်နဲ့မပြတ်ဘူး အဲ့လိုပြောကျတာပေါ့။ တကယ်လဲမပြတ်ဘူးလေ။ သူတို့ကတော့ စိတ်ပူလို့ပြောကျတာပေါ့။ ဟုတ်ကဲ့ကလွဲပြီး ကျန်တာမတုန့်ပြန်ပါဘူး။ ကျန်တာတော့ဘာမှ မတွေးပါဘူး။ အိမ်ထောင်ရယ်လို့ဖြစ်လာရင် သားသမီးဆိုတာ ရကြမှာပဲ။ အဲ့ဒီ့အပေါ်မှာ စိတ်တူကိုယ်တူရှိဖို့ပဲလိုပါတယ်။

အန်တီက သန်လျင်ကနေ ရုံးသွားတော့ ဦးအိမ်ရှေ့ကနေဖြတ်ရတယ်လေ။ အဲ့မှာ အကြောင်းပါတာပါပဲ။ ၁၈နှစ်မွေးနေ့လုပ်ပြီး နောက်နေ့ ၁၈နှစ် ၁ရက်မှာ ဦးနဲ့အိမ်ထောင်ပြုခဲ့တာပါ။ ဦးက ၂၅နှစ် ၁၀လ၊ အန်တီက ၁၈ နှစ်၁လမှာ ယူကြတာပေါ့။ ၁၉၇၅ ကနေ ၂၀၀၂ ထိ အန်တီမွေးခဲ့တာပါ။ ယောကျာ်းလေးက ၁၂ယောက် သမီး ၁၄ယောက်ပါ။ အခုလက်ရှိမှာ သက်ရှိတင်ရှား ၁၅ယောက်ရှိပါတယ်။ တစ်နှစ်တစ်ယောက်မွေးခဲ့တာပါ။ အမွှာတောင်မွေးလိုက်သေးတယ်။ ၇၈မှာ မိန်းကလေးအမွှာ၊ ၇၉မှာ ယောကျာ်လေးအမွှာ။

ဦးကတော့ အဲ့အချိန်က ဝန်ထမ်းလုပ်ပါတယ်။ အန်တီကတော့ ကလေးတွေရလာတော့ ဝန်ထမ်းအလုပ်ကနေ ထွက်ပြီး သူဝါသနာပါတဲ့ အရောင်း အဝယ်လုပ်ကို လုပ်ခဲ့ပါတယ်။ အဲ့ဒီ့ အချိန်အတိုင်းအတာအရတော့ နှစ်ယောက်ရှာတာ ဒီမိသားစုကို ထိန်းသိမ်းနိုင်ပါတယ်။ မချမ်းသာပေမယ့်စားဖို့နေဖို့ ဝတ်ဖို့ ကျောင်းနေဖို့ကတော့ လောက်ပါတယ်။ ၂၀၀၆ လောက်ကစပြီး ရှင်ဆန္ဒာဓိက နဲ့ မိခင်ကလေး အသင်းကထောက်ပံ့ပေးပါတယ်။ မယ်တော်ကြီးက ဒေါ်လာ ၃၀၀၀ရယ်၊ ငွေသိန်း ၃၀ဆယ်ရယ် ချီးမြှင့်တယ်။

ဦးကတော့ အမျိုးသမီးက တစ်နှစ်တစ်ယောက်မွေးနေကျ နောက်ပြီး OG တွေနဲ့လည်း အပ်ထားပြီးသားဆိုတော့ သိမ့်ပြီး စိုးရိမ်စိတ်မရှိပါဘူး။ ကျန်းမာရေးလေးပဲ ဂရုစိုက်ရတာပါ။ ဦးက အန်တီ့အပေါ်မှာ အရမ်း ကြင်ကြင်နာနာရှိတယ်။ အရမ်းဆိုးတဲ့ယောကျာ်းမဟုတ်ဘူးလေ။ သူအဲ့လို ဂရုစိုက်တော့ အန်တီမွေးရတာလည်း သက်တောင့်သက်သာရှိတယ်။ မိန်းမအပေါ်မှာရော သားသမီးအပေါ်မှာရော အရမ်းကြင်ကြင်နာနာရှိတယ်။

တစ်နှစ်ကို ဆယ်တန်းဖြေတဲ့သူက ၂ယောက် ၃ယောက် ၄ယောက်ရှိတယ်။ ဆယ်တန်းမဖြေတဲ့နှစ်ကို မရှိပါဘူး။ တစ်ယောက်ဆိုရင်တောင်မျက်လုံးပြူးနေကျတာလေ။ အန်တီဆိုရင် တစ်ယောက်ထဲဖြေတဲ့နှစ်ကရှားတယ်။ အန်တီယောက်ခမတွေ အမျိုးတွေကအများကြီးရှိတော့ ကလေး ၂ယောက် ၃ယောက်ကို ဝိုင်းထိန်းပေးတော့ အန်တီထိန်းရတယ်လို့ကိုလည်းမရှိခဲ့ပါဘူး။ ခက်ခဲမှုတော့ အထွေအထူးမရှိခဲ့ပါဘူး။ လူကြီးတွေမရှိတော့လည်း မောင်နှမအကြီးတွေက အငယ်တွေကို ပြန်ထိန်းခဲ့တာပဲလေ။

စိတ်တူကိုယ်တူမွေးခဲ့ကြတာဆိုတော့ မွေးခဲ့တဲ့ကလေးတွေအပေါ်မှာ ငြိုငြင်တာမရှိခဲ့ပါဘူး။ မွေးတာတော့ ခွဲမွေးတာပဲဖြစ်ဖြစ် ရိုးရိုးမွေးတာပဲဖြစ်ဖြစ် မွေးလာရင် မကျွေးနိုင်မှာ ဆိုတာကြီးကိုမတွေးနဲ့ သူ့ကုသိုလ်နဲ့သူဖြစ်လာလိမ့်မယ်။ မကြောက်ပါနဲ့။ အန်တီ့သားသမီးတွေလည်း အိမ်ထောင်ကျပြီးရင် ကလေးယူ ရမယ်လို့အန်တီက မှာထားတယ်လို့ ရှင်မွေးလွန်း အန်တီတို့ လင်မယားနှစ်ယောက်က ခုလိုပြောသွားခဲ့ပါတယ်။

Comments are closed.