သီပေါမြို့နယ်တွင် ကိုရင်အပါး ၂၀ ကျော် အစာအဆိပ်သင့်ပြီး အရေးပေါ် ဆေးရုံတင်ရ

သီပေါမြို့နယ်တွင် ကိုရင်အပါး ၂၀ ကျော် အစာအဆိပ်သင့်ပြီး အရေးပေါ် ဆေးရုံတင်ရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျင်သီကျေးရွာမှာ ကိုရင်အပါး ၂၀ ကျော် အစာအဆိပ်သင့်လို့ ဆေးရုံတင်ထားရပါတယ်။

ကျင်သီဘုန်းကြီးကျောင်းက ကိုရင်လေးတွေဟာ ဇွန်လ ၁၇ ရက်က နေ့ဆွမ်း စားပြီးတဲ့နောက် ညနေပိုင်းမှာ ကိုယ်ပူ၊ အဖျားတက်ပြီး အထက်လန်အောက်လျှောဖြစ်လို့ ပရဟိတ လူမှုကူညီရေးအသင်းတွေဆီ ဆက်သွယ်ပြီး သီပေါဆေးရုံကို ပို့ပေးလိုက်ရတယ်လို့ ကျေးရွာ ကျန်းမာရေးဌာန သားဖွားဆရာမ နန်းအုန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ကိုရင်လေးတွေက မနေ့တုန်းက ထမင်းကြော်ပဲစားတာပါ။ ဒါပေမယ့် အရင်တနေ့က ကျန်တဲ့ဆွမ်းထမင်းတွေကို ပြန်ကြော်ထားတာ၊ မနက်ပိုင်း ဆွမ်းစားပြီးတော့ ညနေပိုင်းမှာ တချို့ က ကိုယ်တွေပူတယ်၊ အဖျားတက်တယ်၊ တချို့ကဝမ်းသွားတယ်၊ အန်တယ်၊ အဲဒါကြောင့် သီပေါ နယ်စည်းမခြားပရဟိတနဲ့ ပေါ်ကြိုပရဟိတအဖွဲ့တွေ အကူအညီနဲ့ ဆေးရုံပို့လိုက်ရတယ်။ ဆေးရုံပို့တာက အားလုံး ၂၂ ပါး၊ ၂၁ ပါးက အစာအဆိပ်သင့်တာ၊ နောက်ထပ်ကိုရင် တပါး ကတော့ သွေးတိုးဖြစ်တာပါ။

ကိုရင်လေးတွေဟာတနေ့ကို ဆွမ်းတနပ်သာ စားသုံးကြတာဖြစ်ပြီး ဆွမ်းစားပြီး တချို့က သရက်သီးတွေ ခူးစားလေ့ရှိပေမယ့် အစာအဆိပ်သင့်ရတဲ့အကြောင်းရင်းကိုတော့ ဆေးရုံက စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ကိုရင်လေးတွေဟာ ဒီကနေ့မနက်မှာတော့ သက်သာလာပြီး အစာစားနိုင်ပေမယ့် ဆေးရုံတော့ မဆင်းရသေးဘူးလို့ ကျန်းမာရေးဆရာမက ပြောပါတယ်။

Comments are closed.