အမေရိကန်မှာ လေယာဉ်နဲ့ ပဲပြုတ်လိုက်ရောင်းနေတဲ့ မြန်မာပဲပြုတ်သည်ကြီး ဦးမောင်မောင်သိန်း

အမေရိကန်မှာ လေယာဉ်နဲ့ ပဲပြုတ်လိုက်ရောင်းနေတဲ့ မြန်မာပဲပြုတ်သည်ကြီး ဦးမောင်မောင်သိန်း

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာအစားအသောက်တွေထဲမှာ ပဲပြုတ်ဟာ ထူးခြားတဲ့အာနိသင်ရှိပြီး အမေရိကန်မှာ လွယ်လွယ်ကူကူ ဝယ်နိုင်တဲ့ အဆင့်အထိရောက်အောင် လုပ်ငန်းကိုတိုးချဲ့သွားဖို့ စိတ်ကူးထားတယ်လို့ ဆန်ဖရန်စ္စကိုမြို့က ဦးမောင်မောင်သိန်းက ပြောပါတယ်။ ဦးသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ကိုမောင်မောင်သိန်း ကို ကျနော် သိတာက ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုအစ ကျောင်းသားတွေ အဖမ်းခံခဲ့ရတဲ့ 141 အုပ်စုအဖွဲ့ဝင် တယောက်အနေနဲ့ သိထားတာ။ ဒါပေမဲ့လဲ ဝါရှင်တန်မြို့တော်ကို မကြာခဏလာတဲ့အခါမှာ ပဲပြုတ်လာလာပြီးတော့ ရောင်းတယ်။လေယာဉ်ပျံနဲ့ ဆန်ဖရန်စ္စကိုမြို့ကနေ ဝါရှင်တန်ဒီစီကို ပဲပြုတ်လာရောင်းတဲ့ လူဆိုပြီး သိထားတော့ ကျနော်တို့ ပဲပြုတ်ရောင်းတဲ့ကိစ္စကို တော်တော်စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်ပျံနဲ့ လာရောင်းတာဆိုတော့။ ပထမဦးဆုံး သိချင်တဲ့ မေးခွန်းကတော့ ပဲပြုတ်ရောင်းတယ်။ လေယာဉ်ပျံနဲ့ အခုလို ပဲပြုတ်ရောင်းတယ်။ အဲဒါ ကိုက်ရဲ့လား။

ဖြေ ။ ။ ကိုက်ပါတယ်။ ကိုက်ပါတယ်ဆိုတာ ကျနော်တို့ ဆန်ဖရန်စ္စကိုမှာ ရောင်းတဲ့ဈေးရင်း ပတ်ဝန်းကျင်လောက်တော့ရအောင်၊ အဆင်ပြေအောင် ကျနော် ညှိနှိုင်းထားပြီး လုပ်ပါတယ်။ ဝါရှင်တန်ဒီစီမှာလည်း ကျနော့်ပဲပြုတ်ကို အားပေးချင်တယ်ဆိုတဲ့အခါကြတော့။

မေး ။ ။ ပဲပြုတ်လာရောင်းတယ်။ ကိုက်တယ်ဆိုတော့ အမြတ်ခွန်ဌာနက မေးရမယ့် မေးခွန်းမျိုးပဲ ကျနော်က မေးရမှာပဲ။ ကိုမောင်မောင်သိန်း ဒီမှာ ပဲပြုတ်တထုပ်ကို ဘယ်လောက်နဲ့ ရောင်းလဲ။ ဘယ်လောက်နဲ့သွင်းလဲ။ | ဖြေ ။ ။ ဒီကိုအရောက်ကို ဒီမှာ ရောင်းတဲ့လူတွေ ပြန်မရောင်းခင်၊ သူတို့ဆီအရောက်ကို နှစ်ကျပ်ခွဲ (နှစ်ဒေါ်လာခွဲ) နဲ့ ရောင်းတယ်။

မေး ။ ။ တထုပ်ကို နှစ်ကျပ်ခွဲနဲ့ ဒီကိုသွင်းတယ်။ တခေါက်တခေါက် လာလို့ရှိရင် ဘယ်လောက်လောက် သယ်လာနိုင်သလဲ။ | ဖြေ ။ ။ ပေါင် (၅၀) အိတ်တအိတ်က အထုပ် (၇၀) ပါတယ်။ အဲဒီမှာ ကျနော် ဆယ်အိတ်သယ်လို့ရတယ်ဆိုတော့ အဲဒီမှာ အထုပ် (၇၀၀)။ Hand-carry က (၃၅) ပေါင်အထိ ရတယ်ဆိုတော့ အဲဒီမှာ အထုပ် (၅၀) ပါတယ်ဆိုတော့ တခေါက်လာတိုင်း (၇၅၀) ပါတယ်။

မေး ။ ။ တခေါက်လာရင် (၇၅၀) ပါတယ်ဆိုတော့ တွက်ကြည့်ရင် နှစ်ကျပ်က ၁၅၀၀။ (၅၀) ၃၂၅ ဆိုတော့ ၁၈၇၅ ဒေါ်လာရတယ်ဆိုရင် လေယာဉ်ခနဲ့ သူ့အရင်းအနှီးနဲ့ ကိုက်ရဲ့လား။ လေယာဉ်ခံလည်း ပေးရသေးတယ်ဆိုတော့

ဖြေ ။ ။ လေယာဉ်ခံလည်း ပေးရတယ်။ ပစ္စည်းသယ်ခလည်း ပေးရတယ်။ ပစ္စည်းသယ်ခကြတော့ ကျနော်က Virgin America Airline မှာ Gold Member လုပ်ထားတယ်ဆိုတော့ ကျနော်က ဆယ်ထုပ် သယ်တယ်ဆိုပေမယ့် ရှစ်ထုပ်ဖိုးပဲ ပေးရတယ်။ နှစ်ထပ်က Free ရတယ်။ တထုပ်ကို ပေါင် (၅၀) ကို အစိတ်ဆိုတော့၊ ရှစ်ထုပ်ဖိုးကို ကျနော်က ငွေနှစ်ရာ ပေးရတယ်။

လေယာဉ်ပျံခ အသွားအပြန် ခရီးစဉ်ကို ကြိုပြီးတော့ နှစ်လသုံးလလောက် စီစဉ်ပြီးတော့ Discount ပေးတဲ့အချိန်မှာ လှမ်းလှမ်းပြီး ဝယ်ထားတဲ့အခါကြတော့၊ ကြိုတင်စီစဉ်ထားတဲ့အခါကြတော့ ကျနော်က အားလုံးပေးရရင် (၃၅၀) – အသွားအပြန်။ ဆန်ဖရန်စ္စကိုကနေ နယူးရော့်ခ်ဖြစ်ဖြစ်၊ ဆန်ဖရန်စ္စကိုကနေ ဝါရှင်တန်ဖြစ်ဖြစ် အသွားအပြန် (၃၅၀) ထက် ပိုမပေးရဘူး။ အဲဒီတော့ အသွားအပြန် ပစ္စည်းဖိုး၊ ဘာဖိုးညာဖိုးဆိုပြီး (၅၅၀) ပတ်ဝန်းကျင်လောက် ကျတယ်။

မေး ။ ။ အဲဒီတော့ ရတာ (၁၈၀၀) ကျော်ဆိုတော့ ကိုက်တယ်။ တနှစ်ကို ဘယ်နှစ်ခေါက်လောက် ထွက်ပြီးတော့ ရောင်းရလဲ | ။ဖြေ ။ ။ အားလုံးစုစုပေါင်း နယ်တွေအကုန်လုံးထွက်ရင်တော့ (၁၀) ခေါက်အထက် (၁၂) ခေါက်လောက် အနည်းဆုံးပါ။

မေး ။ ။ တနှစ်ကို လေယာဉ်ပျံနဲ့ ဒီလို လိုက်ရောင်းတယ်။ အဲဒီတော့ ဒီဝါရှင်တန်တမြို့ထဲလား။ တခြားမြို့တွေကော ရှိသေးလား။ | ဖြေ ။ ။ မဟုတ်ဘူး။ ကျနော် Washington DC ပို့တယ်။ New York ပို့တယ်။ Chicago – Buffalo သွားတယ်။ San Dieago သွားတယ်။ ဟိုဘက်ဆို Seattle သွားတယ်။ တခါတလေ Seattle ကနေ Canada ဘက်ကိုပါ ကူးလိုက်တယ်။

မေး ။ ။ အခု Canada အထိပေါ့။ တခြားနိုင်ငံတွေကိုရော ပို့တာတွေ ရှိသေးလား။ | ဖြေ ။ ။ တခြားနိုင်ငံတွေ ပို့တာကတော့ စားတဲ့လူတွေ ရှိတယ်။ ကျနော် Europe ကို သွားတဲ့အခါ လက်ဆောင်တွေ ယူသွားတာပေါ့။ အခုနောက်ပိုင်း တချို့တွေ မှာတဲ့အခါကြတော့ ကျနော်ကတော့ တိုက်ရိုက်မလုပ်ပေးနိုင်တော့ သူငယ်ချင်းတွေ Europe ကိုသွားတဲ့အခါ San Fransco ကနေ သွားတဲ့အခါ များသောအားဖြင့် အကောင်းဆုံးလက်ဆောင်အဖြစ် Europe ကို အလွမ်းပြေ သယ်သွားကြတယ်။

မေး ။ ။ ဒီနာမည် အလွမ်းပြေဆိုတဲ့ နာမည်က ဘယ်လိုစပြီးတော့ ရွေးဖြစ်ခဲ့လဲ။ | ဖြေ ။ ။ အဲဒါကတော့ ကျနော့် ရင်တွင်းဖြစ်ပေါ့။ လွမ်းလွန်လို့ အလွမ်းပြေလို့ အမည်ပေးခဲ့တာ။

မေး ။ ။ အခုမြန်မာတွေကြားထဲမှာ တော်တော်များများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ အားပေးကြတယ်။ ပို့ရတာလဲ ကိုက်တယ်ပေါ့။ အဲဒီတော့ ပဲက ဘယ်ကရလဲ။

ဖြေ ။ ။ ပဲကတော့ အဓိကတော့ လက်ကားရောင်းတဲ့ဆိုင်ကနေ ကျနော် ဝယ်တယ်။ ကုန်ကြမ်းကတော့ Product of Canada ရှိတယ်။ Product of USA ရှိတယ်။ အခု ဗမာပြည်မှာ ဈေးမှာရောင်းနေတဲ့ ပဲတွေက ကနေဒါ က ပြန်ဝင်နေတဲ့ Yellow Peas Hole လို့ခေါ်တယ်။ မြန်မာပြည်မှာ ပဲပြုတ်ပဲလို့ပဲ ခေါ်တာပေါ့။

မေး ။ ။ ဒါက ဗမာပြည်မှာစားတဲ့ ပဲပြုတ်မျိုး | ။ဖြေ ။ ။ မြန်မာပြည်မှာ ပဲပြုတ်။

မေး ။ ။ မြန်မာအရသာနဲ့ အတူတူပဲ။ | ဖြေ ။ ။ မြန်မာအရသာနဲ့ အတူတူပဲ။ Process တူရင် အရသာတူတယ်။ Process မတူရင် အရသာ မတူဘူး။ ဘာဖြစ်လို့ Process တူတယ်၊ မတူဘူး ပြောရလဲဆိုတော့ စတော်ပဲပြုတ်လိုခေါ်တဲ့ ကျနော် ရောင်းနေတဲ့ စတော်ပဲပြုတ်လို့ ခေါ်ပေမယ့် တကယ်တမ်း ပဲပြုတ်က စတော်ကဲပြုတ်တဲ့ ပဲပြုတ်။ အဲဒီကနေ စတော်ပဲပြုတ် Process က ကြာတယ်။ ဒီအတိုင်း ပဲပြုတ်က ထမင်းအိုးနဲ့ ပြုတ်လိုက်လဲ ပဲပြုတ်ဖြစ်တယ်။ ဒီပေါင်းအိုးနဲ့ ထည့်ပြုတ်လိုက်လဲ ပဲပြုတ်ဖြစ်တယ်။ ဒါပေမဲ့ ပဲပြုတ် အိပြီးတော့၊ အလုံးမပျက်၊ ပြီးတော့ ထမင်းကျော်တဲ့အထဲ ထည့်မွှေးလဲ အလုံးမပျက်ဘူး။ ကြည့်လိုက်ရင် တင်းနေသလိုပဲ။ ဒါပေမဲ့ စားကြည့်လိုက် အိနေတယ်။ အဲဒီ သူ့ Process က အရှည်ကြီး။

မေး ။ ။ အမေရိကန် ပြည်ထောင်စုမှာ အစားအသောက် ရောင်းချတာဆိုတော့ ဘေးကင်းလုံခြုံဖို့ | ဖြေ ။ ။ ဘေးကင်းလုံခြုံဖို့က ကျနော်တို့က အစကတည်းက စလုပ်တာကနေ နောက်ဆုံးအဆင့်အထိ၊ ထုတ်ရောင်းတဲ့အထိ FDA Approval တို့ ဘာတို့ဆိုတာ ဒါတွေက ဒီတိုင်းပြည်မှာ မရှိမဖြစ် လိုအပ်တယ်အရာတွေ။

မေး ။ ။ ကိုမောင်မောင်သိန်းက လိုက်ရောင်းတယ်။ အိမ်မှာရှိတဲ့ မိသားစုတွေက | ဖြေ ။ ။ သားအငယ်ဆုံးက အဓိကလိုက်ပြီးတော့ ကျနော့်အလုပ်ကို အနောက်ကနေ ထိန်းပေးတယ်။ အမျိုးသမီးကလည်း နည်းနည်းပါးပါး လိုက်ထိန်းပေးတယ်။

မေး ။ ။ လုပ်ငန်းလုပ်တဲ့ လုပ်ငန်း လည်ပတ်အဆင့်ဆင့် – ကျနော်ကို နည်းနည်းလေး ရှင်းပြပေးပါ။ | ဖြေ ။ ။ အခုဆို (၁၀) နှစ် ရှိသွားပြီ။ စလုပ်တာကတော့ ပထမဦးဆုံး ကိုယ်က လွမ်းလွန်လို့ စားဖို့ဆိုပြီးတော့ စလုပ်တာ။ ဒါပေမဲ့ ဒီဟာကို ကျနော် သေချာသင်လာတယ်။ ဗမာပြည်မှာကတည်းက ပဲပြုတ်လုပ်တဲ့ Process ကို ပဲပြုတ်ပြုတ်တဲ့ အဒေါ်ကြီးဆိုတောင်မှ ကိုယ်စားလို့ကြိုက်တဲ့ ပဲပြုတ်ပြုတ် အဒေါ်ကြီးကို အိမ်ကိုပင့်ပြီးတော့ သေချာကျကျနန သင်တာ။ အဓိက ဒီပဲပြုတ် Quality ကောင်းကောင်း ထွက်လာဖို့က စုန်းပြူးလို့ခေါ်တဲ့ ပဲတွေကို ကျနော်တို့ ဆွဲထုတ်နိုင်ရမယ်။ အခုနောက်ပိုင်း များများ Mass Production ထုတ်လာတဲ့အခါကြတော့ အဲဒီ စုန်းပြူး ခွဲတတ်တဲ့နည်း ကျနော် ရတယ်။ ပဲနှစ်ခြမ်း ကွဲနေတဲ့ဟာတွေ၊ နဂိုအကွဲတွေအားလုံးကို ဇကာနဲ့ စစ်တဲ့အချိန်မှာကတည်းက ရွေးထုတ်လိုတ်တယ်။ အဲဒီ ပဲအကွဲတွေကို ကျနော်မထည့်ဘူး။ ကျနော့်ပဲက အလုံးလေးတွေကြီးပဲ သက်သက် ဖြစ်နေတယ်။

အဲဒီမှာ ဘာကွလဲလို့ လူတွေက မေးကြတယ်။ ဘာဖြစ်လဲ ဟိုပဲအကွဲလည်း စားလို့ရတာပဲ။ ဒီပဲနဲ့ ဘာဖြစ်လို့ မရောထားလဲ။ ပဲက နှစ်ခြမ်းကွဲသွားပြီရင် Cover မရှိတဲ့အတွက် သူ့ရဲ့ ပြုတ်ချိန်ကြတဲ့အခါ။ သူ့ရဲ့ ပြုတ်ချိန်ကြလို့ရှိရင် နူးတဲ့အချိန်က မတူဘူး။ ဒီ ပဲနူးဖို့အတွက် ဟိုပဲတွေက အရည်ပျော်ကုန်တာ။ ဟိုပဲ နူးပြီးတဲ့အချိန်ချရင် ဒီပဲက မနူးသေးဘူး။ အဲဒီမှာ ဆက်တောက်ဆက်တောက်လေးတွေ မဖြစ်အောင် အဲဒါတွေ အကုန်လုံးကို သန့်စင်လိုက်တယ်။ နောက်ပြီးတော့ ကျနော်က MGS Free – လုံးဝ အချိုမှုန့် လုံးဝမပါဘူး။

မေး ။ ။ အခု ဝယ်တဲ့လူကော များလာလား။ ဒီမှာ ဒီပြင့်မြို့တွေလည်း တင်ပို့ရတာတွေ များလာတဲ့အခါကြတော့ မိသားစုနဲ့ နိုင်ပါရဲ့လား။

ဖြေ ။ ။ မနိုင်ဘူး။ ကျနော် အဲဒါတွေ အကုန်လုံးကို အစီအစဉ် ဆွဲထားတယ်။ ဒီမှာ နောက်တဆင့်တက်ရင် စက်ရုံအဆင့် သွားရတော့မှာ။ စက်ရုံအဆင့် တက်မယ်ဆိုရင် စက်ရုံနေရာ ငှားရမယ်။ လိုအပ်တဲ့ဟာတွေ ပြင်ဆင်ပြီး Market လည်း ကြီးလာမယ်။ အကယ်၍ ဒီစက်ရုံအဆင့် တက်လို့မှ ပိုပြီးတော့ ရောင်းရမယ်ဆိုရင်တော့ မြန်မာပြည် စက်ရုံပြန်ထောင်မလားပေါ့။

မေး ။ ။ မြန်မာနိုင်ငံမှာ ရောင်းတဲ့ဈေးနဲ့တော့ ဘယ်တူမလဲ။ မြန်မာပြည်မှာ ဟော့ဒီက ပဲပြုတ်ဆိုပြီးတော့ အော်ရောင်းတဲ့ ဒီနေ့အထိ မြန်မာပြည်သူတွေ ဝယ်စားတဲ့ ဈေးနှုန်းနဲ့တော့ မတူဘူး။

ဖြေ ။ ။ အခုကတည်းကိုက ကျနော်က တခါတလေပြန်ရင် ပဲပြုတ် အထုပ် (၅၀ – ၇၀) ယူယူသွားတယ်။ သူငယ်ချင်းတွေကို လက်ဆောင်ပေးတယ်။ ဟိုက သူငယ်ချင်းတွေကလည်း အရမ်းကြိုက်တယ်။ ဟိုမှာရှိတဲ့ အမျိုးတွေထဲက လူကြီးတွေကိုပေးတယ်။ သူတို့ကတော့ ဒီမှာ စက်ရုံလာထောင်ဖို့ကိုလဲ ကမ်းလှမ်းတယ်။ ဘာဖြစ်လို့ ကမ်းလှမ်းလဲဆိုတော့ ဈေးကွက်က ရှိတယ်။ ဈေးကွက်က ရှိတယ်ဆိုတာ အခုမြန်မာပြည်မှာ ကိုယ့်ရဲ့ Unique Product ခေါ်တာပေါ့ ကျနော်တို့ ဗမာလူမျိုးရဲ့ ဒီအပြင် ဘယ်လူမျိုးမှာမှ မရှိတဲ့ အစားအသောက်က ပဲပြုတ်။ မုန့်ဟင်းခါးတို့ ဘာတို့ကို ထင်ခဲ့တယ်။ အဲဒါ မဟုတ်ဘူး။ မုန့်ဟင်းခါးတို့ ဘာတို့က Noodle နဲ့ ဆန်မုန့်ဖတ်နဲ့ ငါးဟင်းချိုတို့က ယိုးဒယားမှာရှိတယ်။ ကျန်တဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ ရှိတယ်။ ပဲပြုတ်က ပဲကိုအညှောင့်ဖောက်ပြီးတော့ ထုတ်လိုက်တဲ့ ကုန်ထုတ်လုပ်ငန်း။ သူ့ဆီမှာ ဗမာပြည်မှာက အကုန်လုံးက ပဲပြုတ်စားပြီး ကြီးလာကြတာ။ ပဲပြုတ်စားပြီး ကြီးလာပေမယ့် ပဲပြုတ်ရဲ့ အာနိသင်ကို သေချာမသိဘူး။ ပဲပြုတ်မှာ Fiber က ၆၄ ရာခိုင်နှုန်းပါတယ်။ Dietary Fiber လို့ ခေါ်တယ်။ ဒီတော့ ပဲပြုတ်စားရင် လေရွှင်တယ်။ အမှန်တိုင်းပြောရင် ခေါင်းမခဲဘူး ကျန်းမာရေးကောင်းတယ်။ နောက် အဓိက Vitamin Protein အားရှိတယ်။ ဒီဟာတွေစားပြီး ကျနော်တို့ ဗမာတွေ လူဖြစ်နေတယ်။

မေး ။ ။ ဒီလုပ်ငန်းကို လောလောဆယ်မှာ လတ်တလော ဖြန့်ဖြူးရေးကို ဘယ်လောက်အထိ တိုးချဲ့ဖို့ စီစဉ်ထားလဲ။ | ဖြေ ။ ။ ကျနော်က Vending စက်တွေနဲ့ ရောင်းဖို့အထိ စိတ်ကူးထားတယ်။ Vending စက်တွေဆိုတာ အချိုရည် ဘူးလေးတွေ Pespi, Coca Cola ဖြစ်ဖြစ် ပိုက်ဆံထည့်လိုက်ရင် ရတယ်။ အဲဒါမျိုး ပဲပြုတ်နံပတ်နဲ့ နှိပ်ထုတ်လိုက်ရင် ပဲပြုတ်ထွက်လာတဲ့အထိ စိတ်ကူးထားတယ်။

မေး ။ ။ နမူနာလေး ဘာလေး မပါဘူးလား။ နမူနာလေး ပြပါအုံး။ | ဖြေ ။ ။ ပါပါတယ်။

မေး ။ ။ အရည်အသွေးအားဖြင့် ထိန်းနိုင်အောင် ဘယ်လိုလုပ်လဲ။

ဖြေ ။ ။ အရည်အသွေးအားဖြင့် ထိန်းနိုင်အောင် ပြောရရင် ဂျပန်နည်းပညာ ခိုင်ဇင်းဆိုတဲ့ နည်းပညာ ဘာဖြစ်လို့လဲဆိုတော့ P D C A ဆိုပြီးတော့ ရှိတယ်။ P က Plan, D က Do ထုတ်လုပ်တာ။ C က Check, A က Adjust လုပ်ပေးတာ။ အမြဲတမ်း ကိုယ်ထုတ်တဲ့ ပစ္စည်းပေါ်မှာ စေတနာ – အဓိက စေတနာထားပြီးတော့ စားသုံးတဲ့သူတွေ ဘယ်လို ပိုကောင်းလာအောင် ထုတ်လာတာနဲ့အမျှ၊ ကြာလာတာနဲ့အမျှ ကောင်းကွက်လေးတွေ ပိုမိုတွေ့လာတယ်။ အဲဒါကြောင့် ပစ္စည်းက တဖြည်းဖြည်း ပိုလည်းကောင်းလာတယ်။ Quality အရည်အသွေးလည်း မကျဘူး။ အဓိကတော့ စေတနာ အဓိက ဖြစ်တယ်။

မေး ။ ။ ကျေးဇူးတင်ပါတယ်။ | ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။

Credit from VOA Interview VIDEO

Comments are closed.