ရှပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်းမှ အဒေါ်ဖြစ်သူကို ၆၆ (ဃ) ဖြင့် အမှုဖွင့်

ရှပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်းမှ အဒေါ်ဖြစ်သူကို ၆၆ (ဃ) ဖြင့် အမှုဖွင့်

လူမှုကွန်ယက် စာမျက်နှာတစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် အများအထင်အမြင်သေးစေပြီး ဂုဏ်သိက္ခာကျဆင်းစေရန် ဓာတ်ပုံနှင့်စာများ ရေးသားဖော်ပြမှုဖြင့် သရုပ်ဆောင် ပိုင်ဇေရဲထွန်းမှ အဒေါ်ဖြစ်သူ ဒေါ်ခင်ဆွေထွန်းအား ဗဟန်းမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ သံလွင်လမ်းတွင် နေထိုင်သူ ပိုင်ဇေရဲထွန်း (၄၃) နှစ်မှာ ဇွန် ၂၀ ရက် ညနေပိုင်းက နိုင်ငံခြားခရီးစဉ်မှ နေအိမ်သို့ ပြန်ရောက်ရှိပြီး အွန်လိုင်းအသုံးပြုနေစဉ် Chaw Yin Minn facebook အကောင့်မှ ပိုင်ဇေရဲထွန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဇင်သဲနိုင်တို့၏ အမည်နှင့် ဓာတ်ပုံများကို ဖော်ပြပြီး အများအထင်အမြင်သေးစေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေမည့် စာသားများရေးသားဖော်ပြခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

တိုင်ကြားစာတွင် “အလွဲသုံးစားလုပ်ရင် ပုဒ်မရှိတယ်၊ ပြစ်မှုမြောက်တယ်”ဟုလည်းကောင်း၊ “ဘဏ်က အတိုးတောင်းတဲ့စာ လာလို့ သွားပြရင် ခြေနှစ်ချောင်း အပေါ်ချိတ် အိပ်ယာကနေ အခန့်သား စတိုင်နဲ့ပြော”၊ “ ပိုင်ဇေကို ချစ်လို့ လေဆိပ်ရိပ်သာခြံနဲ့ အိမ်ရောင်းတာလဲ အမွေအနေနဲ့ အကုန်ပေးခဲ့တယ်။ စာချုပ်လွတ်ပေါ် လက်မှတ်ထိုး ငွေချေးလို့ တစ်ဖက်က သောက်မြင့်ကတ်ပုဒ်မနဲ့ သိန်းရာဂဏန်းချေးတာ သိန်း ၂ ထောင် ပြင်ရေးတယ်။ မရမ်းကုန်းတရားရုံးက တရားစွဲတောင်းမယ်ဆိုတော့ အဖေဖြစ်သူက ညတွင်းချင်း သိန်း ၂ ထောင် သွားပေးတဲ့ ကျေးဇူးကို စော်ကား။ လစဉ် စားစရိတ်ထောက်ရတာကို ဂုဏ်ဖော်နေတာ အံ့တယ်။ နိုင်ငံခြား ခရီးစဉ်မကလို့ တာဝတိံသာတက်တက် ရတနာဆိုင်မကလို့ ရှော့ပင်းမောကြီးဖွင့်ဖွင့် မိဘအိမ် ယူပေါင်တာတော့ ရွေးပေးခဲ့ဦး”ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည့် စာများကို ပိုင်ဇေရဲထွန်းက ထည့်သွင်းတိုင်ကြားခဲ့သည်။

အဆိုပါ စာသားများ ရေးသားဖော်ပြခဲ့သည့် Chaw Yin Minn အကောင့်ပိုင်ရှင်အား စုံစမ်းရာ ပိုင်ဇေရဲထွန်း၏ ဖခင်ဖြစ်သူ ဦးရဲထွန်း၏ ညီမ ဒေါ်ခင်ဆွေထွန်း၏ ဖေ့စ်ဘွတ်ခ်အကောင့်ဖြစ်နေကြောင်း သိရှိခဲ့ပြီးနောက် ယင်းအကြောင်းအရာများကို ဖခင်ထံ အသိပေးခဲ့သဖြင့် ဦးရဲထွန်းက ညီမဖြစ်သူ ဒေါ်ခင်ဆွေထွန်းထံ ဖုန်းဆက်သွယ်ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ထားသည့် Post များကို ပြန်ဖျက်ပေးရန် ပြောဆိုခဲ့ရာ ဒေါ်ခင်ဆွေထွန်းက ဖျက်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ Post များကို ဖျက်ခြင်းမရှိသည့်အပြင် ပိုင်ဇေရဲထွန်းနှင့် ၎င်း၏ဇနီး ဂုဏ်သိက္ခာကျဆင်းစေရန် Chaw Yin Minn အကောင့်မှ Post များ ထပ်မံတင်နေသဖြင့် ဇွန် ၂၂ ရက် ညပိုင်းက ဗဟန်းမြို့မ ရဲစခန်းတွင် ၎င်းက တရားလိုပြုတိုင်ကြားသဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲစခန်းတွင် အမှုဖွင့်ခံရသူ ဒေါ်ခင်ဆွေထွန်းက ဇွန် ၂၀ ရက် ညနေပိုင်းက အစ်ကိုအကြီးဆုံးဖြစ်သူ ဦးရဲထွန်းမှ “ကလေးတွေက ရက်စက်လိုက်တာ”ဟု ရေးတင်ထားသည့် Post ကို အားလုံးသိမြင်နိုင်စေရန် ၎င်းအား Share ခိုင်းခဲ့ကြောင်းနှင့် ပိုင်ဇေရဲထွန်း၏ ဇနီး ဇင်သဲနိုင်မှလည်း “ စားစရိတ်ကို မမျှော်နဲ့တော့၊ သူခွဲပေးထားတဲ့ မျက်စိတစ်စုံနဲ့ ကြည်ကြည်လင်လင် ကြည့်လို့ရပြီ”ဟု ရေးသားထားသည့် Post ကို ပြန်တင်ခဲ့ကြောင်း ၎င်းထံသိရသည်။

“ဇင်သဲနိုင် တင်တဲ့ပို့စ်နဲ့ ပတ်သက်ပြီး လူအတော်များများက အဘိုးကြီးအဘွားကြီးအပေါ် ဒီလိုရင့်သီး ရပါမလားဆိုပြီး ဒေါသထွက်နေကြတာ တွေ့ရတယ်။ ကျမ အစ်ကိုအကြီးဆုံးရဲ့ပိုင်ဆိုင်မှုကို အသုံးပြုပြီးတော့ ဒီလိုပို့စ် ရေးတင်တယ်ဆိုတော့ ကျမလဲ စိတ်မကောင်းအတော်ဖြစ်မိတာပေါ့ ။ ဇွန်လ ၂၁ ရက်နေ့မှာ ပိုင်ဇေက အစ်ကို အကြီးဆုံးဆီ အကျိုးအကြောင်းလာပြောလို့ အစ်ကိုကြီးက ကျမကို ပို့စ်ပြန်ဖျက်ခိုင်းတယ်။ ကျမ ဖျက်ပေးလိုက်ပါတယ်။ နောက်ရက်တွေလဲ ပို့စ်မတင်ဖြစ်ဘူး။ တူတွေ တူမတွေ ရေးတင်တဲ့ ပို့စ်တွေပဲ ကျမ ရှဲလ်ခဲ့တယ်”ဟု ဒေါ်ခင်ဆွေထွန်းက ပြောသည်။

ဘဏ်ချေးငွေကိစ္စကြောင့် ဇွန် ၂၀ ရက်နေ့က ဦးရဲထွန်းမှာ တရားရုံးသို့ သွားရောက်ဖြေရှင်းခဲ့ရသဖြင့် ယင်းနေ့ ညနေတွင် “ ကလေးတွေက ရက်စက်လိုက်တာ”ဟု ရေးထားသည့် Post ကို တင်ခဲ့ခြင်းဖြစ်ပြီး ယင်း Post နှင့် ပတ်သက်ပြီးနောက် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ မြင့်တက်လာသဖြင့် အဒေါ်ဖြစ်သူ ဒေါ်ခင်ဆွေထွန်းကို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ရကြောင်း ဒေါ်ခင်ဆွေထွန်းက ဆိုသည်။

“ကျမလဲ ဥပဒေနဲ့ ပတ်သက်ပြီး ဒီပလိုမာဘွဲ့ရထားသူပါ။ ကျမတင်တဲ့ ပို့စ်ကို ပြန်ဖျက်ပြီးပြီ။ ဒါကလည်း အစ်ကိုကြီး တင်ခိုင်းလို့ပါ။ လတ်တလော ကျမ ဘာပို့စ်မှ တင်ထားတာမရှိဘူး။ ဒါကို အဒေါ်ဖြစ်သူကို တရားလာစွဲတော့ အဒေါ်ကလည်း သစ်တုံးမှ မဟုတ်တာ။ အမှန်အတိုင်းပဲ ဖြေရှင်းသွားမယ်။ အမှုဖွင့်ခံရတာနဲ့ ပတ်သက်ပြီး အခုချိန်ထိတော့ ရဲစခန်းက အသိပေးအကြောင်းကြားခြင်း မရှိသေးဘူး။ ကျမလဲ အလုပ်ကိစ္စနဲ့ မန္တလေး ရောက်နေတယ်”ဟု ဒေါ်ခင်ဆွေထွန်းက ပြောကြားသည်။

Comments are closed.