ဂေးတစ်ယောက် ကိုယ့်သားကဖြစ်နေရင် လက်ခံနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကို ပန်ဆယ်လိုဖြေပြီ

ဂေးတစ်ယောက် ကိုယ့်သားကဖြစ်နေရင် လက်ခံနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကို ပန်ဆယ်လိုဖြေပြီ

LGBT တွေကို စာနာတယ်ဆိုလို့ ကိုယ့်သားက Gay တစ်ယောက်ဖြစ်နေရင် လက်ခံနိုင်မလားတဲ့။ စဉ်းစားကြည့်မိတယ်။ကျွန်မ သားလေးဟာ Gay တစ်ယောက်ဖြစ်နေမယ် ဆိုပါစို့။ ကျွန်မအတွက် ပြဿနာအရှင်းမရှိဘူး မဆိုလိုပါဘူး။ ကျွန်မ သူ့ကို Gay တစ်ယောက် မဖြစ်စေချင်ဘူး။

ဘာလို့လဲဆိုတော့ သူရင်ဆိုင်ရမယ့်ဘဝမှာ ကြမ်းတမ်းရက်စက်မှုတွေ မတွေ့ကြုံစေချင်တဲ့ မိခင်စိတ်ကြောင့်ပဲ။ဒါပေမယ့် ကျွန်မ LGBT တွေရဲ့ စိတ်အခြေအနေကို အထိုက်အလျောက် နားလည်တယ်။ ပြုပြင်ပြောင်းလဲဖို့ဆိုတာ မလွယ်ကူဘူး။ မလွယ်ကူဘူးဆိုတာထက် မဖြစ်နိုင်ဘူးဆိုရင် ပိုမှန်မယ်။ သူတို့ ကိုယ်တိုင် ဒီဖြစ်တည်မှုကို လိုချင်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မနားလည်တယ်။ သူတို့ဟာ ဖြစ်ချင်နေတာ မဟုတ်ဘူး။ ဖြစ်လာတာ။မပြောကောင်း မဆိုကောင်းပေါ့။ မွေးရာပါ ခြေလက်အင်္ဂါချို့တဲ့နေတဲ့ ကလေး မွေးလာရင် သူ့ကို ဒီလိုချို့တဲ့နေလို့ဆိုပြီး အပြစ်တင်မှာလား၊ စွန့်ပစ်မှာလား။ ဒါမှမဟုတ် သူတို့ရဲ့ ချို့တဲ့မှုအတွက် မိခင်တစ်ယောက်အနေနဲ့ မားမားမတ်မတ် ရပ်တည်မလား၊ ကာကွယ်မလား။

ဒီလိုပါပဲ။ LGBT ဆိုတာ ချို့တဲ့မှု မဟုတ်တောင် ပုံမှန်ဖြစ်တည်မှု မဟုတ်တဲ့အတွက် ကျွန်မတို့ ရွေးချယ်ရမှာက သူ့စိတ်ကို ကိုယ့်လက်နဲ့ ဝင်သတ်မလား၊ သူ့စိတ်ကို သတ်ဖြတ်မယ့် သူတပါးရဲ့ လက်တွေကြားက သူ့ကို ကာကွယ်မလား ဆိုတာပဲ။ မင်းရဲ့သားက Gay ဆိုရင် ပတ်ဝန်းကျင်က ဝေဖန်ကြလိမ့်မယ်။ အပြစ်တင်ကြလိမ့်မယ်။ကျွန်မ သိပါတယ်။ ကိုယ်နဲ့မတူရင် ရန်သူထင်နေတတ်ကြဆဲ လူ့အသိုင်းအဝိုင်းကြီးမှာ သူတို့နဲ့မတူတဲ့ ကျွန်မသားကို နှာခေါင်းရှုံ့ကြမယ်၊ လှောင်ပြောင်ကြ မယ်။ ဒီ့အတွက် မိခင်ဖြစ်တဲ့ ကျွန်မအနေနဲ့လည်း တခါတရံ သိမ်ငယ်မိကောင်း သိမ်ငယ်မိနိုင်ပါတယ်။

ဒါပေမယ့် ပတ်ဝန်းကျင်ဆိုတာ ကျွန်မရဲ့သားမဟုတ်ဘူး။ ပတ်ဝန်းကျင်ကို ကျွန်မသားလောက် မချစ်နိုင်သလို ပတ်ဝန်းကျင် ကို ကျွန်မသားလောက် အလေးမထားနိုင်ဘူး။ ပတ်ဝန်းကျင်ကို ရှေ့တန်းတင်ပြီး ကျွန်မသားရဲ့ ဖြစ်တည်မှုကို ကျွန်မ ကိုယ်တိုင် ဝင်ရောက် ထိုးနှက်မိလို့ ကျွန်မသားလေး တစ်စုံတစ်ခု ဖြစ်သွားခဲ့ရင် ဆုံးရှုံးရမှာ၊ နာကျင်ရမှာ ကျွန်မပဲ။ ပတ်ဝန်းကျင် မဟုတ်ဘူး။

Gay တစ်ယောက်ဖြစ်တာ ရှက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်နဲ့ တွေးခေါ်မှုကို ကျွန်မတို့ ပြောင်းလဲနိုင်မယ်ဆိုရင် ရှက်စရာဆိုတာ ရှိမလာနိုင်ဘူး။ ပတ်ဝန်းကျင်ကို မပြုပြင်နိုင်ဘူးထား၊ ဒီလို ဝေဖန်ရှုံ့ချမှုတွေကို ကြံ့ကြံ့ခံနိုင်သူ တစ်ယောက် ဖြစ်အောင် အားပေးမယ်။ ကျွန်မသားအတွက် လိုအပ်လာချိန်တိုင်း မှီတွယ်နိုင်မယ့် ပုခုံးတစ်ဖက်အဖြစ် သေတဲ့အထိ ပေးထားမယ်။သူ့ဘဝမှာ သေခြင်းတရားကို ထွက်ပေါက်အဖြစ် ရွေးမသွားအောင် ကျွန်မ ရှိနေပေးရမယ်။ စဉ်းစားကြည့်ပါ။ Gay တစ်ယောက်ရဲ့ မိခင်ဘဝဟာ ယောက်ျားတစ်ယောက်ရဲ့ မိခင်ဘဝလောက်တော့ ဘယ်လွယ်ပါ့မလဲ။ ဒါပေမယ့် သားသေသွားတဲ့ မိခင်တစ်ယောက်ရဲ့ ဘဝလောက်တော့ မဆိုးဝါးဘူး။

ကျွန်မသားဟာ Gay ဖြစ်နေခဲ့မယ် ဆိုရင် ဒီဘဝကို သူလည်း လိုချင်မှာ မဟုတ်ဘူး။ ကျွန်မလည်း လိုချင်တာ မဟုတ်ဘူး။ ဖြစ်လာတဲ့ အရှိတရားကို တည့်တည့်မတ်မတ် ရင်ဆိုင်လက်ခံလိုက်ကြရုံပါပဲ။ ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေ အကြည့် တွေနဲ့ သတ်ဖြတ်မှု အောက်မှာ ကျွန်မသားကို စုံးစုံးမြုပ်ခံမလား။ ဒီလက်တွေကြားက ဆွဲထုတ်ပြီး အမြင့်ဆုံးပျံနေအောင် တင်ပေးမလား။

ဒုတိယလမ်းကို ကျွန်မ မစွမ်းနိုင်ဘူး ဆိုရင်တောင် ပတ်ဝန်းကျင်ရဲ့ သတ်ဖြတ်တတ်တဲ့ လက်တွေထဲမှာ ကျွန်မလက်တော့ အပါခံမှာ မဟုတ်ဘူး။ပတ်ဝန်းကျင်ကို ကျွန်မ ဂရုစိုက်ပါတယ်။ ပတ်ဝန်းကျင်ကို ကျွန်မ ချစ်ပါတယ်။ ပတ်ဝန်းကျင်ကို ကျွန်မ တန်ဖိုးထား ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကို ကျွန်မသားလောက် ဂရုမစိုက်နိုင်သလို ကျွန်မသားလောက်လည်း မချစ်နိုင်ဘူး။ ကျွန်မသားလောက်လည်း တန်ဖိုးမထားနိုင်ဘူး။

နားလည်မှုဆိုတာ ကမ္ဘာပေါ်မှာ အနွေးထွေးဆုံး ရင်ခွင်တစ်ခုပါပဲ။ တစ်ကမ္ဘာလုံးကို ကျွန်မသားအတွက် မပေးနိုင်ရင်တောင် အနွေးထွေးဆုံး ရင်ခွင်တစ်ခုကို ကျွန်မ ပေးနိုင်ပါတယ်။ ကျွန်မသား Gay ဖြစ်နေလို့ ကျွန်မ ဘယ်ပျော်ပါ့မလဲ။ ဒါပေမယ့် ကျွန်မရဲ့ မပျော်ရွှင်မှုထက် ကျွန်မသားရဲ့ သိမ်ငယ်မှုက ပိုအရေးကြီးပါတယ်။ဒါဟာ ကျွန်မသားဟာ Gay ဖြစ်လာခဲ့ရင် လက်ခံနိုင်မလားဆိုတဲ့ မေးခွန်းအတွက် ကျွန်မရဲ့ အဖြေပါပဲ။လူကို လူလို မြင်တတ်လာတဲ့အခါ လောကမှာ ချစ်ခြင်းမေတ္တာထက် အရေးကြီးတာ ဘာမှမရှိဘူး…

Comments are closed.