သမိုင်းကြောင်း နောက်ခံတွေနဲ့ ရန်ကုန်မြို့က လမ်းများအကြောင်း

သမိုင်းကြောင်း နောက်ခံတွေနဲ့ ရန်ကုန်မြို့က လမ်းများအကြောင်း

(Zawgyi)

သမိုင်းကြောင်း နောက်ခံတွေနဲ့ ရန်ကုန်မြို့က လမ်းများအကြောင်း

လမ်းဆိုတာက လိုရာခရီးကို ပို့ဆောင်ပေးတဲ့သူဖြစ်ပြီး လူတန်းစားမရွေး အသုံးပြုနိုင်တာကြောင့်မြင့်မြတ်ပါတယ်။ လူတွေနေထိုင်တဲ့ ရပ်ကွက်၊ မြို့၊ ရွာက လမ်းတွေကတော့ ကိုယ်ပိုင်အမည်လေး တွေ ရှိတတ်ပါတယ်။ လမ်းတွေရဲ့အမည်ဟာ များသောအားဖြင့် အများကောင်းကျိုး လုပ်ခဲ့သူတွေကို အစွဲပြုပြီး ဂုဏ်ပြု ခေါ်ဝေါ်လေ့ရှိပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့အမည်ကို လမ်းအမည် အဖြစ်ရွေးချယ် သတ်မှတ်လိုက်တာဟာ အဲဒီလူအတွက် အမြင့်ဆုံးဆုလာဘ် ရလိုက်တာနဲ့ အတူတူပါပဲ။

ဒဂုံအမည်နဲ့ထင်ရှားတဲ့ တံငါမြို့လေးကို ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားက အောင်နိုင်ခဲ့တာကြောင့် ရန်ကုန်လို့ သတ်မှတ်ခဲ့ပါတယ်။ ၁၈၅၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲမှာတော့ ရန်ကုန်မြို့ဟာ အင်္ဂလိပ်တွေရဲ့ လက်အောက်ကျရောက်ခဲ့ပြီး မြို့ကွက်တွေကို စနစ်တကျ ချခဲ့ပါတယ်။ရန်ကုန်မြို့ကွက်ကို စစ်ဘက်အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ လက်ဖ်တင်နင် အလက်ဇန်းဒါးဖရေဇာက ရေးဆွဲခဲ့ပါတယ်။ ရန်ကုန်မြို့ကလမ်းတွေဟာ ကိုလိုနီခေတ်က အင်္ဂလိပ်နာမည်တွေနဲ့ ရှိနေခဲ့တာပါ။ဒါပေမဲ့ တချို့လမ်းတွေရဲ့ အမည်ကတော့ ဌာနေတိုင်းရင်းသားတွေရဲ့အမည်နဲ့ ထင်ရှားပါတယ်။ လွတ် လပ်ရေးရပြီး နောက်ပိုင်းမှာတော့ နိုင်ငံခြားသားအမည်နဲ့ ရှိခဲ့တဲ့လမ်းတွေကို မြန်မာနိုင်ငံသမိုင်းမှာ ထင်ရှားခဲ့တဲ့သူတွေရဲ့ အမည်နဲ့ အစားထိုးပြောင်းလဲခဲ့ပါတယ်။

အနော်ရထာလမ်း-

အနော်ရထာလမ်းဟာ ကိုလိုနီခေတ်က ဖရေဇာလမ်းလို့ လူသိများခဲ့ပါတယ်။ ဆူးလေဘုရားကို ဗဟိုပြုပြီး ရန်ကုန်မြို့ တော်ပုံစံကို ရေးဆွဲခဲ့တဲ့ ဒေါက်တာဝီလျံ မောင့်ဂိုမာရီရဲ့ အစီအစဉ်ကို ဖရေဇာက ထပ်မံဖြည့်စွက်ပြီး မြို့ကွက်ချ၊ လမ်းဖောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖရေဇာဟာ ဘင်္ဂလားတပ်ကအင်ဂျင်နီယာ တစ်ဦးပါ။ ဒါကြောင့် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ လမ်းအမည်ကို သူ့နာမည်ပေးခဲ့ပါတယ်။၁၁ ရာစု ပုဂံနိုင်ငံတော်ကြီး ထူထောင်ပြီး ထေရဝါဒဗုဒ္ဓဘာသာကို စည်ပင်ပြန့်ပွားအောင် စွမ်းဆောင်ပေးခဲ့တဲ့ အနော်ရထာမင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ၄-၉-၁၉၅၆ ခုနှစ်မှာ ဒီလမ်းကို အနော်ရထာလမ်းလို့ ပြောင်းလဲသတ်မှတ် ပေးခဲ့ပါတယ်။

ဗိုလ်အောင်ကျော်လမ်း-

စပတ်ခ်လမ်းလို့ လူသိများခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ ပထမဆုံး အရေးပိုင်ဖြစ်တဲ့ တီပီစပတ်ကို ဂုဏ်ပြု မှည့်ခေါ်ထားတာပါ။ စပတ်ခ်ဟာ သုဓနုဇာတ်ကို ကာနယ်စလေဒင်ရဲ့အကူအညီနဲ့ အင်္ဂလိပ်လိုပြန်ဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။ ၁၉၃၈ ခုနှစ်က အတွင်းဝန်ရုံးကို ဝိုင်းဝန်း ဆန္ဒပြတုန်း မြင်းစီးပုလိပ်တွေရဲ့ ရိုက်နှက်မှုကြောင့် ကျောင်းသားဗိုလ်အောင်ကျော်ကို ကျဆုံးခဲ့ရပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ၃-၄-၁၉၅၆ ခုနှစ်မှာ ဒီလမ်းကို ဗိုလ်အောင်ကျော်လမ်းလို့ ပြောင်းလဲ ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလမ်း-

လမ်းရဲ့အနောက်ဘက်ပိုင်းကို ကော်မရှင်နာလမ်း၊ လမ်းရဲ့အရှေ့ဘက်ပိုင်းကို မောင့်ဂိုမာရီလမ်းလို့ကိုလိုနီခေတ်က ခေါ် ခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမ ဆုံးကော်မရှင်နာမင်းကြီး ဆာအာသာ ဖယ်ရာ နေထိုင်ခဲ့ရာ လမ်းဖြစ်လို့ ကော်မရှင်နာလမ်းလို့ ခေါ်ခဲ့ကြတာဖြစ်ပြီး မောင့်ဂိုမာရီကတော့ ဆာဂျင်ရာထူးနဲ့ ၁၈၅၂ ခုနှစ်မှာ ရန်ကုန်ကိုရောက်လာခဲ့ သူပါ။ ၃-၄-၁၉၅၆ ခုနှစ်မှာတော့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလမ်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်းလို့သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

လမ်းမတော်-

ဒီလမ်းကိုတော့ ဗိုလ်ချုပ်ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ခဲ့ပါတယ်။ ဂေါ်ဒွင်ဟာ ပထမ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲကို နွှဲခဲ့ သူဖြစ်ပြီး ၁၈၅၃ ခုနှစ်က အိန္ဒိယနိုင်ငံမှာ သေဆုံးခဲ့ပါတယ်။ ဒီလမ်းရဲ့ထူးခြားချက်က ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ထားပေမယ့် လမ်းမတော်လို့သာ အခေါ်အဝေါ်တွင် ကျယ်ခဲ့တာပါ။ ဒါကြောင့် ဂျပန်ခေတ်မှာကတည်းက လမ်းနာမည်က ပြောင်းလဲပြီးသားလို့ ဆိုပါတယ်။ လမ်းမတော်ဆိုတာက သာယာဝတီမင်း ၁၈၄၁ ခုနှစ်မှာ ရန်ကုန် ကိုကြွချီလာတုန်း ဘုရင့်ဖောင်တော်တံတားက တက်ရောက်ရာလမ်းကို အစွဲပြုခေါ်တာ ဖြစ်ပါတယ်။

မဟာဗန္ဓုလပန်းခြံလမ်း-

မော်လမြိုင်မြို့မှာ စစ်ကဲအဖြစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဂျီအီးဘားကို အစွဲပြုပြီး ဘားလမ်းလို့ ရှေးကခေါ်ခဲ့ကြပါတယ်။

မဟာဗန္ဓုလလမ်း-

အိန္ဒိယရဲ့ ဘုရင်ခံချုပ်ဖြစ်ဖူးတဲ့ လော့ဒ်ဒါလဟိုဇီကို အစွဲပြုပြီး ခေါ်ဝေါ်တာပါ။ ဒါလဟိုဇီဟာ အင်္ဂလိပ်- မြန်မာ ဒုတိယစစ်ပွဲကို ကြီးကြပ်ခဲ့သူဖြစ်ပြီး ညစာစားပွဲတစ်ခုမှာ သောက်ရင်းစားရင်း ကျန်တဲ့လမ်းတော်တော်များများရဲ့ နာမည်ကို သူက အမည်ပေးခဲ့ပါတယ်။ သူလိုလားတဲ့ အရာရှိကြီး၊ ငယ်တွေရဲ့အမည်တွေကို လမ်းအမည်ပေးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ၃-၄-၁၉၅၆ ခုနှစ်မှာတော့ ဒီလမ်းကို မဟာဗန္ဓုလလမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ စစ်သူကြီးမဟာဗန္ဓုလဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်းမှာ ကျဆုံးခဲ့ ရသူ ဖြစ်ပါတယ်။

ပန်းဆိုးတန်း-

အောက်မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ရာကို အစွဲပြုပြီး ဖယ်ရာလမ်းလို့ မှည့်ခေါ်ခဲ့ပါတယ်။ ဖယ်ရာဟာ မြန်မာနိုင်ငံသမိုင်း စာအုပ်ကို ရေးသားခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိတဲ့ သက်ရှိမျိုးစိတ်သစ်တွေကို လေ့လာဆန်းစစ်မှုလုပ်ခဲ့သူပါ။ တွေ့ရှိခဲ့တဲ့ အချို့မျိုးစိတ်သစ်တွေကို သူ့နာမည်ပေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ လမ်းအမည်မှာတော့ ပန်းဆိုးတန်းဆိုတဲ့ အမည်က ပိုပြီးထင်ပေါ်ခဲ့ပါတယ်။

ပန်းဆိုးတန်းဟာ ဘိုးတော် ဘုရားလက်ထက်က ကန်တော်ကလေး ကျေးရွာအမည်နဲ့ တည်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွာသူ၊ ရွာသားတွေဟာ ခဝါသည်၊ ဆေးဆိုးလုပ်ငန်းလုပ်ကိုင်ပြီး အသက်မွေးခဲ့တာကြောင့် ပန်းဆိုးတန်းသို့ သွားရာလမ်းကို ပန်းဆိုးတန်းလမ်းလို့ ခေါ်ခဲ့ကြတာပါ။ သီတဂူဆရာတော်ဘုရားကြီးဟောတဲ့ တရားတစ်ပုဒ်ထဲမှာတော့ ပန်းဆိုးတန်းမဟုတ်ဘဲ ပုဆိုးတန်းသာဖြစ်ကြောင်း နာယူမှတ်သားခဲ့ရဖူးပါတယ်။ နောက်ပြီး ရွှေတိဂုံဘုရားမှာ ရေးထိုး မှတ်တမ်းတင် ထားတာတွေအရ ပုဆိုးတန်းအရပ်ဆိုတာ ရှိခဲ့ပါတယ်။

သိမ်ဖြူလမ်း-

ဂျူးလူမျိုးသူဌေးဖြစ်တဲ့ ဂျူဒါအီစကယ်ကို အစွဲပြုပြီး ဂျူဒါအီစကယ်လမ်းလို့ အမည်တွင်ခဲ့ပါတယ်။ သူဟာ ရက်ရောတာကြောင့် ထင်ပေါ်ခဲ့သူဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ရဟန္တာသိမ် ကိုးလုံးအနက် တစ်လုံးအပါအဝင်ဖြစ်တဲ့ ဒေဝသာဂရသိမ်တော်ကို ထုံးဖြူသုတ်ထားတာ အကြောင်းပြုပြီး သိမ်ဖြူဆိုတဲ့ လမ်းအမည် ပေါ်ပေါက်ခဲ့တာပါ။ ၁၈၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မှာ သိမ်ဖြူခံတပ်တိုက်ပွဲဟာ နာမည်ကြီးခဲ့ပါတယ်။

ဘုန်းကြီးလမ်း-

ဘုန်းကြီးလမ်းကို အရင်က ဘုရားငုတ်တိုလမ်းလို့ ခေါ်ခဲ့တယ်လို့ သိရပါတယ်။ မွန်ဘုရားဖြစ်တဲ့ ကျိုက်ဒေးတဲ့ စေတီငုတ်တိုနဲ့ တွဲပြီး ဘုရားငုတ်တိုလမ်းလို့ ခေါ် ခဲ့ကြတာပါ။ ကျိုက်ဒေးတဲ့ဆိုတာ မြန်မာလို ကျောက်ကုန်းထက်မှာ တည်တဲ့ဘုရားလို့ အဓိပ္ပာယ်ရှိတာ တွေ့ရပါ တယ်။ သရက်တောကျောင်းတိုက်က ဘုန်းကြီးတွေ ဆွမ်းခံကြွလေ့ရှိတာကြောင့် နောက်ပိုင်းမှာ ဘုရားငုတ်တိုလမ်းအစား ဘုန်းကြီးလမ်းက ပိုထင်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

မကြီးကြီးလမ်း-

၁၈၇၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ ဦးရိုးနဲ့ ဒေါ်ရွှေသီတို့က မွေးဖွားခဲ့တဲ့ မကြီးကြီးကို ဂုဏ်ပြုတဲအနေနဲ့ မကြီးကြီးလမ်းလို့ မှည့်ခေါ်ခဲ့တာပါ။ သူဟာ မြေယာပိုင်ရှင် သူဌေးတစ်ဦးဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရားကို မြေ ၁၀ ဧက လှူဒါန်းခဲ့ပါတယ်။ မျိုးချစ်စိတ် ထက်သန်သူဖြစ်တာကြောင့် အင်္ဂလိပ်စာသင် ကျောင်းနဲ့အပြိုင် စာသင်ကျောင်းတစ်ကျောင်းဆောက်ပြီး ကိုယ်တိုင်ဆရာမ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မကြီးကြီးဟာ အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဦးထောင်ဗိုလ်လမ်း-

မန္တလေးဇာတိဖြစ်တဲ့ ဦးထောင်ဗိုလ်ဟာ မြန်မာလူမျိုးတွေထဲမှာ ပထမဆုံး သွားစိုက်ဆရာဝန် ဖြစ်ခဲ့သူပါ။ အသက် ၁၅ နှစ်အရွယ်မှာ ရန်ကုန်ကို ရောက်လာပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာနဲ့မျက်စောင်းထိုးမှာ သွားစိုက်ဆိုင် ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ တပည့်တွေကို ပညာသင်ပေးရင်း ဦးထောင်ဗိုလ်ဟာ ၃၁-၆-၁၉၆၃ ခုနှစ်၊ တနင်္ဂနွေနေ့၊ နံနက် ၅ နာရီ ၃၀ မိနစ်မှာ လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။သူ့ကိုအစွဲပြုပြီး ဦးထောင်ဗိုလ်လမ်းလို့ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

မောင်ထော်လေးလမ်း-

မွန်လူမျိုးတစ်ဦးဖြစ်တဲ့ စစ်ကဲဦးထော်လေးဟာ ဒလမြို့စားအဖြစ် အမှုထမ်းခဲ့ ဖူးပါတယ်။ ဗြိတိသျလက်အောက်မှာတော့ စစ်ကဲအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့တည်ဆောက်ရေးအစိုးရလက်ထက်မှာ ဒီလမ်းကို ဗိုလ်ဆွန်ပက်လမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ ဗိုလ်ဆွန်ပက်ဟာဗြိတိသျှတွေကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ မျိုးချစ်သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။

ရေတာရှည်လမ်းဟောင်း-

ရေတာရှည်မြို့သူ၊ မြို့သားတွေ စုဝေးတဲ့အရပ်ဒေသမို့ ရေတာရှည်လို့ ခေါ်ဝေါ်တာ မဟုတ်ပါဘူး။ ရေတာရှည် လမ်းဟောင်းနဲ့ လမ်းသစ်ဆိုပြီး နှစ်လမ်းရှိပြီး ဗဟန်းမြို့နယ်ထဲမှာ ပါဝင်ပါတယ်။ ဗဟန်းဟာ ရှေးက တောင်ပူစာ၊ ချိုင့်ဝှမ်း၊ စိမ့်စမ်းတွေ ပေါများတာကြောင့် ရေက တာရှည်စီးဆင်းရလေ့ရှိပါတယ်။ ဒါကို အစွဲပြုပြီး ရေတာရှည်လမ်းဆိုပြီး ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။

ဆူးလေဘုရားလမ်း-

ဆူးလေဘုရားလမ်းသည် တချိန်က မြန်မာနိုင်ငံတွင်သာမက အာရှတွင် အကျယ်ဆုံးနှင့် အလှပဆုံးလမ်းဖြစ်ခဲ့သည်။ သန့်ရှင်းလှသော လမ်းတွင် သစ်ပင်များသာမက ကားများ ဓာတ်ရထားများ မြင်းလှည်းများသွားရန်ပါ ကျယ်ဝန်းသည်။

Via : Yangon Directory

Photo Credit : British Library and Myanmar Historic Archive

သမိုင်းအကြောင်း

Comments are closed.