
လုပ်ဖော်ကိုင်ဖက်တွေအတွက် ထူးခြားတဲ့နည်းနဲ့ နေ့တိုင်းထမင်းဘူးပို့ပေးနေတဲ့သူမ
တရုတ်နိုင်ငံ ချုံကင်းမြို့theme park ထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး အလုပ်သမားတစ်ဦးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက် ကြိုးနဲ့အောက်ကိုခုန်ချတဲ့ bungee-jumping ပြုလုပ်ပြီး နေ့တိုင်း ထမင်းဘူးပို့ပေးနေရတယ်လို့ သိရပါတယ်။

ဝမ်တျန်းဒီအမည်ရတဲ့ ၎င်းအမျိုးသမီးဟာ နေ့လယ်ခင်းတိုင်းမှာ တောင်အောက်မှာရှိတဲ့ သူမရဲ့လုပ်ဖော်ကိုင်ဖက် အယောက်(၂၀၀) အတွက် အခုလို ထမင်းဘူးပို့ပေးနေရတာ ဖြစ်ပါတယ်။ Theme park ထဲမှာတော့ ဝန်ထမ်းတွေက အမျိုးမျိုးပြန့်ကြဲကာ ရှိနေပါတယ်။ အချို့ကျတော့လည်း တောင်ပေါ်မှာ၊ အချို့ကျတော့လည်း တောင်အောက်မှာရှိပါတယ်။ တောင်အောက်မှာ အလုပ်လုပ်နေတဲ့သူတွေအတွက် ဝမ်တျန်းဒီဟာ တောင်ပေါ်ကနေ ကြိုးနဲ့ခုန်ချပြီး နေ့စဉ်ထမင်းဘူးပို့ပေးနေရတာ ဖြစ်ပါတယ်။

တကယ်လို့ တောင်ပေါ်ကနေ တောင်အောက်ကို ကားနဲ့သွားမယ်ဆိုရင်တော့ နာရီဝက်လောက် ကြပါတယ်။ ဒီနာရီဝက်ကြာမယ့်အချိန်ကိုတော့ ဝမ်တျန်းဒီက (၂) မိနစ်တည်းနဲ့ အောက်ကို ကြိုးခုန်ပြီး ထမင်းဘူးတွေပို့ပေးခဲ့တာ ဖြစ်ပါတယ်။

ဝမ်တျန်းဒီရဲ့ ထမင်းဘူးပို့ပုံနဲ့ပတ်သက်ပြီး တရုတ်ဆိုရှယ်မီဒီယာပေါ်မှာတော့ တော်တော်လေး ပြန့်နှံ့နေပါတယ်။ အွန်လိုင်းမှာတော့ bungee jumping ကြောင့် ထမင်းပို့တဲ့အလုပ် မြန်မြန်ပြီးသွားခဲ့တယ်လို့ ချီးကျူးနေသူတွေရှိသလို တချို့ကလည်း theme park က bungee jumping နဲ့ပတ်သက်ပြီး နာမည်ကျော်ချင်လို့အခုလို တမင်ဖန်တီးတာလို့ ဆိုနေကြကြောင်း အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ nextshark ဖော်ပြချက်အရ သိရပါတယ်။
