ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်ကို ပြန်ထိုးနှက်မယ့် တရုတ်နိုင်ငံရဲ့ ဝှက်ဖဲတစ်ချပ်

ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်ကို ပြန်ထိုးနှက်မယ့် တရုတ်နိုင်ငံရဲ့ ဝှက်ဖဲတစ်ချပ်

ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေစဉ်မှာ တရုတ်က ဝှက်ဖဲတစ်ချပ်ကို ထုတ်သုံးတော့ဖို့ မျက်စိပစ်နေပါတယ်။ ဒါကတော့ မြေရှားဒြပ်စင် rare earth လို့ ခေါ်တဲ့ သတ္ထုဒြပ်စင်တစ်မျိုးပါပဲ။ ဒီ rare earth တင်ပို့မှုကို တင်းကျပ်ပြီး အမေရိကန်ကို ပြန်လည်ထိုးနှက်ဖို့ တရုတ်နိုင်ငံပိုင်သတင်းစာတွေကနေ ရေးသားဖော်ပြနေပါတယ်။

Rare earth ဒြပ်စင်ဟာ ၁၇ ဓာတုဒြပ်စင် အုပ်စုဝင် သတ္ထုဒြပ်စင်တစ်မျိုးဖြစ်ပြီး နည်းပညာပစ္စည်းတွေကနေ စစ်လက်နက်ကိရိယာတွေ ထုတ်လုပ်တာအထိ မပါမဖြစ်ပါ။

တရုတ်နိုင်ငံဟာ ဒီ rare earth ကုန်ကြမ်းကို အကြီးစား ထုတ်လုပ်နေတဲ့ နိုင်ငံပါ။ လျှပ်စစ်ကားနဲ့ လေတာဘိုင်တွေ ထုတ်လုပ်တာတွေ အပါအဝင် အဆင့်မြင့်နည်းပညာထုတ်ကုန်တွေမှာ အမေရိကန်အတွက် rare earth က မရှိမဖြစ်ပါပဲ။

အမေရိကန် ဘူမိတိုင်းတာရေး ပညာရှင်တွေကလည်း rare earth ဟာ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးအတွက်ပါ အသက်တမျှ အရေးကြီးလာမယ့် ကုန်ကြမ်းဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်က သတိပေးထားဖူးပါတယ်။

“အမေရိကန်ဆီ rare earth တင်ပို့မှုကို ကန့်သတ်ဖို့ တရုတ်က လေးလေနက်နက် စဉ်းစားနေတယ်။”လို့ တရုတ်နိုင်ငံပိုင် Global Times ရဲ့ အယ်ဒီတာက တွစ်တာမှာ ရေးသားပါတယ်။

Rare လို့ ရှားပါးတယ်ဆိုပြီး နာမည်တပ်ပေမယ့် ဒီဒြပ်စင်ကို ကမ္ဘာ့မြေလွှာ အမာကြောအတွင်း အလျှံပယ် တွေ့နိုင်တယ်လို့ အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောထားပါတယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီဒြပ်စင်ကို နေရာအနည်းငယ်မှာ တူးဖောက်ထုတ်လုပ်နေနိုင်တာ ဖြစ်ပါတယ်။ ထုတ်လုပ်ရာမှာလည်း အခက်အခဲ ရှိပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်နိုင်တာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးရဲ့ rare earth ထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံက ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ မြန်မာ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံတို့ဟာလည်း rare earth ပမာဏအနည်းငယ် ထုတ်လုပ်တဲ့ အခြားသော နိုင်ငံတွေ အုပ်စုထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

Rf; BBC
Writer_မောင်သံဆင့် ( Daily Hot News )

Comments are closed.