အိမ်တွေမှာ အိမ်စောင့်နတ် တကယ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပါချုပ်ဆရာတော်ဘုရားကြီး ဖြေကြားပုံ

အိမ်တွေမှာ အိမ်စောင့်နတ် တကယ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပါချုပ်ဆရာတော်ဘုရားကြီး ဖြေကြားပုံ

ဒေဝတာနံ ကိုယ်မမြင်ရပေမယ့်လို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အိမ်စောင့်နတ်တို့၊ တောစောင့်နတ်တို့၊ တောင်စောင့်နတ်တို့ ဆိုတာ ရှိတယ်။ စောင့်ဆိုတဲ့အဓိပ္ပါယ်က Duty ချထားလို့ စောင့်တာတော့ မဟုတ်ဘူး။ ကိုယ့်အိမ်ကို အမှီပြုပြီးဖြစ်နေတဲ့ နတ်ကို အိမ်စောင့်နတ်လို့ ခေါ်တာနော်။ အေး… အိမ်ကိုစောင့်ရမယ်လို့ တာဝန်ပေးထားတာလို့တော့ မအောက်မေ့လေနဲ့။ကိုယ်စောင့်နတ်ဆိုတာလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါတစ်မျိုးပဲ။ စဉ်းစားကြည့်လေ။ ကိုယ့်မှာ အိမ်လေးဆောက်ထားပြီ ဆိုလို့ရှိရင် အိမ်မြှောင်တို့ ပိုးဟပ်တို့ အကောင်ပလောင် တွေဟာ ရောက်လာတာပဲလေ။ အဲဒီလိုပဲ ကိုယ်မမြင်ရတဲ့ နတ်တွေ ဘာတွေဆိုတာလည်း ကိုယ့်အိမ်နဲ့ဆက်စပ်ပြီး သူတို့ဘုံဗိမ္မာန်တွေ ဖြစ်နေတာ။ အဲဒါကိုပဲ အိမ်စောင့်နတ် လို့ ခေါ်တာ။

သစ်ပင်ကို အမှီုပြုပြီး ဘုံဗိမ္မာန်တွေ ဖြစ်လာတဲ့အခါရုက္ခစိုးလို့ ခေါ်တယ်။ မြေကြီးပေါ်မှာ ဘုံဗိမ္မာန်ပေါ်လာရင် ဘုမ္မစိုးလို့ ခေါ်တယ်။ အဲဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်တယ်။အဲဒီလိုရှိနေတာကို ” သူလည်း သူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ်ဟာကိုယ်နေ “ဆိုတာမျိုး မဟုတ်ဘဲနဲ့ မိမိကိုယ်တိုင်က အသိအမှတ်ပြုပြီးတော့ ကုသိုလ်ကောင်းမှုလုပ်တိုင်း မိမိအနီးပါးမှာရှိတဲ့ နတ်တွေကို ချမ်းသာကြပါစေ၊ ကုသိုလ်ကောင်းမှု အမျှဝေပါတယ်၊ အမျှယူကြပါလို့ အမျှဝေလို့ အမျှရတဲ့အခါကျရင် ဘုန်းတန်ခိုးတွေ တိုးတက်သွားတယ်။နတ်ဆိုတာ လုပ်ကိုင်စားသောက်ရတဲ့ အမျိုးအစားမဟုတ်ဘူး။ သာဓုခေါ်လိုက်လို့ ကုသိုလ်ကောင်းမှု တိုးသွားရင် အစွမ်းတန်ခိုးတွေ တိုးသွားတယ်။ စီးပွားတိုးသွားတယ်လို့ ခေါ်တယ်။ လူတွေကျတော့ အလုပ်အကိုင်လုပ်မှ စီးပွား တိုးတက်တယ်။လူတွေကဥဋ္ဌာနဖလူပဇီဝီ လုပ်ကိုင်စားသောက်မှ စီးပွားဥစ္စာဖြစ်တယ်။

ဒီအတိုင်း ထိုင်နေလို့ ဘာမှ ဖြစ်မလာဘူး။ နတ်တွေကျတော့ အဲလိုမဟုတ်ဘူး။ ကုသိုလ်ကောင်းမှုပြုလိုက်လို့ သာဓုခေါ်လိုက်ရရင် ဘုန်းတန်ခိုး တိုးသွားတယ်။ အရည်အချင်းတွေ တက်သွားတယ်။ အဝတ်အစားတွေ ပိုကောင်းလာတယ်။ ဘုံဗိမ္မာန်တွေ ပိုကောင်းလာတယ်။ စားစရာ သောက်စရာတွေ ပိုပြည့်စုံလာတယ်။အရှိန်အဝါတွေ ပိုတက်လာတယ်။ ကိုယ်ကမပြတ် မေတ္တာပို့ပေးတယ်၊ အမျှဝေပေးတယ်ဆိုရင် အဲဒီအမျှကို သာဓုခေါ်ရတဲ့နတ်တွေဟာ တန်ခိုးတိုးတက်သွားတယ်။ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။ မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လိုပြောထားတုန်းဆိုတော့“ယသ္မိ ံပဒေသေကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော”စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာ အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့ အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။ အမျှဝေလိုက်လို့ရှိရင် နတ်တွေက ကိုယ့်ကို စောင့်ရှောက် လိမ့်မယ်။

ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာ ဘုန်းတန်ခိုးတွေ တက်တယ်။ ဘုန်းတန်ခိုးတက်တော့ ကိုယ့်အပေါ်မှာ အကြင်နာတရားတွေ ထားလာတယ်။နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ပုဂ္ဂိုလ်ဟာ အကောင်းချည်းပဲ တွေ့တယ်။ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ကြုံလာတယ်။ ဘာလုပ်လုပ် အဆင်ပြေလာတယ်။ အန္တရာယ်တွေ ကင်းလာတယ်။မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ မေတ္တာတွေ ပိုပြီးတော့ ကိုယ့်ကိုစောင့်ရှောက်လာတယ်။ ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ် ကောင်းမှု လုပ်တိုင်း အမျှဝေရမယ်။ ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်စောင့်နတ်တို့ ဘာတို့ကို ဖိတ်ခေါ်ပြီး အမျှအတန်း ပေးဝေရမယ်။

#လမ်းမှန်ညွှန်ပြ မြတ်ဗုဒ္ဓ

Comments are closed.