အိန္ဒိယတွင် မုဒိမ်းကျင့်မှုကို ငြင်းဆန်သည့် အမျိုးသမီးနှစ်ဦးအား ကတုံးရိတ်ပစ်သူများကို ဖမ်းဆီး

အိန္ဒိယတွင် မုဒိမ်းကျင့်မှုကို ငြင်းဆန်သည့် အမျိုးသမီးနှစ်ဦးအား ကတုံးရိတ်ပစ်သူများကို ဖမ်းဆီး

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် မုဒိမ်းကျင့်မှုကို ခုခံငြင်းဆန်ခဲ့သည့် အမျိုးသမီးနှစ်ဦးအား ကတုံးရိတ်ပစ်ခဲ့သော အုပ်စုထဲမှ နှစ်ဦးကို ဖမ်းဆီးရမိထားပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။
နယ်မြေခံ တာဝန်ရှိသူတစ်ဦး ပါဝင်သည့်အုပ်စုသည် အဆိုပါ သားအမိနှစ်ဦး နေထိုင်သည့်အိမ်ကို အတင်းဝင်ရောက်ကာ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ရဲက ပြောကြားသည်။
သားအမိနှစ်ယောက်က ငြင်းဆန်သောအခါ ၎င်းတို့က ကတုံးရိတ်ပစ်ခဲ့ကြပြီး ရွာထဲသို့ လှည့်လည်ပြသခဲ့ကြသည်ဟု သိရှိရသည်။
အဆိုပါအမှုတွင် ပါဝင်ကျူးလွန်သူ နောက်ထပ် ငါးဦးကိုလည်း လိုက်လံရှာဖွေနေသည်ဟု ရဲက ပြောကြားသည်။
“ကျွန်မတို့ကို တုတ်နဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်တယ်။ ကျွန်မကော၊ သမီးကော တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေချည်းပဲ”ဟု မိခင် အမျိုးသမီးက ပြောကြားသည်။
မုဒိမ်းမှုသည် ရာဇဝတ်မှုဖြစ်သော်လည်း အိန္ဒိယတွင် ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် ယခုကဲ့သို့ ကတုံးရိတ်ကာ ရွာထဲသို့ လှည့်လည်ပြသမှုသည် ဖိုဝါဒလွှမ်းမိုးသော အသိုင်းအဝိုင်းတွင် ပုရိသခွန်အားကို အလွန်အကျွံ ကျင့်သုံးလာကြခြင်းဖြစ်သည်။
အဆိုးဆုံးအချက်မှာ လူရမ်းကား အုပ်စုကို ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူက ဦးဆောင်ခဲ့သည့်ကိစ္စဖြစ်သည်။ အဆိုပါ ရာဇဝတ်မှု၏ ရဲတင်းမှုနှင့် ရိုင်းစိုင်းမှုသည် အိန္ဒိယတွင် ဥပဒေကို မလေးမခန့် ဖြစ်နေခြင်းကို ပြသနေသည်။
အနှိမ်ခံ အောက်ခြေအလွှာသည် ရဲစခန်းသို့ တိုင်ကြားရန်အတွက်ပင် အလွန်ခက်ခဲနေပြီး ဖြစ်ကတတ်ဆန်း စစ်ဆေးမှုများ၊ ကြန့်ကြာသည့် တရားစီရင်မှုများကြောင့် ရာဇဝတ်မှုများအပေါ် ဥပဒေအာဏာ သက်ရောက်နိုင်ခြင်း မရှိတော့ပေ။
ယင်းကဲ့သို့ ရာဇဝတ်မှုများ ဖြစ်ပွားသည့်အခါတိုင်း လူထုက အမျက်ဒေါသထွက် လေ့ရှိသော်လည်း ခဏသာဖြစ်သည်။ 
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ပြည်နယ် အမျိုးသမီးကော်မရှင်က ပြစ်တင်ရှုတ်ချခဲ့ပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။
ယခုကဲ့သို့ ဖြစ်ရပ်သည် ဘီဟာပြည်နယ်တွင် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဧပြီလကလည်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ရန် ကြိုးစားမှုတွင် ခုခံငြင်းဆန်ခဲ့သည့် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး အက်စစ်ဖြင့် အပက်ခံရမှု ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်ကလည်း ဘီဟာပြည်နယ် ကျေးရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦးကို အဝတ်အစားချွတ်ကာ ဈေးအတွင်း လည့်လည်ပြသမှု ဖြစ်ပွားခဲ့သည်။
အိန္ဒိယတွင် ၂၀၁၂ ခုနှစ်က ဘတ်စ်ကား တစ်စီးပေါ်တွင် ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တစ်နိုင်ငံလုံးတွင် ဆန္ဒပြကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့သောကြောင့် အစိုးရက အလေးထား ကိုင်တွယ်လာခဲ့သော်လည်း နိုင်ငံတစ်ဝန်းတွင် အမျိုးသမီးများ မုဒိမ်းကျင့် စော်ကားခံရမှု သတင်းများ ဆက်လက်ထွက်ပေါ်နေဆဲပင်ဖြစ်သည်။ 

Comments are closed.