လေးနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ထက်ဝက်ကျော် ကျဆင်း

လေးနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ထက်ဝက်ကျော် ကျဆင်း

မန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်က လူဦးရေ၏ ၄၈ ဒသမ ၂ ရာခိုင်နှုန်း ဆင်းရဲမွဲတေ နေရာမှ ယခု ၂၀၁၉ ခုနှစ်တွင် ဆင်းရဲမွဲတေသူ ဦးရေမှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသာရှိတော့သဖြင့် ဆင်းရဲသူ ထက်ဝက်ကျော် ကျဆင်းလာကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

ဝန်ကြီးက မြန်မာ့ဗဟိုစာရင်းအင်းအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်း (၂၀၁၇) အစီရင်ခံစာကို ကိုးကား၍ ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်တမ်းအစီရင်ခံစာအရ ကျေးလက်နေပြည်သူအများစုဖြစ်သည် လယ်ယာလုပ်ငန်းလုပ်ကိုင်သူများက ပိုမိုဆင်းရဲသည်ကိုတွေ့ရကြောင်း ဝန်ကြီးက ဆိုသည်။

ယင်းအစီရင်ခံစာစစ်တမ်းကို ဇွန်လ ၂၇ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အခမ်းအနားပြုလုပ်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီအစီရင်ခံစာကနေပြီးတော့ ၂၀၀၅ ခုနှစ် ၂၀၁၇ ခုနှစ်ကြားမှာဆိုရင် ဆင်းရဲနွမ်းပါးမှုနှုန်းဟာ သိသိသာသာကျဆင်းသွားခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ကျေးလက်ဒေသတွေမှာ မြင့်မားနေဆဲဖြစ်တယ်။ တိုင်းဒေသအလိုက် ပြောရရင်တော့ ချင်းပြည်နယ်က ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးဖြစ်ပြီးတော့ လူ ၁၀ ဦးမှာ ၆ ဦး ဆင်းရဲနွမ်းပါးသူတွေ ဖြစ်ပါတယ်” ဟု UNDP ၏ ဌာနေကိုယ်စားလှယ် ပီတာ ဘက်ချလာ (MR.Petet Batchelor) က ပြောသည်။

အဆိုပါ အစီရင်ခံစာအရ ယခုလက်ရှိတွင် နိုင်ငံရှိ လူဦးရေ၏ ၁၁ ဒသမ ၈ သန်းသည် ဆင်းရဲနွမ်းပါးလျက်ရှိပြီး လူလေးဦးလျှင် တစ်ဦးမှာ ဆင်းရဲလျက်ရှိကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့က ၂၀၁၅ မှာ ကောက်ထားတာလည်းရှိတယ် စပြီးကောက်ခဲ့တာက ၂၀၀၅ ပေါ့။ ၂၀၀၅ ကနေ စပြီးသွားတယ်။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၁၇ ပေါ့။ ၂၀၁၉ ကတော့ ကျွန်တော်တို့ ကောက်ကြည့်မှပဲ သိတော့မယ်။ ဘာလို့လဲဆိုတော့ လူတွေရဲ့အခြေအနေက ၂၀၁၅ နဲ့ ၂၀၁၇ တောင် မတူတော့ဘူး။ ကျွန်တော်တို့ Changes တွေရှိတယ်။ ဥပမာ-လူတွေရဲ့ ဝင်ငွေအနေအထား၊ စား သုံးမှုအနေအထား၊ အသုံးပြုမှုအနေအထား၊ ဒီပေါ်မှာ ၂၀၁၉ ဆိုရင်လည်း ကောက်ကြည့်မှပဲသိမယ်”ဟု ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောသည်။

အဆိုပါစစ်တမ်းကို နိုင်ငံတော် သမ္မတရုံးထံတင်ပြထားပြီးဖြစ်ကြောင်း၊ သမ္မတရုံးအနေဖြင့် အကြောင်းပြန်ကြားချက် တစ်စုံတစ်ခုမရှိသေးကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းတို့မှာ ဆင်းရဲနွမ်းပါးမှု အနည်းဆုံးဖြစ်ပြီး လူ ၁၀ ဦးတွင် တစ်ဦးသာ ဆင်းရဲနွမ်းပါးကြောင်း ၎င်းက ဆိုသည်။

S-01( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Comments are closed.