နေပြည်တော် Wisdom Hill မူကြို ခေတ္တပိတ်မယ်

နေပြည်တော် Wisdom Hill မူကြို ခေတ္တပိတ်မယ်

ဥပဒေအရ အသက် ၃ နှစ်က ၅ နှစ်အရွယ်ကလေးတွေကိုပဲ မူကြိုကျောင်းသားအဖြစ် လက်ခံဖို့သတ်မှတ်ထားတာပါ။ ( ပုံ- ဂျာမနီ မူကြိုကျောင်းတစ်ခု ကစားကွင်း)
အသက် ၃ နှစ်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ဖြေရှင်းနေရတဲ့ နေပြည်တော်က နာမည်ကြီး ပုဂ္ဂလိက မူကြိုကျောင်း Wisdom Hill ကို ဇူလိုင်လ ၁ ရက်က စပြီး နှစ်ပတ် ခေတ္တပိတ်ထားတော့မှာ ဖြစ်ပါတယ်။

Wisdom Hill ကျောင်းဟာ နေပြည်တော်မှာနာမည်ကြီး ပုဂ္ဂလိကကျောင်းတခု ဖြစ်သလို ကျောင်းခွဲတွေ ဖွင့်လှစ်ထားတဲ့ကျောင်းလည်းဖြစ်ပါတယ်။

အဲဒီ ကလေးငယ် သက်ငယ်မုဒိမ်းကျူးလွန်ခံရတယ်ဆိုတဲ့အမှုကို စစ်ဆေးနေတာ တစ်လကျော် ရှိနေပါပြီ။

ကျောင်းက တာဝန်ရှိသူတွေက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နေပြည်တော်က မူကြိုကျောင်းတွေကို နှစ်ပတ်ပိတ်ထားဖို့ အကြောင်းကြားလာလို့ သူတို့ကျောင်းကို နှစ်ပတ် ခေတ္တပိတ်တော့မယ်လို့အဲဒီ ကျောင်းမှာ မူကြိုတက်နေတဲ့ ကျောင်းသားမိဘတွေကို ဇွန်လ ၃၀ ရက်က အကြောင်းကြားလိုက်တာပါ။

ကျောင်းလခသွင်းထားတဲ့သူတွေ အနေနဲ့ကျောင်းလခ ပြန်လည်ထုတ်ယူဖို့နဲ့ကျောင်းပြန်ဖွင့်မယ့်ရက်ကို အကြောင်းကြားမယ့် အကြောင်းလည်း ကျောင်းသားမိဘတွေကို ကျောင်းက အသိပေးခဲ့တယ်လို့ အဲဒီလို အကြောင်းကြားခံရတဲ့ မိဘတစ်ဦးက ပြောပါတယ်။

Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းဟာ နေပြည်တော်မှာ နာမည်ကြီးကျောင်း တခုဖြစ်ပေမဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှာ မှတ်ပုံတင်လျှောက်ထားဆဲ အခြေအနေနဲ့ပဲ ကျောင်းဖွင့်နေတာပါ။

ဒီလိုဖွင့်လှစ်နေတာနဲ့ပတ်သက်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ စမ်းစမ်းအေးက အဲဒီမူကြိုဟာ နေပြည်တော်နယ်မြေကောင်စီမှာ မှတ်ပုံတင်ဆဲလျှောက်ထားဆဲသာဖြစ်ကြောင်း၊ ဥပဒေအရဆိုရင် မှတ်ပုံတင်မရှိဘဲ ကျောင်းဖွင့်လို့ မရသေးကြောင်း ဆိုပါတယ်။

ဥပဒေအရ အသက် ၃ နှစ်က ၅ နှစ်အရွယ်ကလေးတွေကိုပဲ မူကြိုကျောင်းသားအဖြစ် လက်ခံဖို့သတ်မှတ်ထားတာပါ။ ဒါပေမဲ့လည်း ဒီကျောင်းမှာတက်နေတဲ့ အသက် ၃ နှစ်မပြည့်သေးတဲ့ကျောင်းသူလေးတစ်ဦး ဟာ ပြီးခဲ့တဲ့ တစ်လ ကျော်က သက်ငယ်မုဒိမ်းကျင့် ခံခဲ့ရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲကစစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ အမှုမှန် ဖော်ထုတ်ပေးဖို့ အများပြည်သူက တောင်းဆိုနေလို့ နိုင်ငံ တော် အကြီးအကဲတွေ ကိုယ်တိုင် စောင့်ကြည့်ပြီး အမှုမှန် ပေါ်အောင် တိုက်တွန်းထားပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့မှုခင်းသတင်းဌာန CID က တာဝန်ယူ ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့ရဲ့ တွေ့ရှိချက်ကို မကြာခင် သတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ထိပ်တန်းအရာရှိတွေက ဆိုပါတယ်။

လောလောဆယ်မှာတော့ ဒီအမှုနဲ့ပတ်သက်တဲ့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေပြီး အခုချိန်ထိတော့ တရားခံအစစ်ကိုမဖော်ထုတ်နိုင်သေးပါဘူး။

မူကြိုကို ပိတ်မှာဖြစ်ပေမဲ့ တခြား Grade အတန်းတွေကိုတော့ ဆက်ဖွင့်ထားမှာ ဖြစ်ပါတယ်။

Source;BBC

Photo Crd

Comments are closed.