Wisdom Hill အမှုနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်တွေကိုသုံးသပ်ပြလာတဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်

Wisdom Hill အမှုနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်တွေကိုသုံးသပ်ပြလာတဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်

Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် အသက်၂နှစ် ၁၁လအရွယ် မိန်းကလေးငယ် တစ်ယောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဖြစ်ပွားခဲ့ခြင်းအပေါ် ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို သတင်းတမန်မှ ဆက်သွယ်မေးမြန်းထားပါသည်။

KKK။ နေပြည်တော်သပြေကုန်းရပ်ကွက်မှာရှိတဲ့ Wisdom Hill အမည်နဲ့ ဖွင့်ထားတဲ့ မူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ ၂ နှစ်နဲ့ ၁၁ လ အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ သံသယဖြစ်စရာလူဆိုလို့ လက်ချိုးရေလို့ရပေမယ့် အခုအချိန်ထိ တရားခံကို မဖော်ထုတ်နိုင်သေးဘူး။ ဒုရဲမှူးဟောင်း တစ်ယောက်အနေနဲ့ ဒီအမှုဆောင်ရွက်နေတဲ့အပေါ် ဘယ်လို သုံးသပ်ချင်လဲ။

K MYN ။ Wisdom Hill မှာ ဖြစ်ပွားခဲ့တဲ့ ကလေးမလေးနဲ့ပတ်သက်ပြီးပြောရရင် ဧရာဝတီမှာ ကလေးရဲ့အဖေ ဖြေဆိုထားတဲ့ အချက်အလက်တွေအရ သုံးသပ်ပြပါမယ်။ ကလေးအဖေရဲ့ပြောဆိုချက်တွေမှာ ကလေးမလေးကို ကျောင်းပို့တဲ့အခါ ဖယ်ရီကားနဲ့ ပို့တယ်။ ကားပေါ်မှာ ကြီးကြပ်တဲ့ ဆရာမ ပါတယ်။အဲ့တော့ ဖယ်ရီကားမှာပါတဲ့ ဒရိုင်ဘာက အမှုသွားအမှုအလာအရ လမ်းမှာဖြစ်ပွား မသွားဘူးလို့ သုံးသပ်ရမှာ ဖြစ်တယ်။ညဖယ်ရီကား ရောက်တဲ့အချိန်မှာလည်း သတ်မှတ်ချိန်ထက် ၁ နာရီကျော်ကြာ နောက်ကျတယ်။ ဒါဟာလည်း ဟုတ်မှ ဟုတ်ရဲ့လားဆိုတာကို ရဲတပ်ဖွဲ့အနေနဲ့ထည့်သွင်း စစ်ဆေးဖို့ လိုပါတယ်။ နောက်ပြီး ည(၇)နာရီလောက်မှာ သူ့သမီးဖြစ်ပွားတာကို သိရှှိသွားတဲ့အချိန်မှာ ဖယ်ရီကားပေါ်က ဆရာမကို လှမ်းဆက်တယ်။ ကားပေါ်မှာ ဘာမှမဖြစ်ဘူး ပြောတယ်။ ကျောင်းကိုဆက်တော့လည်း မရဘူး။ အဲ့လိုနဲ့မိဘဖြစ်သူက နေပြည်တော်ဆေးရုံကို သွားပြတယ်။ အဲ့မှာတာဝန်ရှိသူတွေက ရဲမှုခင်းဖြစ်တယ်လို့ပြောတယ်။ ရဲမှုခင်း ဖြစ်တယ်ဆိုကတည်းက rape case လို့ ဆုံးဖြတ်သွားတဲ့ သဘောပေါ့။ အဲ့တော့ အဲ့ဆရာဝန်မရဲ့ထွက်ဆိုချက်က သက်သေခံမှန်ပါတယ်။ rape case သဘောမြောက်ပါတယ်။ အဲ့ကနေမှ ရဲစခန်းကို သွားတော့ ရဲတပ်ဖွဲ့က ဘာလုပ်လဲဆိုတော့ အမှုလာဖွင့်တဲ့အခါမှာ တရားခံ မသိဘဲ ဖွင့်ရင် အမှုအားနည်တယ် လို့ပြောပြီးတော့ ဖွင့်မပေးလိုက်ဘူး။ အဲ့လိုပြောပြီး ဖွင့်မပေးလိုက်ဘူး။ မိဘဘတွေကို ရဲကားနဲ့တောင် ပြန်လိုက်ပို့တယ်။ ဒါဟာ အမှုကို ချက်ချင်းလက်ငင်းဖွင့် ဆောင်ရွက်ရမှာကို ရဲတပ်ဖွဲ့က ဆောင်ရွက်မှုမရှိဘူး။ ကူညီမှုမရှိဘူးလို့ သုံးသပ်ရမှာပါ။ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်က ဥပဒေနဲ့မညီဘူးလို့တော့ သုံးသပ်ရမှာပါ။ နောက်တခုက ဒီကလေးမလေးရဲ့ကျောင်းမှာ CCTV တပ်ထားတယ်ေ ပြောတယ်။ CCTV နဲ့ပတ်သက်ပြီးသူ့ရဲ့ဖခင် ထွက်ဆိုထားတာဆိုရင် CCTV မှာ အပိုင်းလေးပိုင်းတောင် ပျက်နေတယ် ပြောတယ်။ ဒါလည်း စဉ်းစားစရာဖြစ်တယ်။ CCTV ကို သူ့အဖေစောင့်ကြည့်တဲ့အခါမှာ လူတယောက် ဝင်လာတယ် ပြောတယ်။ဝင်လာတယ်ဆိုတဲ့လူက တရားခံအဖြစ် ဆိုလိုတာတော့မဟုတ်ပါဘူး။ ဝင်လာတဲ့သူက ဘယ်သူဖြစ်မလဲ ဒရိုင်ဘာလား ဘယ်သူပဲဖြစ်ဖြစ် အဲ့လူက တရားခံလည်းဖြစ်သွားနိုင်သလို ဒါမှမဟုတ်ရင် တစုံတယောက်ရဲ့ပရောဂါကြောင့် ထောင်ချောက်ထဲကို ဝင်လာတဲ့သူ တစ်ယောက်လည်း ဖြစ်လာနိုင်တယ်။ ဒါဟာ ကျွန်တော့်ရဲ့အတွေ့အကြုံအရ ပြောပြတာပါ။ နောက်တခုက CCTV နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အတွေ့အကြုံကိုပြန်ပြီးတော့ ပြောရရင် ကျွန်တော်တို့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝလုံးတို့ ကျော်စိုးဦးတို့ အမှုမှာ ကျွန်တော်တရားရုံးမှာ မေ့ပြီး မထွက်ဆိုလိုက်ရဘူး။ ကျော်စိုးဦးနဲ့ ဝလုံးတို့ကို ဖမ်းဆီးတဲ့ စားသောက်ဆိုင်မှာ CCTV တပ်ထားတယ်။

ဒါပေမယ့် ကျော်စိုးဦးတို့ကို မိပြီးတဲ့နောက်ရက်မှာ စားသောက်ဆိုင်က CCTV ကို ရဲမှူးချုပ်တင်ကိုကို က အဲ့ဒီ CCTV ကို သွားသိမ်းခိုင်းတယ်။ အဲ့ဒီအချက်ကို ကျွန်တော်တရားရုံးကို မထွက်နိုင်လိုက်ဘူး။ မေ့သွားတယ်။ အဲ့အချက်ကို ခုသွားသတိရလို့။ အဲ့တော့ CCTV နဲ့ပတ်သက်လို့ရှိရင် တာဝန်ရှိတဲ့သူတွေရဲ့စစ်ဆေးမှုဟာ ကျွမ်းကျင်သူတွေ စစ်ဆေးတာဆိုတော့ အဲ့ဒီအချက်က သံသယဖြစ်စရာကောင်းတဲ့ အချက်အဖြစ် ကျွန်တော့်အနေနဲ့တွေးမိတာပေါ့။ နောက်တခုက ကလေးလေးကို ခေါ်စစ်တဲ့အချိန်မှာ ဆရာမနှင်းနုကိုလည်း ခေါ်စစ်တယ်။ အဲ့မှာ ကိုကို က လုပ်တာလို့ ပြောတယ်။ အဲ့လိုပြောတဲ့ အချိန်မှာ ဆရာမ က ဟန့်လိုက်တယ်။ ဆရာမမှာ ကလေးပြောဆိုနေတာကို ဟန့်တားခွင့်မရှိဘူး။ ရဲက ဆရာမကို တားရမှာပါ။ ဒါမျိုးဆိုရင်လည်း ရဲတပ်ဖွဲ့ရဲ့ ကျင့်ဝတ်နဲ့မညီဘူးပေါ့ဗျာ။ ရဲတပ်ဖွဲ့ဆိုတာကလည်း သစ္စာ ၊သမာဓိ ၊သတ္တိ နဲ့ပြည့်စုံနေရ မှာ။ သတ္တိရှိချင်မှ ရှိပါ။ ဒါပေမယ့် သစ္စာတော့ရှိရမယ်။ ဒါမျိုး အချက်အလက်တွေပေါ့။ ကျွန်တော်ပြောချင်တဲ့သဘောက ဒါဘက်လိုက်မှုရှိတယ်လို့ ကျွန်တေ်ာက သုံးသပ်ရတယ်။ ကလေးက မေးတိုင်း ဒီစကားပဲပြောတယ်။ ကိုကို ကလုပ်တာ။ ဆရာမနှင်းနု သိတယ်။အဲ့တော့ ဒီကလေးမလေးပြောတဲ့ စကားက တော်တော် ရင်းနှီးနေတဲ့သဘော တယောက်လို့သုံးသပ်ရမှာဖြစ်တယ်။ နောက်တခုက ကျောင်းထဲမှာ ဝင်ထွက်တဲ့ဆရာမတွေပဲ ရှိတယ် ပြောတယ်။ ဆရာမဆိုတာ (၈) ယောက်ပဲရှိတယ်။

ကျန်တဲ့ လူဝင် လူထွက်နဲ့ ပတ်သက်လို့ရှိရင် ဒီဆရာမတွေရဲ့မိသားစုဝင်တွေလည်း ဖြစ်နိုင်တယ်။ ဒါတွေကို ရဲက အကုန်စစ်ပြီးပြီလား။ အဲ့တော့ ကလေးမလေးက ကိုကို ဆိုတဲ့သူကို ကောင်းကောင်းမွန်မွန် သိနေတယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရတဲ့အပိုင်းမှာ ရဲတပ်ဖွဲ့က လူတန်းစီပြီး တရားခံကို ရှာဖွေတဲ့နည်းကို ပြည့်စုံစွာ မလုပ်ဘူးလို့ မြင်တယ်။ ရဲတပ်ဖွဲ့က အများကြီးအားနည်းတယ်။ အားမရဘူး။ အဲ့ဒီအချက်အလက်တွေက ကျွန်တော်တို့က ရဲလုပ်နည်းလုပ်ဟန်ဆိုတော့ သိနေတယ်။ ပြည်သူလူထုက သိချင်မှသိမယ်။ ရဲတပ်ဖွဲ့က ဖော်ထုတ်ရမယ့်နေရာမှာ ဖုံးဖိနေသလားဆိုပြီး သံသယဖြစ်မိတယ်။ ဒါကတော့ကျွန်တော့်ရဲ့အမြင်ကို ပြောပြတာပါ။

KKK ။ ဒီအမှုကို ရဲတပ်ဖွဲ့ အနေနဲ့ ဆောင်ရွက်တဲ့အခါမှာ အကန့်အသတ်တွေ၊ ဖိအားပေးမှုတွေနဲ့ လုပ်ဆောင်နေရတယ်တယ်လို့ ဝေဖန်သုံးသပ်တာတွေ ရှိနေတယ်။ အဲဒါတွေကြောင့် CID က လွှဲပြောင်းကိုင်တွယ်နေတာလို့လည်း ပြောကြတယ်။ အဲဒီအပေါ်မှာ ဦးမိုးရန်နိုင်ရဲ့ အမြင်လေး သိပါရစေ။

K MYN ။ CIDကိုလွှဲပြောင်းတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့တုန်းကဆိုရင် လူသတ်မှုတို့ မုဒိန်းမှုတို့မှာနယ်ရဲက စုံစမ်းဖော်ထုတ် လို့မရဘူး။ တရားခံမပေါ်ဘူးဆိုရင် CIDကို လွဲှပေးရတယ်။ အခုခေတ်ကျတော့ ပြည်သူလူထု စိတ်ဝင်စားတဲ့ သတင်းမျိုးဆိုရင် CID ကိုလွှဲပေးပါဆိုပြီး ရဲတပ်ဖွဲ့ရဲ ့အကြီးအကဲ ကိုယ်တိုင်က CID ကို လွှဲပေးပါဆိုလို့ လွှဲပေးရတာရှိတယ်။ စစ်ခိုင်းတာတွေ ရှိပါတယ်။ CIDနဲ့ဘာကွာလဲဆိုရင် CID က Groupဖွဲ့ပြီး Police case ဆိုရင် Police case ပဲကိုင်တာ။ ကျွန်တော်တို့တုန်းကတော့ CID မအပ်ဘူး။ CIDအပ်ရင် ကိုယ်အသုံးမကျဘူးလို့ တွေးတယ်။တရားခံဖမ်းတာကတော့ နယ်ရဲလည်းလုပ်နိုင်ပါတယ်။

KKK ။ အဲဒီကျောင်းရဲ့ ကြီးကြပ်ရေးမှုးအဖြစ် တာဝန်ယူထားတဲ့ မိသားစုဝင် အမျိုးသားနဲ့ ဦးမိုးရန်နိုင်က ရဲတပ်ဖွဲ့မှာ အတူတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရတယ်။ ဘယ်တုန်းက အတူတူ တာဝန်ထမ်းဆောင်ခဲ့တာလဲ ။ ဒီမိသားစု နဲ့ ရင်းနှီးမှု အခြေအနေလေးကို ပြောပြပေးပါဦး။

K MYN ။ အဲ့ဒီကျောင်းရဲ့ ကြီးကြပ်ရေးမှူးရဲ့အမျိုးသားက ရဲအုပ်ပါ။ကျွန်တော် နေပြည်တော်မှာ တာဝန်ထမ်းဆောင်စဉ်တုန်းက နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှာ တခန်းထဲ အတူတူ တာဝန်ထမ်းဆောင်ပါတယ်။ သူကလည်း သူ့အလုပ်နဲ့သူ။ ကျွန်တော်ကလည်း ကျွန်တော့်အလုပ်နဲ့ ကျွန်တော်ပါ။ ဌာနစိတ်ကတော့မတူပါဘူး။ နောက်သူက အရက်တော့ အလွန်ကြိုက်တယ်။ အရက်ကို အစာအိမ် သွေးကြောပေါက်အောင်တောင် သောက်တယ်။ အခုတော့မသိဘူးပေါ့နော်။ကျွန်တော်နဲ့ဆုံတုန်းက ၂၀၁၅ နောက်ပိုင်း သူ့ရဲ့အကိုက လက်ရှိ တပ်မတော်ထဲမှာ ဒုဗိုလ်မှူးကြီးအဆင့်ရှိတယ်လို့တော့ သိရတယ်။ သူရုံးလာတဲ့အခါမှာလည်း ကလေးတွေလည်း ခေါ်လာတတ်တယ်။ သူ့မိန်းမကိုတော့ တခါနှစ်ခါဆုံဖူးပေမယ့် ရင်းနှီးမှုတော့မရှိပါဘူး။

KKK ။ အခု DNA စစ်ဆေးမှုမှာလည်း တယောက်နဲ့မှမတူူဘူးဆိုပြီး အဖြေထွက်လာတယ် ပြောတယ်။ ဒါကလည်း ကျောင်းအုပ်က ပြောတာပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရော အကို ဘယ်လိုမြင်လဲ။

K MYN ။ လူတွေထင်တာ တစ်ခုက မုဒိန်းမှုတစ်ခုဖြစ်လာရင် သုတ်ပိုးတွေ့ရှိမှ မုဒိန်းမှုပဲမြောက်သလိုလို ပြည်သူလူထုက ထင်ကြတယ်။ သုတ်ပိုးတွေ့ရှိမှု မရှိမှုနဲ့လည်းမဆိုင်ဘူး။ မုဒိန်းမှုဆိုတဲ့သဘောတရားမှာ သုတ်ပိုးတွေ့မှ မုဒိန်းမှုမြောက်တယ်လို့ ပြဌာန်းမထားပါဘူး။ မုဒိန်းမှု ပုဒ်မ ၃၇၅ အရ လိင်အင်္ဂါထဲကို သွင်းဝင်ရင်ပဲ မုဒိန်းမှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်။ သုတ်ထွက်ခြင်း မထွက်ခြင်း၊ တွေ့ခြင်း မတွေ့ခြင်းနဲ့လည်း မဆိုင်ပါဘူး။ ကျွန်တော်တို့တုန်းကဆိုရင် တခြားအားကောင်းတဲ့ မျက်မြင်သက်သေတွေကို ရှှာရတာပေ့ါ။ ဒါမျိုးတွေကို ပိုသတိထားရတယ်။ ခုနပြောတဲ့ DNA တို့ဘာတို့ စစ်တယ်ဆိုတာ သက်သေခံပစ္စည်းကို ကျုးလွန်တဲ့သူက ဖျက်ဆီးထားခဲ့လို့ရှိရင် ဒါမှမဟုတ် တစုံတယောက် ပယောဂါကြောင့်ပျက်ဆီးသွားခဲ့လို့ရှိရင် DNA ကိုအားကိုးတဲ့သဘောတရားပါ။

KKK : နောက်ဆုံးအနေနဲ့ ခုလို သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားနေတာတွေ၊ တရားဥပဒေစိုးမိုးမှု အားနည်းမှုတွေ ရှိနေတဲ့အပေါ်မှာ ရဲမှူးဟောင်း တယောက်အနေနဲ့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး သုံးသပ်ပေးပါဦး။

MYN : ဒီလို သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားနေတာတွေနဲ့ပတ်သက်ပြီး အဓိက ကတော့ မိဘကလည်း ကိုယ့်သားသမီးတွေကို ငယ်သေးတာပဲ အရွယ်မရောက်သေးဘူးဆိုပြီး လက်လွတ်စပယ် သွားတာလာတာ ပို့တာတွေ မလုပ်ဖို့ပါ။ဒါကလည်း အခုမှ မဟုတ်ပါဘူး။ အရင်ကလည်း သက်ငယ်မုဒိမ်းတွေ၊ မုဒိမ်းမှုတွေဆိုတာဖြစ်နေတော့ ပြည်သူလူထုကို ပိုပြီးသဘောပေါက်အောင် ရှင်းလင်းပြောပြဖို့ကျွန်တော်တို့လိုပါတယ်။ နောက်တခုက တရားဥပဒေစိုးမိုးမှု အားနည်းတာဆိုလို့ရှိရင် ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေက အများကြီး စကားပြောပါတယ်။ ကိုယ်က ဘာမှမလုပ်ရသေးဘူး။ ကိုယ့်ကို အစထဲက အမြင်ကပ်နေတာမျိုးဆိုတာကလည်း တရားဥပဒေစိုးမိုးမှု ဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းချက်တွေပါပဲ။ ရဲတပ်ဖွဲ့ကလည်း ပြုပြင်ဖို့ လိုပါတယ်။ နောက်တခုကတော့ လက်ရှိအစိုးရကလည်း ပြည်ထဲရေးဝန်ကြီးဆိုရင် တပ်မတော်ကာကွယ်ရေးဝန်ကြီးချုပ်က ပေးပို့တဲ့ အမည်စာရင်းကနေမှ အတည်ပြုခန့်ထားတယ် ဆိုပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် သမ္မတက ကြီးကြပ်ရမယ့် လုပ်ဆောင်မှုအပိုင်းတွေမှာ ပါတာပါပဲ။ လက်ရှိသမ္မကြီးကိုယ်တိုင်က ဝန်ကြီးဌာနတွေကို ကောင်းကောင်း ထိန်းကွပ်ညွှန်ကြားနိုင်ရမယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ အားနည်းနေလို့ မရဘူး။ ဒီကလေး အမှုနဲ့ပတ်သက်လာရင် သမ္မကြီးကိုယ်တိုင် ညွှန်ကြားထားတယ်ဆိုတာတော့ ဝမ်းမြောက်စရာပါ။

ဟုတ်ကဲ့ပါ အကိုရေ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Credit-သတင်းတမန်

Comments are closed.