အောင်လအန်ဆန်း International Fighter of the Year ဆု ဆွတ်ခူး

အောင်လအန်ဆန်း International Fighter of the Year ဆု ဆွတ်ခူး

Fighters Only Magazine က ပြုလုပ်ခဲ့သည့် နိုင်ငံတကာ MMA ပြိုင်ပွဲများထဲမှ အထူးချွန်ဆုံး ကစားသမားများအား ဆုပေးအပ်သည့် ဆုရွေးချယ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ၏ အထင်ကရ MMA ဖိုက်တာ ကချင်တိုင်းရင်းသား အောင်လအန်ဆန်းက International Fighter of the Year (တစ်နှစ်တာအကောင်းဆုံး အပြည်ပြည်ဆိုင်ရာ ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမားဆု) ကို ဆွတ်ခူးရရှိခဲ့သည်။
အောင်လအန်ဆန်းသည် နိုင်ငံတကာမှ MMA Fighter များနှင့်အပြိုင် လျာထားခံခဲ့ရပြီး ဆုမှာ နိုင်ငံတကာမှ ပရိသတ်များ၏ Voting စနစ်ဖြင့် မဲအများဆုံးဖိုက်တာကို ပေးအပ်ချီးမြှင့်သော ဆုအမျိုးအစားဖြစ်သည်။

ယင်းဆုအတွက် အောင်လအန်ဆန်းမှာ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းကတည်းက မြန်မာနိုင်ငံရှိ MMA အားပေးသောပရိသတ်များကို ၎င်းအား မဲပေးရန် တိုက်တွန်းပြောဆိုခဲ့ပြီး နိုင်ငံတကာမှ အားပေးသော ပရိသတ်များထက် မြန်မာနိုင်ငံမှ ပရိသတ်များပေးသော မဲကိုသာ အလိုရှိကြောင်း ဖွင့်ဟ ပြောကြားထားသည်။

အောင်လအန်ဆန်းက ယခုရရှိခဲ့သော International Fighter of the Year ဆုနှင့် ပတ်သက်ပြီး “ကျွန်တော့်အမျိုးသမီး၊ မိသားစုတွေနဲ့ ကျွန်တော့်ကို ထောက်ခံအားပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ သန်း ၆၀ သော ပရိသတ်တွေ ဒီဆုအတွက် ကျွန်တော့်ကို မဲပေးခဲ့ကြတာ အရမ်းကျေးဇူးတင်တယ်။ အမှန်တကယ်ကိုဖြစ်လာခဲ့တာပါ။ ကျွန်တော်ဟာ မြန်မာနိုင်ငံထဲက ကျေးရွာလေးတစ်ခုကနေ လာခဲ့ရတယ်။ အမေရိကန်ရဲ့ ကောလိပ်တစ်ခုမှာ တက်ရောက်ဖြစ်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ MMA ကစားနည်းကို စတင်ကစားခဲ့တယ်။ ၁၄ နှစ်လောက်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ပြီးနောက်မှတော့ အိပ်မက်တွေဟာ အမှန်တကယ်ဖြစ်လာခဲ့ပါတယ်”ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

Credit:The VOICE

http://thevoicemyanmar.com/sports/35245-aug

Comments are closed.