ဗစ်တိုးရီးယားအမှု ယာဉ်မောင်းကို အချက်သုံးချက်ကြောင့် မုဒိမ်းမှုဖြင့် တရားစွဲဟုဆို

ဗစ်တိုးရီးယားအမှု ယာဉ်မောင်းကို အချက်သုံးချက်ကြောင့် မုဒိမ်းမှုဖြင့် တရားစွဲဟုဆို

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းမှ ယာဉ်မောင်းကို မှုခင်းရဲတပ်ဖွဲ့(CID) က စစ်ဆေးပေါ်ပေါက်ခဲ့သည့် အချက်သုံးချက်ကြောင့် ဒက္ခိဏခရိုင် တရားရုံးတွင် သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲတင်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးမှ The Voice သို့ ပြောကြားသည်။

“CCTV မှတ်တမ်းမှာ အခုတရားစွဲဆိုခံရသူ ဝင်ထွက်သွားလာနေတဲ့ မှတ်တမ်းရှိခဲ့တယ်။ ဓာတုဗေဒဝန်ရုံးရဲ့ ပြန်ကြားချက်အရလည်း တူညီနေမှုရှိတယ်။ ပြီးတော့ ဒီလူ(တရားစွဲဆိုခံရသူ) ကလေးရဲ့လက်ကိုနမ်းတာ ကိုင်တာမျိုး ပြုလုပ်ခဲ့တာတွေ ရှိတယ်။ ဒီအချက် သုံးချက်ကြောင့် တရားစွဲတင်တာပါ။ ကလေးကိုယ်တိုင်လဲ သူ့အပေါ် မဖွယ်မရာပြုလုပ်ခဲ့သူဟာ ဒီလူ (တရားစွဲဆိုခံရသူ) ဆိုပြီး လက်ညှိုးထိုးပြထားတာလည်းရှိတယ်” ဟု ၎င်းကရှင်းပြသည်

ဒက္ခိဏခရိုင်တရားရုံးတွင် သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲဆိုခံရသူ အောင်ကြီး (ခ) အောင်ကျော်မျိုး (၂၉) နှစ်မှာ Wisdom Hill မူကြိုကျောင်းမှ ယာဉ်မောင်းဖြစ်ပြီး ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ သံသယရှိသူဖြစ်ခဲ့သောကြောင့် မေ ၃၀ ရက်နေ့က ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးစစ်ဆေးခဲ့သည်။

ယင်းအမှုကို မှုခင်းရဲတပ်ဖွဲ့ (CID) က ကိုင်တွယ်စစ်ဆေးခဲ့ပြီးနောက် အောင်ကြီး(ခ)အောင်ကျော်မျိုးကို အမှုနှင့်ပတ်သက်၍ တရားစွဲဆိုနိုင်မည့် အထောက်အထားခိုင်လုံမှု မရရှိသေးသဖြင့် ရမန်ချုပ်ရက်ပြည့်သည့်ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ယခုအကြိမ်တွင် ဒုတိယအကြိမ်မြောက် ဖမ်းဆီးစစ်ဆေး၍ ဇူလိုင် ၄ ရက်နေ့က ဒက္ခိဏခရိုင်တရားရုံးတွင် တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

ဗစ်တိုးရီးယားအမှုမှာ နေပြည်တော်၊ သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသော ၂ နှစ် ၁၁ လ အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး မေ ၁၆ ရက်က မဖွယ်မရာပြုကျင့်ခံမှုဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများမြင့်တက်လာပြီးနောက် နိုင်ငံတော်အကြီးအကဲများက ယင်းအမှုဖြစ်စဉ်ကို အမှုမှန်ပေါ်ပေါက်စေရန် နှုတ်ဖြင့် ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများထံ ပြောကြားခဲ့သည်။

Wisdom Hill မူကြိုကျောင်းမှ ယာဉ်မောင်း အောင်ကြီး (ခ) အောင်ကျော်မျိုးကို သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲဆိုထားကြောင်း ဒက္ခိဏခရိုင်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဦးညိုဌေးက မီဒီယာများထံ ဖြေကြားခဲ့ပြီးနောက် ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်သုံးသပ်မှုများမှာ မြင့်တက်လျက်ရှိသည်။

Comments are closed.