မီတာခတိုးမြှင့်ပြီးနောက် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာ

မီတာခတိုးမြှင့်ပြီးနောက် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာ

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဂျပန်၊ ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီများက စုံစမ်းဆွေးနွေးမှုများ လာရောက်ပြုလုပ်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ယင်းကဲ့သို့ လာရောက်စုံစမ်းမှုများမှာ ယခင် လျှပ်စစ်မီးပြတ်တောက်ချိန်များက လာရောက်စုံစမ်းဆွေးနွေးထားခြင်းဖြစ်ပြီး လျှပ်စစ်မီတာခ မြင့်တက်ပြီးသည့် နောက်ပိုင်းတွင် လာရောက်စုံစမ်းဆွေးနွေးမှု မရှိသေးကြောင်း ယင်းကော်မရှင်ထံမှသိရသည်။

“မီးပြတ်နေတဲ့ကာလတွေမှာ လျှပ်စစ်ကိစ္စနဲ့ပတ်သက်ပြီး တောက်လျှောက်လာ ဆွေးနွေးထားတာရှိတယ်။ ဂျပန်ဆို ကုမ္ပဏီသုံးခုလောက်ပေါင်းပြီး လုပ်မယ်ဆိုတာမျိုး။ ဂျပန်နဲ့ ကိုရီးယားက ရန်ကုန်မှာ လျှပ်စစ်ပေးဖို့။ တရုတ်ဆို ရေအားလျှပ်စစ်နဲ့ဆိုတော့ ဘာတွေလုပ်ဖို့လိုလဲပေါ့။ ကျွန်တော်တို့ ရှင်းပြပါတယ်”ဟု ၎င်းကပြောဆိုသည်။

ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီက ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဖြစ်ပြီး တရုတ်နိုင်ငံက ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးရန် လာရောက်စုံစမ်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ယခင်ဆွေးနွေးထားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်ပြထားကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

လာရောက်စုံစမ်းဆွေးနွေးသည့် ကုမ္ပဏီများဘက်ကလည်း မီတာခမတက်မီက မြန်မာနိုင်ငံ၌ ကောက်ခံသည့် လျှပ်စစ်မီတာခနှုန်းထားသည် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများအတွက် အဆင်မပြေကြောင်း ပြောဆိုထားသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

လက်ရှိတွင် လျှပ်စစ်မီတာခများကို ယခင်နှုန်းထားများထက် တိုးမြှင့်ကောက်ခံလိုက်သည့်အတွက် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်ပလုပ်ငန်းများအတွက်လည်း အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်ဟုလည်းမျှော်လင့်ကြောင်း ဦးသန့်စင်လွင်က ပြောကြားသည်။

“လာစုံစမ်းတာထက် အမှန်တကယ် ရင်းနှီးမြှုပ်နှံမယ်ဆို လုပ်ရမယ့်ကိစ္စတွေက များတယ်။ လျှပ်စစ်မီတာခ တက်တက်ချင်းတော့ လာကြဦးမှာမဟုတ်သေးဘူး”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လျှပ်စစ်ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေနှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၃၁၅၉ ဒသမ ရ၄၁ သန်း ဝင်ရောက်မှုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းများအရ သိရသည်။

J-11

( ယခုဖော်ပြပါသတင်းကုိ The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Comments are closed.