ထိတ်လန့်ဖွယ်အဆင့်ကိုရောက်လာတဲ့ သက်ငယ်မုဒိမ်းမှုတွေရဲ့ အန္တရာယ်

ထိတ်လန့်ဖွယ်အဆင့်ကိုရောက်လာတဲ့ သက်ငယ်မုဒိမ်းမှုတွေရဲ့ အန္တရာယ်

လတ်တလောမှာ ခပ်စိပ်စိပ်ကြားနေရတာကတော့ သက်ငယ်မုဒိမ်းမှုလို့ခေါ်တဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုသတင်းတွေပါ။ အခုချိန်ထိ လက်သည်မပေါ်သေးတဲ့ မန္တလေးမြို့ ကိုယ်ပိုင်ကျောင်းတစ်ခုကအမှု၊ ရန်ကုန်နယ်နိမိတ်အတွင်းမှာ အခုရက်ထဲဖြစ်ခဲ့တဲ့အမှုတချို့အပါအဝင် လူမသိသူမသိဖြစ်ခဲ့တဲ့အမှုတွေလည်း အများအပြားရှိနေခဲ့ပါတယ်။ တဖြည်းဖြည်းအဖြစ်များလာတဲ့ ဒီလိုသက်ငယ်မုဒိမ်းမှုတွေရဲ့ အန္တရာယ်ကနေ ကလေးငယ်တွေကို ဘယ်လိုကာကွယ်ကြမလဲ ဘယ်လိုမျိုးအသိပညာတွေပေးကြမလဲ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို ဘယ်လိုစဉ်းစားကြမလဲ ဆိုတာတွေဟာ နေ့စဉ်လူမှုအဖွဲ့အစည်းမှာ အရမ်းကိုအရေးပါလာတဲ့ကိစ္စတွေပါ။

အများအားဖြင့် ကြားရတဲ့ဖြစ်ရပ်တွေကိုလေ့လာကြည့်ရင် ဆွေမျိုးသားချင်း ဒါမှမဟုတ် ရင်းနှီးသူတွေက ပိုကျူးလွန်တတ်ကြတာကို တွေ့ရမှာပါ။ သက်ငယ်မုဒိမ်းမှုရန်ကကာကွယ်ဖို့ အရွယ်မရောက်သေးတဲ့ အသိပညာမကြွယ်သေးတဲ့ကလေးတွေအတွက် လူကြီးတွေမှာ တာဝန်ရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုမှာ ကိုယ့်သားသမီးလေးတွေကို သူစိမ်းဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းတွေထဲကဖြစ်ဖြစ် ပွေ့ဖက်တဲ့အခါ ကိုယ်ပေါ်မှာချီပွေ့ရင် ချစ်စနိုးအပြုအမူလို့ မြင်တတ်ကြပါတယ်။ ဒီအပြုအမူတွေက ဘယ်လောက်ပဲရင်းနှီးနေတဲ့ ဆွေမျိုးသားချင်းသော်လည်းကောင်း၊ သူစိမ်းသော်လည်းကောင်း ခွင့်မပြုသင့်သင့်တဲ့အရာတွေပါ။

ကြားနေရသမျှ မုဒိမ်းမှုတွေထဲကအများစုဟာ ကလေးတွေကိုကျူဟလွန်တဲ့ သက်ငယ်မုဒိမ်းမှုတွေဖြစ်နေပါတယ်။ သက်ငယ်မှုဒိမ်းမှုတွေမှာတောင် အသက် (၁၀) အောက်ကလေးတွေနဲ့ ပက်သက်ပြီး ပိုကြားရပြီး အထူးသဖြင့် အသိပညာနည်းတဲ့ ဂရုစိုက်စောင့်ရှောက်နိုင်သင်ကြားပေးနိုင်စွမ်းနည်းတဲ့ပတ်ဝန်းကျင်တွေမှာ ဒီလိုဖြစ်ရပ်တွေ ပိုပြီးအဖြစ်များတတ်ပါတယ်။

သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှုနှုန်းဟာလည်း နှစ်စဉ်နဲ့အမျှမြင့်တက်လာနေတာဖြစ်ပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်၊ ဧပြီလအထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် သက်ငယ်မုဒိမ်းမှုပေါင်း (၁၉၂၈) ကြိမ် ဖြစ်ပွားခဲ့တယ်လို့သိထားရပါတယ်။ ပိုဆိုးရွားလာနေတဲ့ သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်သူတွေကို ထိထိရောက်ရောက်ဟန့်တားနိုင်ရေး အထူးဥပဒေတစ်ရပ်ကို တိတိကျကျ ပြဋ္ဌာန်းပေးဖို့လိုပါတယ်။ သက်ငယ်မုဒိမ်းမှုတွေမဖြစ်အောင် အားလုံးကာကွယ်စောင့်ရှောက်ဖို့လိုအပ်ပြီး သက်ငယ်မုဒိမ်းကျူးလွန်ခံရတဲ့ ကလေးငယ်တွေကိုလည်း ဝိုင်းဝန်းစောင့်ရှောက်ဖို့နဲ့ စိတ်ဓာတ်ရေးရာ ပြန်မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးတွေကို ပြောခွင့်ဆိုခွင့်ပေးထားသင့်ပြီး ပြောရဲဆိုရဲတိုင်ပင်ရဲတဲ့ယုံကြည်စိတ်ကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားရမှာပါ။ ကိုယ့်ကလေးရဲ့ ပတ်ဝန်းကျင်ကို အမြဲဂရုတစိုက်ရှိဖို့လည်း အရေးကြီးပါတယ်။ ကလေးက ဘယ်သူတွေနဲ့ ကစားနေတယ်။ ကလေးရဲ့ဘေးမှာ ဘယ်သူတွေရှိနေတတ်သလဲ ရုတစိုက်ရှိဖို့လိုပါတယ်။

နောက်ထပ်အရေးကြီးတာတစ်ခုကတော့ မျိုးဆက်ပွားကျန်းမာရေးလို့ ခေါ်တဲ့ reproductive health education။ Reproductive health education နဲ့ပတ်သက်ပြီး သိသင့်တာ ရှောင်သင့်တာကို အသက်အရွယ်အလိုက် သင်ကြားပေးထားဖို့ ရှက်စရာ၊ ကြောက်စရာလို့ မမှတ်ထားပါဘူး။ ခန္ဓာကိုယ်မှာ ဘယ်အရာတွေကတော့ ဆွေမျိုးသားချင်းတွေကအစ သူစိမ်းတွေအထိ ထိတွေ့ကိုင်တွယ်ခွင့်၊ အသားယူအမြတ်ထုတ်ခွင့်မရှိဘူးလဲ ဆိုတာမျိုးတွေကို ကလေးတွေ နားလည်လွယ်မယ့် စကားလုံးတွေနဲ့ ပြောပြထားဖို့ အရေးကြီးပါတယ်။ ကလေးတွေရဲ့ အသက်အရွယ်ကြီးပြင်းလာမှုပေါ်မူတည်ပြီး နားလည် သဘောပေါက်လွယ်အောင် ပြောပြထားသင့်တာပါ။

ကလေးငယ်လေးတွေက အနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေ၊ ပညာရှင်လောင်းလေးတွေ တိုင်းပြည်ရဲ့ အသက်သွေးကြောတွေပါ။ ဒီကလေးငယ်တွေ လုံလုံခြုံခြုံ ဘေးရန်ကင်းကင်းနဲ့ အေးအေးချမ်းချမ်း ကြီးပြင်းလာဖို့က လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ တာဝန်ရှိပါတယ်။ ကလေးငယ်လေးတွေကို ဆိုးရွားလှတဲ့ သက်ငယ်မုဒိမ်းမှုရန်ကနေ ကာကွယ်စောင့်ရှောက်ပေးကြဖို့ အမှန်တကယ်ကို လိုအပ်နေပါပြီ။

Team (ရိုးရာလေး)

Comments are closed.