စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူတွေကို ဓာတ်ပုံအထောက်အထားနှင့်တကွ စည်ပင် တရားစွဲမည်

စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူတွေကို ဓာတ်ပုံအထောက်အထားနှင့်တကွ စည်ပင် တရားစွဲမည်

၂ဝ၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအသက်ဝင်စေရန် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှုများ၊ အမှိုက်စွန့်ပစ်မှုများကို မှတ်တမ်းဓာတ်ပုံ၊ သက်သေအထောက်အထားနှင့်တကွ တရားစွဲဆိုနိုင်ရေးအတွက် YCDC စီမံရေးရာဌာနနှင့် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနတို့ ဌာနအချင်းချင်းညှိနှိုင်းကာ ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။

”စည်ပင်ဥပဒေကြီးကို အသက်ဝင်စေရန်အလို့ငှာ ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့က ရဲစခန်းတွေကို အမှုတွေသွားပြီးတိုင်တယ်။ ရဲစခန်းကလည်း အမှုတွေဖွင့်တယ်။ ပ-နံပါတ်တွေများ အမှုတွေကျန်ပြီးတော့ ဘာမှ မပြီးစီးတဲ့အတွက် လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဌာန ဌာနမှူးနဲ့ညှိနှိုင်းပြီး တော့ သူ့ ဌာနမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမှုဖွင့်လို့ရအောင် စည်ပင်သာယာဥပဒေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်လို့ရအောင် တနည်းအားဖြင့်ပြောရရင် ကွမ်းတံတွေးထွေးတာ၊ အမှိုက်ပစ်တာတွေကို အမှိုက် ပစ်နေတယ်ဆိုရင် ပစ်နေတဲ့ပုံလေး၊ သက်သေလိုက်ပေးမယ့်သူရှိရင် တရားရုံးမှာ ပိုပြီးတော့ တရားစီရင်ရေး မျှတတာပေါ့။ အဲလို ဖြစ်ဖို့အတွက်က သက်သေအထောက်အထားနဲ့တကွ တရားရုံးစွဲတင်နိုင်ဖို့ အဆင့် တွေပေါ့။ ဆောင်ရွက်နေပါတယ်”ဟု စီမံရေးရာဌာန၊ ဌာနမှူးဦးကျော်မင်းက ပြောသည်။

ရန်ကုန်မြို့နယ်စည်ပင်သာယာ ၃၃ မြို့နယ်တွင် စည်ပင်တရားရုံး ၇ ရုံးရှိပြီး စမ်းချောင်းမြို့နယ်တွင်အမှတ် (၁)တရားရုံး (စမ်းချာင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ဗဟန်း)၊ လသာမြို့နယ်တွင် အမှတ်(၂)တရားရုံး (လသာ ၊လမ်းမတော်၊ ဒဂုံ၊ ပန်းဘဲတန်း၊ ဆိပ်ကမ်း၊ ကျောက်တံတား၊ ဒလ၊ ဆိပ်ကြီး ခနောင်တို)၊ ပုဇွန်တောင်မြို့နယ်တွင် အမှတ်(၃)တရားရုံး (ပုဇွန်တောင်၊ ဗိုလ် တထောင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ သာကေတ၊ ရန်ကင်း)။ အင်းစိန်မြို့ နယ်တွင် အမှတ်(၄)တရားရုံး၊ (အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊)။

မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ်(၅) တရားရုံး (မ/ဥက္ကလာ၊တ/ဥက္ကလာ)။ လှိုင် မြို့နယ်တွင် အမှတ်(၆) တရားရုံး (လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း)။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် အမှတ်(၇)တရားရုံး၊ (တ/ဒဂုံ၊ မ/ဒဂုံ၊ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း)တို့ ဖွင့်လှစ်ထားသည်။စည်ပင်ဥပဒေသစ်ကို ၂ဝ၁၈ နိုဝင် ဘာ ၁ ရက်နေ့မှ စတင်ကျင့်သုံးခဲ့ပြီး ၂ဝ၁၉ ခုနှစ် မေလအထိ တရားစွဲဆိုအမှုပေါင်း ၁၄၃၃ မှုရှိကာ အမိန့်ချမှတ်ရန် ၂၁ မှုရှိကြောင်းလည်း သိရသည်။

”ဒီတရားရုံးတွေမှာ တရားစွဲဆိုဖို့အတွက် မြို့နယ်စည်ပင်သာယာရုံးတွေရဲ့ ကော်မတီတွေမှာ တရားစွဲတာဝန်ခံဒုဦးစီးအဆင့် ဝန်ထမ်းတဦးစီရှိပါတယ်။ စည်ပင် ဥပဒေပုဒ်မ ၃၃၂(က)မှာ ဤဥပဒေအရ ပြစ်မှုတွေအကုန်လုံးကို ရဲအရေးပိုင်အဖြစ် သတ်မှတ်ထားတာဖြစ်တဲ့အတွက် ပြစ်မှုကျုးလွန်ကြောင်း၊ ပြဋ္ဌာန်းထားတဲ့တားမြစ်ချက်တွေကို ဖောက်ဖျက်ကျုးလွန်တယ်။ ဒါမှမဟုတ် လိုက်နာရန်ပျက်ကွက်တယ်ဆိုရင် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရတာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တယ်၊ ကွမ်းတံတွေးထွေးတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ထွေးနေတဲ့အနေအထား သက်သေခိုင်တဲ့ အထောက်အထားရှိထားမှရပါ မယ်။ သူ့ကိုရပြီဆိုမှ စည်ပင်သာယာ ဥပဒေပုဒ်မ ၃၃၂(က)အရ ရဲအရေးပိုင်တာဖြစ်တဲ့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ ရဲစခန်းတွေမှာ အမှုဖွင့်လှစ်ပြီးတော့ ပြစ်မှုနံပါတ်တောင်းခံရပါတာဖြစ်ပါတယ်”ဟု ၎င်းကရှင်းပြသည်။

သို့သော်လည်း ယခုနောက်ပိုင်းတွင် တရားစွဲဆိုခံရသူများဘက်မှ ရှေ့နေများပါဝင်လာမှုရှိနေပြီး ရန်ကုန်မြို့တွင် မြို့နယ် အသီးသီး၌ဖြစ်ပေါ်နေသည့် မှုခင်းများအရေးယူဆောင်ရွက်ခြင်း၊ မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက်နေသည့် ရဲစခန်းများသို့ စည်ပင်သာယာ၏တိုင်တန်းချက် များလက်ခံဆောင်ရွက်ပေးရာတွင် ပနံပါတ် မပေးနိုင်သည့်အခြေအနေများ တွေ့ကြုံနေရ၍ ဌာန ၂ ခုညှိနှိုင်းကာ သက်သေအထောက်အထား၊ မှတ်တမ်းဓာတ်ပုံနှင့် တကွ တရားစွဲဆိုနိုင်ရေးဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ဦးကျော်မင်းက ရန်ကုန်မြို့ တော်ခန်းမ၊ ခန်းမ(၄)၌ ဇူလိုင် ၁ ရက်ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Comments are closed.