သမီးလေး ဗစ်တိုးရီးယားရဲ့ကိစ္စဟာ အွန်လိုင်းတိုက်ပွဲမဟုတ်ပဲ နှလုံး သားချင်းတိုက်တဲ့ပွဲလို့ပြောပြလာခဲ့တဲ့ လင်းလင်း

သမီးလေး ဗစ်တိုးရီးယားရဲ့ကိစ္စဟာ အွန်လိုင်းတိုက်ပွဲမဟုတ်ပဲ နှလုံး သားချင်းတိုက်တဲ့ပွဲလို့ပြောပြလာခဲ့တဲ့ လင်းလင်း

တပ်မတော်ကစစ်သားကြီးတွေမှာလဲ သားသားမီးမီးတွေရှိပါတယ်။ ရဲဌါနက ရဲသားကြီးတွေမှာလဲ သားသားမီးမီးတွေရှိပါတယ်။တရားရေးဥပဒေမဏ္ဍိုင်မှာလဲ သားသားမီးမီးတွေရှိပါတယ်။ နိုင်ငံဦးဆောင်တဲ့လူကြီးတွေမှာလဲ သားသားမီးမီးတွေရှိတယ်။ ပါတီမျိုးစုံက လူတွေဆီမှာလဲသားသားမီးမီးတွေရှိတယ်။ ရပ်ဝန်း,ဘာသာ မျိုးစုံမှာလဲရှိတယ်။ အဲဒီသားသားမီးမီးတွေဟာ သားသမီးလိုတမျိုး၊တူ,တူမလိုတမျိုး၊မြေး လိုတမျိုး၊ အိမ်နီးချင်းလို တမျိုး ပုံစံမျိုးစုံနဲ့ရှိနေကြတာပါ။

နိုင်ငံရေးမှာတော့ ညှိဖို့ခက်ခဲလို့ဘဲဖြစ်ဖြစ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဘဲဖြစ်ဖြစ်၊ ကိုယ်ကျိုးစီးပွားတွေကြောင့်ဘဲဖြစ်ဖြစ် ကာကွယ်ရေးဦးစီချုပ်ကခန့်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ အလွှာ နဲ့ ပြည်သူကရွေးချယ်တင်မြောက်တဲ့ အရွေးချယ်ခံအလွှာ လို့ဖြစ်တည်နေတာကတော့ သက်ဆိုင်ရာလူကြီးတွေရဲ့ ရေရှည်အဖြေရှာရမယ့် ပုစ္ဆာတပုဒ်အဖြစ်ထားလိုက်ပါ။ သားသားမီးမီးတွေကိုတော့ အဲဒီပုစ္ဆာထဲထည့်တွက်ပြီး သူ့ဘက်ကိုယ့်ဘက် အလွှာတွေခွဲပြီး မတွက်လိုက်ကြပါနဲ့ဗျာ။

၉၉.၉ ရာခိုင်နှုန်းသော မိဘဆိုတဲ့လူမျိုးတွေဟာ ကိုယ်တိုင်သာ တတောင်းစားတွေဖြစ်သွားကြပါစေ။ ကိုယ့်သားသမီးနဲ့ပတ်သတ်ရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ အရာတွေနဲ့ဘဲ ထိတွေ့စေချင်ကြတာပါဘဲ။ အထူးသဖြင့်ပညာရေးမှာပေါ့။ အောက်စဖို့ဒ်၊ ဟားဗက် တက္ကသိုလ်တွေဟာ မိဘတိုင်းနီးပါး ညတိုင်းမက်တဲ့အိပ်မက်တွေထဲမှာ ပုံစံမျိုးစုံနဲ့ ပါဝင်ကြပါတယ်။ မိဘတိုင်းဟာ အကောင်းဆုံးကျောင်းတွေမှာဘဲ ကိုယ့်သားသမီးကိုထားချင်ကြတာပါ။ ရှေ့တန်းထွက်နေတဲ့ ရဲဘော်တွေကလဲ သူတို့သားသမီးကို အကောင်းဆုံးကျောင်းထားချင်တာဘဲ။ CID အပေါက်စောင့် ရဲဘော်တွေကလဲ သူတို့သားသမီးကို အကောင်းဆုံးကျောင်း ပို့ချင်တာဘဲ။ ဌါနဆိုင်ရာမျိုးစုံက အောက်ခြေစာရေးတွေကလဲ သူတို့သားသမီးတွေကို အကောင်းဆုံးကျောင်းပို့ချင်တာဘဲ။ ဒီနေရာမှာ ပိုက်ဆံ ဆိုတဲ့စကားလုံးထည့်ရေးဖို့ လိုလာပါပြီ။ တချို့က တက်နိုင်လို့ထားတယ်။ တချို့ကမတက်နိုင်သော်ငြား ရအောင်ကုန်းရုန်းရှာပြီးထားကြတယ်။ ဒီနေရာမှာလဲ ဒုက္ခအရောက်ဆုံး မိဘလူတန်းစားဟာ အခြေခံလူတန်းစား၊ အလယ်လတ်တန်း လူတန်းစားနဲ့ အောက်ခြေအစိုးရဝန်ထမ်း မိဘတွေပါဘဲ။ ( ကျွန်တော်ပြောတဲ့ အောက်ခြေအစိုးရဝန်ထမ်းဆိုတာ အပေါ်ကပြောခဲ့တဲ့ နှစ်လွှာလိုဖြစ်နေတဲ့ထဲက ဌါနဆိုင်ရာတွေ အကုန်ပါ,ပါတယ်။ ) အဲဒီတော့ မိဘတွေရဲ့ အိပ်မက်ကို အရင်းပြုပြီး စီးပွားဖြစ်ကျောင်းတွေဟာ ပုံစံမျိုးစုံ အမည်နာမမျိုးစုံနဲ့ ပေါ်လာကြပါတယ်။ အဲဒီ ပေါ်ပေါက်လာကြတဲ့ စီးပွားဖြစ် ကျောင်းတွေအနေနဲ့ မိဘတွေရဲ့အိပ်မက်ကို လွယ်လွယ်နဲ့ မဖျက်စီးလိုက်မိဖို့ အထူးအထူးလိုအပ်ပါတယ်။ နိုင်ငံတော်အဆင့်ကိုလိုအပ်ပါတယ်။ ကျောင်းစရိတ်သာ ပိုက်ဆံနဲ့တွက်ကြရတာ။ တာဝန်ယူမှု၊ တာဝန်ခံမှု ကတော့ နှလုံးသားနဲ့ တွက်မှရမှာပါ။

အခုဖြစ်ပေါ်နေတဲ့ သမီးလေးဗစ်တိုးရီးယားရဲ့ ကိစ္စ။ဒါအွန်လိုင်းတိုက်ပွဲမဟုတ်ဘူး။ အနိုင် နဲ့ အရှုံး တိုက်ပွဲမဟုတ်ဘူး။ သန္ဓေတိုက်ပွဲ။သန္ဓေကောင်း နဲ့ သန္ဓေညံ့ ဆိုင်တဲ့ပွဲ။ မျက်နှာချင်းဆိုင်တာမဟုတ်ဘူူး။ နှလုံးသားချင်းဆိုင်ကြတာ။ ပါတီမျိုးစုံမှာလဲ သန္ဓေကောင်းနဲ့ သန္ဓေညံ့ရှိတယ်။ ရပ်ဝန်းမျိုးစုံမှာလဲ သန္ဓေကောင်းနဲ့ သန္ဓေညံ့ရှိတယ်။တပ်မတော်၊ပြည်ထဲရေးနဲ့ တရားရေးမဏ္ဍိုင်မှာလဲ သန္ဓေကောင်း နဲ့ သန္ဓေညံ့ရှိတယ်။ လက်ရှိအရွေးချယ်ခံ NLD မှာလဲ သန္ဓေကောင်းနဲ့ သန္ဓေညံ့ရှိတယ်။အခြားအဖွဲ့အစည်းမျိုးစုံမှာလဲ (ဘာသာစုံမှ ဘာသာရေးအဖွဲ့အစည်းများ အပါအဝင်) သန္ဓေကောင်းနဲ့ သန္ဓေညံ့ရှိကြတာဘဲ။ အရေအတွက်အနည်းအများ ဘယ်လိုကွာသွားလဲဆိုတော့ အဖွဲ့အစည်း အသီးသီးမှာ ခေါင်းဆောင်ရဲ့ မေတ္တာတရား ကိုယ်ခံစွမ်းအားနဲ့ ကိုယ့်အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ မူဝါဒများပေါ်မှာ မှန်ကန်နည်းလမ်းကျစွာ အကောင်အထည်ဖော်နိုင်မှု ရှိ/မရှိ ပေါ်မှာဘဲ ကွာသွားတာပါ။ ဒီမှာအရေးကြီးဆုံးတစ်ခုက ကျွန်တော်တို့အားလုံး ‘ သန္ဓေယုတ် ‘ ဖြစ်မသွားဖို့ဘဲ အရေးကြီးတာပါ။ ဘယ်လိုလုပ်ရပ်မျိုးတွေဟာ သန္ဓေယုတ်လဲ ဆိုတာကတော့ စဉ်းစားကြပေါ့။

*** မကြာခင်ရက်ပိုင်းအတွင်း လွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ တင်ဖို့ရှိပါတယ်။ ဒီကြားထဲ ဗစ်တိုးရီးယားလေးရဲ့ သတင်းတွေကိုရေးတင်သင့်သလောက်ဘဲရေးတင်ပါ့မယ်။ ဆရာသက္ကတို့လဲ ရေးတင်ပေးနေပါတယ်။ ကျွန်တော်တို့ အတက်နိုင်ဆုံးကြိုးစားပါ့မယ်။ နေပြည်တော်မှာတောက်လျောက်ရှိပါမယ်။ ကျွန်တော်တို့က ဦးဆောင်တာမဟုတ်ပါဘူး။ ပူးပေါင်းပါဝင်တာပါ။

Credit- Swelsonenews

Comments are closed.