ရည်းစားရှာဖို့ FA တွေကို ပိတ်ရက်ပိုပေးတဲ့ တရုတ်ကုမ္ပဏီ

ရည်းစားရှာဖို့ FA တွေကို ပိတ်ရက်ပိုပေးတဲ့ တရုတ်ကုမ္ပဏီ

လိုအပ်ချက်တွေများပြားလာတဲ့ ၂၁ ရာစုထဲမှာ ရည်းစားထားရတာဟာ အရင်ကထက် ပိုခက်ခဲနိုင်ပေမယ့် သင့်ဘောစိက သဘောကောင်းရင်တော့ ဒီပြဿနာကို ကျော်လွှားနိုင်ပါတယ်။

တရုတ်နိုင်ငံအတွင်းမှာ ကုမ္ပဏီနှစ်ခုဟာ သူတို့ရဲ့ အမျိုးသမီးဝန်ထမ်းတွေထဲက တစ်ကိုယ်တည်းသမားတွေကို အချစ်ရှာဖွေဖို့ သီးသန့်ပိတ်ရက် သတ်မှတ်ပေးထားလို့ပါ။

အဆိုပါ တရုတ်ကုမ္ပဏီနှစ်ခုကတော့ ဟန်ကျိုးမြို့မှ လုပ်ငန်းနှစ်ခုဖြစ်ပြီး သူတို့ဟာ အထီးကျန် အမျိုးသမီးဝန်ထမ်းတွေကို ကြင်ဖော်ရှာဖို့ တစ်နှစ်ကို လစာနဲ့ခွင့်ရှစ်ရက် ပိုပေးပါတယ်။

အသက် ၃၀ ကျော်ပြီး ကံမပေါ်သေးတဲ့ အမျိုးသမီးတွေဆိုရင်တော့ အချိန်တောင်ပိုပေးပြီး တစ်နှစ်ကို ၂ ပတ်ထိ အချစ်သစ်ရှာခွင့် ရမှာပါ။ အထူးအနေအထားတွေမှာ လိုအပ်ရင် လိုအပ်သလိုတောင် ထပ်ခွင့်ပြုပေးသေးတယ်လို့လည်း ဆိုပါတယ်။

ဒီသဘောကောင်းတဲ့ လုပ်ငန်းနှစ်ခုလုံးဟာ Hangzhou Songcheng Group လုပ်ငန်းစုကြီးရဲ့ လက်အောက်ခံကုမ္ပဏီတွေဖြစ်ကာ သူတို့ဟာ တရုတ်နိုင်ငံက အကြီးဆုံးခရီးသွားဧည့်သည်ဆွဲဆောင်မှုလုပ်ငန်း Songcheng ကိုပိုင်ဆိုင်တဲ့ လုပ်ငန်းစုဖြစ်ပါတယ်။

သူတို့ဟာ ကမ္ဘာလှည့်ခရီးသွားတွေကို Theme Park တွေနဲ့ ဆွဲဆောင်ကြပြီး နေ့စဉ်လိုလို အလုပ်လုပ်နေရတာကြောင့် အချစ်ရေးမှာ ပျက်ကွက်ဖို့လည်း ပိုလွယ်ပါတယ်။

HR မန်နေဂျာဖြစ်တဲ့ ဟောင်းလီကတော့ အမျိုးသမီးဝန်ထမ်းတွေဟာ အတွင်းပိုင်း ရုံးအဖွဲ့တွေနဲ့ သရုပ်ဆောင်ဖျော်ဖြေသူတွေ ဖြစ်ကြတာကြောင့် ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုနည်းသထက်နည်းလာတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဆန့်ကျင်ဘက်လိင်နဲ့ ထိတွေ့ခွင့် ပိုရအောင် အခုလို ခွင့်ပြုပေးတာဖြစ်ကြောင်း ဟောင်းလီက ဆိုပါတယ်။

သူတို့ကုမ္ပဏီကတော့ အချစ်ရေးကံကောင်းခြင်းဟာ ဝန်ထမ်းတွေကို ပျော်ရွှင်စေပြီး ပျော်ရွှင်နေတဲ့ ဝန်ထမ်းဟာ အလုပ်မှာ ပိုအာရုံစိုက်တက်ကြွတယ်လို့ ယုံကြည်ပါတယ်။

ဒါ့ကြောင့် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြင့်မားအောင် ကူညီပေးတဲ့အနေနဲ့ ဒီအစီအစဉ်ကို ထည့်သွင်းပေးခဲ့တာပါ။ ဒါကို “Dating Break” လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဒီအစီအစဉ်ကို ဟန်ကျိုးမြို့ရဲ့ ကျောင်းတစ်ကျောင်းက အရင်စတင်ခဲ့တာဖြစ်ကာ ကလေးမရှိသေးတဲ့ လူလွတ်ဆရာတွေကို ရည်းစားရှာဖို့ တစ်ပတ်ကို ၂ ရက်ခွဲ ပိတ်ရက်ပေးခဲ့ပါတယ်။

၂၁ ရာစုထဲမှာ လိင်ခွဲခြားမှုဘောင်တွေ နည်းသထက်နည်းလာပြီး ကိုယ့်ဘဝကို ပိုမိုဇိမ်ရှိအောင် နေနိုင်ဖို့ ကြိုးစားလာကြတဲ့အတွက် အိမ်ထောင်ပြုမှု လျော့နည်းလာပါတယ်။

ဒါ့အပြင် တစ်ကိုယ်တည်းပဲ နေတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ အမျိုးသမီးတွေလည်း ပိုများလာတဲ့အတွက် အခုလို အစီအစဉ်တွေ ပိုပြီးမြင်တွေ့လာရတာပါ။ ပြောချင်လွန်းလို့ တို့ရော ဒီလိုသဘောကောင်းတဲ့ ကုမ္ပဏီတွေမှာ လုပ်ခွင့်ရရင် လုပ်ချင်သေးလား။

Comments are closed.