ကျောင်းဆရာမကို တယ်လီနောလိုင်းကြိုးမြုပ်တဲ့ဝန်ထမ်းက ရိုက်နှက်ခဲ့ဟုဆို

ကျောင်းဆရာမကို တယ်လီနောလိုင်းကြိုးမြုပ်တဲ့ဝန်ထမ်းက ရိုက်နှက်ခဲ့ဟုဆို

ဆွမ်ပရာဘွမ်မြို့တွင် တောထဲဟင်းရှာထွက်သည့် ကျောင်းဆရာမကို တယ်လီနောလိုင်းကြိုးမြုပ်တဲ့ဝန်ထမ်းက ရိုက်နှက်ခဲ့ဟုဆို

ဆွမ်ပရာဘွမ်မြို့နှင့် တမိုင်ခန့်အကွာရှိ ပြည်ထောင်စုလမ်းမဘေး တောစပ်တွင် ဟင်းရှာထွက်လာသော ကျောင်းဆရာမနှစ်ဦးနောက်သို့ ဖုန်းလိုင်းကြိုးမြုပ်သည့် ဝန်ထမ်းနှစ်ယောက်လိုက်လာပြီး ဆရာမတစ်ဦးကို ဦးခေါင်းတွင် ရိုက်နှက်ခဲ့သောကြောင့် ဆေးရုံတင်ထားရကြောင်း ၎င်းဆရာမ၏ ဦးလေးတော်သူ ဦးဆမ်နော်ကပြောသည်။

“၁၇ ရက်နေ့ ညနေပိုင်း လမ်းမဘေးက တောစပ်မှာ ရုန်းအူချိုးနေတဲ့အချိန် ဖုန်းကြိုးလိုင်းသွယ်တဲ့ ကုမ္ပဏီက ဝန်ထမ်းနှစ်ယောက် တိတ်တိတ်လေး လိုက်လာပြီး ဘာအကြံအစည်ရှိလည်းမသိဘူး အနောက်ကနေ ဆရာမရဲ့ခေါင်းကိုရိုက်ပေးလိုက်တာ ဆရာမနှစ်ယောက်အော်လိုက်မှ ပြန်ထွက်သွားတယ်တဲ့၊ ရိုက်တဲ့သူက အသက် ၂၈ နှစ် စိုးလွင်ဦး လို့သိရတယ်” ဟု၎င်းက ဆိုသည်။

ဆွမ်ပရာဘွမ်မြို့နယ် စခန်းမှူး ဒုရဲမှူးအောင်မျိုးကျော်က ရိုက်နှက်ခဲ့သူနှစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ တယ်လီနောလိုင်းကြိုးမြုပ်တဲ့ဝန်ထမ်းများဖြစ်သည်ဟု ပြောသည်။

“အခုလက်ရှိအချိန်မှာတော့ တရားရုံးကို ဦးတိုက်လျှောက်ထားပေးတယ်၊ ဆရာမနှစ်ဦးကို စကားလာပြောပြီးတော့ နောက်ကနေရိုက်လိုက်တယ်လို့ပြောတယ်၊ ကျွန်တော်တို့က သတင်းကြားလို့ အဲနေရာကို သွားလိုက်တာ၊ ဆရာမနှစ်ဦးကို ဆေးရုံပို့ပေးလိုက်တဲ့ ၊ ရန်ညိုးရန်စလည်းမရှိဘူး အသိလည်းမဟုတ်ဘူးလို့ သိရတယ်၊ ဆရာမနှစ်ဦးကတော့ ဆွမ်ပရာဘွမ်အထက်တန်းကျောင်းကပါ” ဟု ဒုရဲမှူးအောင်မျိုးကျော်က ဆိုသည်။

အဆိုပါဖုန်းကြိုးမြုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိဆိုသူက သြဂုတ် (၁၈) ရက်ညတွင် ကျောင်းဆရာမအိမ်သို့ ရောက်လာပြီး အမှုပိတ်ပေးဖို့ ပြောဆိုခဲ့သော်လည်း ဥပဒေအတိုင်းသာ ဖြေရှင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်ဟု ဦးဆမ်နော်က ပြောသည်။

ထက်အောင်(တောင်ကြီး)/Kachinwaves , Real News Distribution Agency

ApannPyay

Comments are closed.