၃-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

၃-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ဒီနေ့ညမှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ကစားသမားတွေအနေနဲ့ လိုအပ်တာထက်ပိုပြီး မာမာကျောကျောကစားဖို့နဲ့ ရဲရဲဝံ့ဝံ့ကစားနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ကလော့ပ်က မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့် ပွဲစဉ်ဟာ တကယ့်ကို ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပြီး အသင်းကစားသမားတွေအနေနဲ့ သူတို့ရဲ့ ကြံ့ခိုင်ရည်တွေကို ထုတ်သုံးရမယ့်ပွဲတစ်ပွဲဖြစ်တယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက အသင်းရဲ့တိုက်စစ်ပိုင်းကို အားဖြည့်ဖို့လိုအပ်နေတဲ့အချိန်မှာ ပူလီဆစ် ကို အငှားပြန်ချဖို့ သဘောတူခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ လုပ်ရပ်ကို နားမလည်နိုင်အောင်ဖြစ်မိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးဟာ ပူလီဆစ်ကို ပေါင် (၅၈) သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပေမယ့် ရာသီကုန်ဆုံးချိန်အထိ ဒေါ့တ်မွန်အသင်းဆီကို အငှားပြန်ချပေးရမယ်ဆိုတဲ့ သဘောတူညီချက်ကို လက်ခံခဲ့ရပါတယ်။ ဆောက်သမ်တန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ မနေ့ညက ပွဲစဉ်အပြီးမှာ ချယ်လ်ဆီးနည်းပြ ဆာရီက ပူလီဆစ်နဲ့ချယ်လ်ဆီးရဲ့သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဘာမှမသိရကြောင်းနဲ့ လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့လိုအပ်နေတာ အမှန်ပဲဖြစ်ကြောင်း ၀န်ခံသွားခဲ့ပါတယ်။

ဟယ်ရီကိန်း ။   ။ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းက ပြိုင်ဖက်အသင်းတွေရဲ့ ရလဒ်ပိုင်းကို စောင့်ကြည့်ပြီးမျှော်လင့်ချက်ထားနေတာထက် ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ကသာ အရေးကြီးတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဒီရာသီမှာ စပါးအသင်းအတွက် သွင်းဂိုး (၁၄) ဂိုးသွင်းယူပေးထားနိုင်ခဲ့တဲ့ ဟယ်ရီကိန်းက ဒီနေ့ည ကစားမယ့် မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်အပေါ် သူ့ရဲ့ထင်မြင်ချက်ကို ဖြေကြားသွားခဲ့တာဖြစ်ပြီး ဒီနှစ်သင်းရဲ့ရလဒ်ပိုင်းက ဘယ်လိုပဲဖြစ်ဖြစ် စပါးအနေနဲ့ နိုင်ပွဲရအောင်ကစားနိုင်ဖို့ကသာ အရေးကြီးတယ်လို့ ဖြေဆိုသွားခဲ့တာပါ။

တီမိုဝါနာ ။       ။ လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်လိုက်တဲ့အချိန်မှာ ဂျာမနီကစားသမားတစ်ဦးကို အရင်ဆုံးဆက်သွယ်ခဲ့ပြီး အဲဒီကစားသမားကတော့ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာ ဖြစ်တယ်လို့ ဂျာမန်သတင်းစာ Bild ကဖော်ပြပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ၀ါနာ ကို လိုက်ပ်ဇစ်အသင်း CEO ကိုယ်တိုင်က စာချုပ်သက်တမ်းမတိုးရင် ဒီအပြောင်းအရွှေ့မှာ ရောင်းချမယ်ဆိုတဲ့အကြောင်း အသိပေးထားခဲ့တာပါ။ တောင်ပံတိုက်စစ်မှူးအဖြစ်ရော၊ အထောင်တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်တဲ့ ဂျာမနီလက်ရွေးစင်ကစားသမားကို ကလော့ပ်က အလိုရှိနေပြီး အသင်းရဲ့တိုက်စစ်အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်နေပါတယ်။ အသက် (၂၂)နှစ်အရွယ် ကစားသမားဟာ (၂၀၂၀)ခုနှစ်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်နေဆဲပါ။

စတူးရစ်ခ်ျ ။      ။ လီဗာပူးလ်ဟာ အသင်းရဲ့တိုက်စစ်မှူး စတူးရစ်ခ်ျကို စာချုပ်သက်တမ်းတိုးဖို့အတွက် စဉ်းစားနေဆဲပဲ ရှိသေးတယ်လို့ Dailymail သတင်းစာက ဖော်ပြပါတယ်။ ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် စတူးရစ်ခ်ျဟာ လက်ရှိမှာ လောင်းကစားမှုစွဲချက်နဲ့ရင်ဆိုင်နေရပြီး သူ့ရဲ့ပွဲထွက်ခွင့်တွေကိုလည်း ဆုံးရှုံးနေခဲ့ရတာပါ။ စတူးရစ်ခ်ျသာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ရရင် အေစီ၊ အင်တာ၊ ဆီးဗီးလားအသင်းတို့က ခေါ်ယူဖို့ အသင့်စောင့်နေကြတယ်လို့ Dailymail က ဖော်ပြသွားခဲ့ပါတယ်။

ဖယ်လိုင်နီ ။     ။ နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ခွင့်ဆုံးရှုံးသွားခဲ့တဲ့ မန်ယူကွင်းလယ်လူ ဖယ်လိုင်နီဟာ ဒီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာသွားဖို့ရှိနေတယ်လို့ ESPN က ဖော်ပြပါတယ်။ မော်ရင်ဟိုရဲ့ လက်ထက်မှာ ပွဲထွက်ကစားခွင့်တွေ ရရှိခဲ့ပေမယ့် ဖယ်လိုင်နီဟာ နည်းပြအပြောင်းအလဲရဲ့အောက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးသွားခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့တောင် တောင်းဆိုထားခဲ့တယ်လို့ မန်ယူအသင်းရဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဖယ်လိုင်နီကို ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းက ခေါ်ယူချင်နေသလို တူရကီ ကလပ် ဖီနာဘာချီအသင်းကလည်း ခေါ်ယူဖို့ကြိုးစားနေပါတယ်။

Linn::::::Source : TheSun , Goal , Mirror

Comments are closed.