အာဇာနည်ခေါင်းဆောင်ကြီးတွေကိုရည်စူးပြီး ဘုရားတည်နေတယ်ဆိုတဲ့ လူမင်း

အာဇာနည်ခေါင်းဆောင်ကြီးတွေကိုရည်စူးပြီး ဘုရားတည်နေတယ်ဆိုတဲ့ လူမင်း

လူမင်းဟာ မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးသရုပ်ဆောင်ဒါရိုက်တာကြီးတွေထဲက တစ်ဦးဖြစ်သလို ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပြီးအခုအချိန်အထိ အောင်မြင်မှုကိုနှစ်ပေါင်းကြာရှည်စွာထိန်းသိမ်းထားပြီး ဂုဏ်သိက္ခာရှိရှိရပ်တည်နေနိုင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ လူမင်းက သူပြောင်းလွဲတာဝန်ယူထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး မနေ့က လွပ်လပ်ရေးနေ့မှာကျင်းပခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်တရားဝင် Social Media မိတ်ဆက်ပွဲအခမ်းအနားမှာ သူ့ရဲ့သဘောထားနဲ့ ဗိုလ်ချုပ်ရုပ်ရှင်နဲ့စပ်လျဉ်းပြီး ကုသိုလ်ပြုထားတဲ့အကြောင်းတွေကို ပြောကြားသွားပါတယ်။

လူမင်းက တာဝန်ကြီးတဲ့အလုပ်ကိုခေါင်းရှောင်မယ်ဆိုတဲ့အတွေးမျိုးလူတိုင်းမှာရှိကြောင်းကို “တစ်ခုခုဆိုရင် ပြောဆိုဝေဖန်ခံမယ့်အစား မလုပ်ပဲနေတာက ကောင်းမယ်ဆိုတဲ့အတွေးအခေါ်မျိုး လူတိုင်းမှာရှိပါတယ်။ အဲဒီအတွေးအခေါ် ကျွန်တော့်မှာလည်းရှိပါတယ်”လို့ ပြောထားပြီး ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ ခက်ခဲပေမယ့် ခေါင်းမရှောင်ပဲ ပခုံးထမ်းခဲ့တာဖြစ်ကြောင်းကို “ဒါပေမယ့် ဒီလိုသမိုင်းပေးတာဝန်အရ လှုံ့ဆော်မှုတွေရှိနေရက်သားနဲ့မှ ဒီတာဝန်ကြီးကို ခေါင်းရှောင်မယ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ရာ လိပ်ပြာမလုံရာကျပါတယ်။ အဲဒါကြောင့် ခက်ခဲမှန်းသိရက်နဲ့ ကျွန်တော်ဒီတာဝန်ကြီးကို ပခုံးထမ်းခဲ့တာဖြစ်ပါတယ်”လို့ ပြောပြထားပါတယ်။

ဒါ့အပြင်လူမင်းက ဒီတာဝန်ဟာ အားလုံးနဲ့ဆိုင်တဲ့တာဝန်ဖြစ်လို့ အားလုံးက ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုကြောင်းလည်း “နောက်ပြီးတော့ ဒီတာဝန်က ကျွန်တော်နဲ့ တစ်ဦးတစ်ယောက်တည်းဆိုင်တဲ့တာဝန်လည်းမဟုတ်ပါဘူး။ အားလုံးနဲ့ဆိုင်တဲ့တာဝန်လည်းဖြစ်တဲ့အတွက်ကြောင့် ကိုယ်စီကိုယ်စီဆိုင်ရာဆိုင်ရာအားလုံးက အုပ်တစ်ချပ်သဲတစ်ပွင့်ပဲဖြစ်စေကာမူ ကျွန်တော်တို့ ဝိုင်းဝန်းပံ့ပိုးကူညီကြဖို့မေတ္တာရပ်ခံပါတယ်”လို့လည်း ပြောကြားထားပါသေးတယ်။

လူမင်းက ဗိုလ်ချူပ်ရုပ်ရှင်နဲ့စပ်လျဉ်းပြီးတော့ ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် ဘုရားတစ်ဆူတည်ထားကြောင်းကိုလည်း “ဒီရုပ်ရှင်ဇာတ်ကားရိုက်ဖို့အတွက် ကျွန်တော်တို့အခုရုပ်ရှင်ရိုက်တဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ပုဂ္ဂိုလ်တွေဆိုတာ ကျွန်တော်တို့နိုင်ငံမှာ သက်ရှိထင်ရှားရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒီအချိန်မှာသက်ရှိထင်ရှားတော့ မရှိနိုင်တော့ဘူးဆိုပေမယ့် သက်ရှိထင်ရှားရှိခဲ့တဲ့လူပုဂ္ဂိုလ်တွေဖြစ်ခဲ့တဲ့အတွက် သူတို့တွေအတွက်ကိုရည်စူးပြီး ကျွန်တော် တေဇသိဒ္ဓိအဘယျသုခဆိုတဲ့စေတီတော်ကို ကျွန်တော်ဒီနေ့မနက်ပဲ အုတ်မြစ်စီအခမ်းအနားလေးကျင်းပပြီးကျွန်တော်ဒီကိုလာခဲ့တာပါ။

အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက်ရည်စူးပြီး ကုသိုလ်ရေးအတွက်စေတီတစ်ဆူ ကျွန်တော်တည်နေပါတယ်ဆိုတာ ကျွန်တော်လုပ်တဲ့ကုသိုလ်တွေလည်း ဒီအာဇာနည်ခေါင်းဆောင်ကြီးတွေကို အမျှပေးဝေရင်းနဲ့ သူတို့ရဲ့အစောင့်အရှောက်တွေလည်းခံယူရင်းနဲ့ ဒီကားကြီးကို ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းကူညီပံ့ပိုးရင်းနဲ့ ကြိုးစားကြပါစို့လို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်”လို့ ကြည်နူးဝမ်းမြောက်ဖွယ် သတင်းကောင်းပါးထားပါသေးတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက်ရည်စူးတဲ့ စေတီတော်နဲ့ပတ်သက်ပြီးတော့လည်းလူမင်းက မီဒီယာတွေနဲ့အင်တာဗျူးမှာ “ဗိုလ်ချုပ်မွေးနေ့မှာထီးတင်နိုင်အောင်တော့ ကျွန်တော်အခုစဉ်းစားပြီးတော့ မြန်မြန်လေးတည်နေပါတယ်။ ကိုးနဝင်းစေတီပေါ့။ သိပ်အကြီးကြီးတော့မဟုတ်ပါဘူး”လို့ ဖြေကြားထားသလို တစ်ယောက်တည်းတည်တာလားဆိုတဲ့မေးခွန်းကိုတော့ လူမင်းက “ဘုရားတည်တယ်ဆိုတာကတော့ တစ်ယောက်တည်းဘယ်လောက်တတ်နိုင်တတ်နိုင်တည်လို့မရဘူးလို့ထင်တယ်။ ခုနစ်ရက်သားသမီးအကူအညီနဲ့ပေါ့နော်။ကိုယ်ကအဓိက ကမကထပေါ့”လို့ ရှင်းပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော လူမင်းတာဝန်ယူဦးစီးတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကို ကြည့်ဖို့စိတ်လှုပ်ရှားနေကြပြီလား။ ဗိုလ်ချုပ်ရုပ်ရှင်ရုံတင်ရင်ရောအားပေးကြမှာလား။ လူမင်းရဲ့အလှူကိုလည်း သာဓုအနုမောဒနာခေါ်ဆိုလိုက်ကြပါဦး။

Can’t Wait To Say

Comments are closed.