ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြတဲ့ ကမ္ဘာကျော်ဘောလုံးသမားများ

ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြတဲ့ ကမ္ဘာကျော်ဘောလုံးသမားများ

ရီးရဲမက်ဒရစ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ရောက်တိုင်း ငွေအလုံးအရင်းပိုက်ပြီး ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူလေ့ရှိပါတယ်။ ဒီလိုခေါ်ယူတဲ့နေရာမှာလည်း သူတို့ဟာ လိုချင်တဲ့ကစားသမားကို မရရအောင် ငွေအလုံးအရင်းပေးပြီး စည်းရုံးလေ့ရှိပါတယ်။ ဒါပေမဲ့ ရီးရဲအသင်း ဘယ်လိုခေါ်ခေါ် မရခဲ့တဲ့ ကစားသမားတွေလည်းများစွာ ရှိနေပါတယ်။ အဲဒီ ကစား သမားတွေကို ဖော်ပြပေးလိုက်ရပါတယ်။

တော့တီ

ရိုးမားတစ်သင်းမှာပဲ ကစားခဲ့တဲ့ ရိုးမားဂန္ထဝင်ကစားသမားကြီးတော့တီက သူ့အနေနဲ့ ရီးရဲကိုပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကမ္ဘာပေါ်မှာအကောင်းဆုံးအသင်းက လာမလားလို့ ကမ်းလှမ်းတဲ့အခါ ငြင်းဆန်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ရိုးမားကို သစ္စာမဖောက်ချင်ခဲ့ဘူး”လို့ တော့တီက ဆိုခဲ့တာပါ။

ဒေးဗစ်ဆေးလ်ဗား

ရီးရဲအသင်းဟာ ၂၀၁၂ ခုနှစ်မှာ ဒေးဗစ်ဆေးလ်ဗားကို မန်စီးတီးအသင်းကနေ ခေါ်ယူဖို့ အသည်းအသန်ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ဆေးလ်ဗားကခါးခါးသီးသီးငြင်းဆန်ခဲ့ပါတယ်။

လီဝန်ဒေါစကီး

ရီးရဲဟာ ၂၀၁၇ ခုနှစ်မှာလည်း လီဝန်ဒေါစကီးကို ခေါ်ယူဖို့ အခွင့်အရေးရရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ လီဝန်ဒေါစကီးအနေနဲ့ ဘိုင်ယန်မှာဆက်နေတာက သူ့ရဲ့ကစားသမားဘဝကို ပိုကောင်းစေလိမ့်မယ်လို့ ယူဆပြီး ရီးရဲရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။

ဂျရတ်

အတိတ်မှာတုန်းက ဂျရတ်နဲ့ ရီးရဲအသင်းတို့ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းတွေကလည်း တော်တော်လေးနာမည်ကြီးခဲ့ပါသေးတယ်။ ရီးရဲဟာ ၂၀၀၅ ခုနှစ်မှာ စတီဗင်ဂျရတ်အတွက် ပေါင်သန်း (၄၀) အထိ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီတုန်းကပေါင်သန်း (၄၀) ဆိုတာ တော်တော်များတဲ့ပမာဏပါပဲ။ ဂျရတ်တစ်ယောက်လည်း အပြောင်းအရွှေ့တွေကြားမှာ တော်တော်လေးလှုပ်ခတ်ခဲ့တယ်။ ဒါပေမဲ့ ဂျရတ်ဟာ လီဗာပူးမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဗာရက်တီ

ရီးရဲအသင်းဟာ ၂၀၁၆ ခုနှစ်တုန်းက ဗာရက်တီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဗာရက်တီဟာ ရီးရဲဥက္ကဋ္ဌပီရက်ဇ် စိတ်ကြိုက်တွေ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဗာရက်တီဟာ ရီးရဲကို ပြတ်ပြတ်သားသား ငြင်းဆန်သွားခဲ့ပါတယ်။

Ref: Oh My Goal
Oz11(မိုမိုလေး)

Comments are closed.