သေသူအတွက်ရည်စူးပြီး ထိရောက်တဲ့ ကုသိုလ်ပြုလုပ်နည်း

သေသူအတွက်ရည်စူးပြီး ထိရောက်တဲ့ ကုသိုလ်ပြုလုပ်နည်း

သေသူအတွက် ရည်စူးကုသိုလ်ပြုလုပ်ပေးရာတွင်မည်ကဲ့သို့ အကျိုးကျေးဇူးရှိမှုနှင့် မည်ကဲ့သို့ ရည်စူးကုသိုလ် ပြုလုပ်ပေးသင့်ပါသနည်း ။

ရည်စူးကုသိုလ်

  • ( မေး ) အရှင်ဘုရား သေဆုံးသူကို ရည်စူး၍ အလှူဒါနပြုလုပ်လျှင် ရည်စူးခံရသူ၌ မည်သို့သော အကျိုးကျေးဇူးများ ရနိုင်သည်ကို သိလိုပါသည်ဘုရား။
  • ( ဖြေ ) သေသူကိုပဲ ရည်စူးရည်စူး၊ ရှင်သူကိုပဲ ရည်စူးရည်စူး ကုသိုလ်ဆိုတာ ပြုသင့်ပါတယ် ။
  • အရိယာပုဂ္ဂိုလ်များမှတစ်ပါး သတ္တဝါတစ်ဦးတစ်ယောက်သေဆုံးသွားရင် “လားရောက်ရမယ့်ဘ၀ ငါးမျိုး” ရှိပါတယ် ။
  • – လူ့ဘဝ ၊
  • – နတ်ဘ၀ ( ဗြဟ္မာဘဝလည်း အကျုံးဝင်ပါသည် ။ ) ၊
  • – ငရဲဘဝ ၊
  • – တိရစ္ဆာန်ဘဝ ၊
  • – ပြိတ္တာဘ၀ ( အသူရကာယ်ဘဝလည်း အကျုံးဝင်ပါသည် ။ ) ။

ကုသိုလ်နဲ့သေတဲ့သူက ကုသိုလ် သတ္တိအားလျော်စွာ လူ့ဘ၀ နတ်ဘဝဆိုတဲ့ ကောင်းရာသုဂတိ ဘဝတွေကို လားရောက်ရပြီး အကုသိုလ်နဲ့ သေတဲ့သူက အကုသိုလ် သတ္တိ အားလျော်စွာ ငရဲဘဝ ၊ တိရစ္ဆာန်ဘဝ၊ ပြိတ္တာဘ၀ ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိဘဝတွေကို လားရောက် ရပါတယ် ။

သေလွန်ပြီး ကုသိုလ်အကျိုးပေးကြောင့် လူဖြစ်သွားတယ် ။ နတ်ဖြစ်သွားတယ်ဆိုရင် ဒါမှ မဟုတ် အကုသိုလ်အကျိုးပေးကြောင့် ငရဲကျသွားတယ် တိရစ္ဆာန်ဖြစ်သွားတယ်ဆိုရင် ကျန်ရစ် သူတွေကသူ့အတွက်ရည်စူးပြီးပြုတဲ့ကုသိုလ်ရဲ့အကျိုးကို သူလုံးဝခံစားခွင့် မရှိတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့သူ့အတွက်ရည်စူးပြီးကုသိုလ်ပြုနေတာကို သူလုံးဝမသိနိုင်တော့လို့ပါပဲ ။

တကယ်လို့ အကုသိုလ်ကံ အကျိုးပေးမှု ကြောင့် ပြိတ္တာဘုံ ရောက်သွားမယ်ဆိုရင်တော့ ကျန်ရစ်သူတွေက သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို အကြောင်းသူ အပြည့်အဝ ခံစားခွင့် ရှိပါတယ် ။

ပြိတ္တာလေးမျိုး

  • ( ၁ ) ခုပ္ပိပါသိကပြိတ္တာ – ထမင်းဆာလောင်ခြင်း၊ ရေမွတ်သိပ်ခြင်းနှိပ်စက်မှုဒဏ်ကို အမြဲမပြတ်ခံနေရတဲ့ အငတ်ခံပြိတ္တာ ။
  • ( ၂ ) နိဇ္ဈာမတဏှိကပြိတ္တာ – ပူပြင်တဲ့ မီးတောက်မီးလျှံတွေရဲ့လောင်ကျွမ်းဝါးမြိုက်မှုဒဏ်ကို အကြားမလပ်ခံနေရတဲ့ အလောင်ခံပြိတ္တာ ။
  • ( ၃ ) ကာလကဉ္စိကပြိတ္တာ – အသူရကာယ်လို့ခေါ်တဲ့ အကြီးစားပြိတ္တာ တွေဟာ ပြိတ္တာဖြစ်ပေမယ့် ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းမရှိကြတဲ့အတွက် ရည်စူးကုသိုလ်ရဲ့အကျိုးကို ဘာမှခံစားခွင့် မရှိပါဘူး ။
  • ( ၄ ) ဗိမာန်ရှင်ပြိတ္တာ – သူတစ်ပါးပေးတဲ့ အစားအစာကိုအမှီပြုပြီး အသက်ရှင်နေရတဲ့ အပေးခံပြိတ္တာ ( ပရဒတ္တူပဇီဝိကပြိတ္တာ ) တစ်မျိုးတည်းသာ ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းရှိတဲ့တွက် ရည်စူးကုသိုလ်ရဲ့အကျိုးကို ခံစားခွင့်ရှိပါတယ်။ ဝေမာနိကပြိတ္တာ လို့ အများကသိကြပါတယ် ။

ရည်စူးကုသိုလ်တစ်ခုက အရည်စူးခံပုဂ္ဂိုလ်ကို ကောင်းကျိုး ပြုနိုင်ဖို့အတွက် အင်္ဂါ ငါးချက်နဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ် ။

  • ( ၁ ) အလှူခံပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလစတဲ့ သူတော်ကောင်းဂုဏ်နဲ့ ပြည့်စုံသူ ဖြစ်ရမယ် ။
  • ( ၂ ) အလှူပေးပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီကုသိုလ်ဟာ တမလွန်ဘဝပြောင်းသွားတဲ့ ဘယ်သူ့အတွက်ရည်စူးပါတယ်လို့ ရည်စူးစိတ်ထား အတိအကျရှိရမယ် ။
  • ( ၃ ) လှူဖွယ်ပစ္စည်းအမျိုးအစား စုံလင်ရမယ် ။
  • ( ၄ ) အလှူပေးပုဂ္ဂိုလ်က မိမိရည်စူးတဲ့ပုဂ္ဂိုလ်ကို ကုသိုလ်အမျှအတန်းပေးဝေရမယ် ။
  • ( ၅ ) တမလွန်ဘဝမှ အရည်စူးခံပုဂ္ဂိုလ်က ရည်စူးကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရမယ် ။

ဒီအင်္ဂါ ငါးရပ်နဲ့ပြည်စုံပြီ ဆိုရင်တော့ သာဓုခေါ်လိုက်တာနဲ့ တပြိုင်နက် အလှူပွဲမှာ ပါဝင်လှူဒါန်းထားတဲ့ပစ္စည်း တွေနဲ့ နာမည်သာ တူပြီး အမျိုးအစား အလွန်ကောင်းမွန် ၊ အရေအတွက် အဆများစွာသာလွန်တဲ့ပစ္စည်းပေါင်းများစွာကို တမလွန်ဘဝက အရည်စူးခံ ပုဂ္ဂိုလ်သေချာပေါက် ရရှိခံစားရပါတော့တယ် ။

သို့ပေမယ့် လှူဖွယ်ပစ္စည်း အမျိုးအစားစုံလင်ဖို့ သိပ်အရေးကြီးပါတယ် ။ သေလွန်သူကို ရည်စူးတဲ့အလှူပွဲတစ်ခုမှာ အောက်ဆုံးထစ်ဆုံးအားဖြင့် –

  • – စားစရာအတွက် ဆွမ်းတစ်ပန်းကန် ( သို့ ) မုန့်တစ်ခု ၊
  • – သောက်စရာအတွက် ရေတစ်ဖန်ခွက် ၊
  • – ဝတ်ရုံစရာ အဝတ်အထည်အတွက် လက်သုတ်ပဝါတစ်ထည် ( သို့ ) လက်ကိုင်ပဝါတစ်ထည် ၊
  • – ခိုဆောင်းစရာ အဆောက်အအုံအတွက် ထီးတစ်လက် ( သို့ ) ယပ်တောင်တစ်ချောင်း ၊
  • – စီးနင်းသွားစရာ ယာဉ်အတွက် ဖိနပ်တစ်ရံ အနည်းဆုံး လှူဖွယ် ပစ္စည်းငါးမျိုး ။ ပါဝင်ရပါမယ် ။ ဒါမှ စားရေး ၊ သောက်ရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာရေး အဆင်ပြေသွားမှာပါ ။
  • – ကျန်းမာရေးပါ ပြည့်စုံသွားအောင် လျက်ဆားတစ်ထုပ်လောက် ထည့်ချင်ရင် ထည့်လိုက်ပါဦး ။


အထူးသတိပြုရန်မှာ – ရည်စူးကုသိုလ်ပြုကြတဲ့ ကုသိုလ်ရှင်တွေရဲ့စိတ်အစဉ်မှာ ပူပင်သောက ကင်းရှင်းနေဖို့ပါပဲ ။ သောကတွေ မျက်ရည်တွေနဲ့ ပူလောင်နေတဲ့ ရည်စူးကုသိုလ်ဟာ ရည်စူးသူထံရှောရှောရှူရှူရောက်ဖို့ သိပ်မသေချာလှပါဘူး ။ တကယ်လို့ရောက်ခဲ့ရင်လည်း အရည်အသွေးညံ့ညံ့ပဲ ရောက်သွားမှာပဲ ။ကုသိုလ်ပြုစဉ်မှာသေလွန်သူအပေါ်စွဲလမ်းတွယ်ငြိတဲ့ သံယောဇဉ်နဲ့ စိတ်နှလုံးပူလောင်နေမယ် ၊ မျက်ရည်ကျ ငိုကြွေးနေမယ်ဆိုရင် ကိုယ်ပြုတဲ့ ကုသိုလ်ဟာ အရည်အသွေးညံ့ဖျင်းတဲ့ကုသိုလ် အကုသိုလ်ခြံရံတဲ့ကုသိုလ် ကုသိုလ်အပူပဲ ဖြစ်ပါလိမ့်မယ် ။

ကိုယ်ရထားတဲ့ကုသိုလ်ကို သေလွန်သူထံပို့ပေးရတာမို့ သေလွန်သူရတဲ့ ကုသိုလ်ဟာလည်း အညံ့စားကုသိုလ် အပေါစားကုသိုလ် အပူစားကုသိုလ်ပဲ ဖြစ်တော့မှာပေါ့ ဝမ်းနည်းပူဆွေး ငိုကြွေးနေတာဟာ သေလွန်သူကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေပါတယ် ။

ကိုယ့်မှာ ကုသိုလ်ကောင်းကောင်းရှိမှ သူတစ်ပါးကိုလည်း ကုသိုလ်ကောင်းကောင်း ပေးနိုင်မှာမို့ သေလွန်သူထံ ရည်စူး ကုသိုလ် ကောင်းကောင်း ပို့ပေးလိုသူတိုင်း ကုသိုလ်ပြုနေစဉ်မှာ တွယ်ငြိစွဲလမ်း အသည်းကျွမ်းမှုတွေ ၊ဝမ်းနည်းပူဆွေးငိုကြွေးမှုတွေ ကင်းနိုင်သမျှ ကင်းရှင်းအောင် အထူးသတိထားကြရပါမယ် ။

  • သေလွန်သူကို ကောင်းကျိုးချမ်းသာတွေပြည့်စုံစေချင်တဲ့ မေတ္တာဓါတ် ၊
  • ဆင်းရဲဒုက္ခတွေ လွတ်မြောက်စေချင်တဲ့ ကရုဏာဓါတ် ၊
  • ကုသိုလ်ကံရဲ့စွမ်းရည်သတ္တိကို မမှိတ်မသုန်ယုံကြည်တဲ့ သဒ္ဓါဓါတ် ၊
  • ကုသိုလ်ကံကို အရည်အသွေး အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်တဲ့ပညာဓါတ်၊ သူတော်ကောင်းဓါတ်တွေနဲ့ စိတ်နှလုံးအေးချမ်းစွာပြုတဲ့ရည်စူးကုသိုလ်မျိုး ဖြစ်ရပါမယ် ။

ပြိတ္တာနွယ်ဖွား တမလွန်သူ၊ တမလွန်သားတွေကို ဘာပစ္စည်းပေးပေးတိုက်ရိုက်ပေးလို့ မရပါဘူး။လက်နဲ့ကိုင်ပြီးပဲဖြစ်ဖြစ်၊ စားပွဲပေါ်၊ စင်ပေါ်၊ အုတ်ဂူပေါ်သွားတင်ပြီးပဲဖြစ်ဖြစ်၊ ပုံစံတူပစ္စည်းအတုတွေ၊ စက္ကူတွေကို မီးရှို့ပြီးပဲဖြစ်ဖြစ် လုံးဝပေးလို့ မရပါဘူး ။


ပြီးမှ အဲဒီဒါနကုသိုလ်ကိုတမလွန်ရောက် ကိုယ့်ကျေးဇူးရှင် ကိုယ့်ချစ်ခင်သူတွေကို အတိအကျ ရည်မှန်းပြီး အမျှအတန်းပေးဝေလိုက်ပါ ။

အပ္ပမာဒေန သမ္မာဒေထ ။– အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )( ရည်စူးကုသိုလ် စာအုပ်မှ – )

Comments are closed.