မြန်မာတစ်နိုင်ငံလုံးတွင် အသက် အကြီး ဆုံး အဘိုးအဖြစ် အသက် (၁၂၅) နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့

မြန်မာတစ်နိုင်ငံလုံးတွင် အသက် အကြီး ဆုံး အဘိုးအဖြစ် အသက် (၁၂၅) နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘိုးအဖြစ် အသက် ၁၂၅ နှစ်ရှိ အဘိုးဦးကို ကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အသက်ကြီးဆုံးအဖြစ် သတ်မှတ်ခြင်းခံရထားသော အသက် ၁၂၅ နှစ်အရွယ်ရှိ အဘိုးဦးကိုကိုကြီးသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင် လမ်းတွင် စောင့်ရှောက်ထားသော တူမမိသားစုဖြင့် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျ က်ရှိပြီး အဘိုးဦးကိုကိုကြီးကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေး ကော်မတီက မြန်မာတစ်နိုင်ငံလုံးရှိ အသက်အကြီးဆုံး အဘိုးအဖြစ် အထူးဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့ကာ ပူဇော်ကန်တော့ ခဲ့ရသည့်အတွက် အထူးဂုဏ်ယူမိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားခဲ့သည်။

အဘိုးဦးကိုကိုကြီးသည် အင်္ဂလိပ်ခရစ်သက္ကရာဇ် ၁၈၉၄ ခုနှစ်တွင် စစ်ကိုင်းမြို့၌ မွေးဖွား ခဲ့ခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့ကို အစ်မဖြစ်သူ ခေါ်ဆောင်လာခြင်းကြောင့် ၁၉၇၁ ခုနှစ်တွင် စတင်ရောက်ရှိခြင်းဖြစ်ကာ တောင်ကြီးမြို့တွင် နေထိုင်လာသည်မှာ နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။ အဘိုးဦးကိုကိုကြီး၏ မိခင်နှင့် အစ်မဖြစ်သူတို့၏ မိခင်တို့သည် ညီအစ်မအရင်းနှစ်ဦးဖြစ်ပြီး၊ တစ်ဦးတည်းသော သားသမီးများအဖြစ် ဦးကိုကိုကြီးနှင့် ဒေါ်ဦးတို့ကို ညီအစ်မနှစ်ဦးတို့မှ မွေးဖွားခဲ့ခြင်းဖြစ်ကာ၊ အစ်မဖြစ်သူ ဒေါ်ဦးသည် တစ်ဦးတည်း နေထိုင်သော ဦးကိုကိုကြီးကို ခေါ်ယူစောင့်ရှောက်ထားခြင်းဖြစ် ကာ တောင်ကြီးမြို့သို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။ ဒေါ်ဦးဆုံးပါးသွားချိန်တွင် သမီးဖြစ်သူ ဒေါ်ဌေးဌေးတို့ လင်မယားနှင့် သားသမီးတို့က ဦးကိုကိုကြီးကို ပြုစုစောင့်ရှောက် ထားခြင်းဖြစ်ပြီး၊ ဒေါ်ဌေးဌေးသည် ယခု ၇၇ နှစ် ရှိပြီဖြစ်ကာ ဆက်သွယ်ရေးဝန်ထမ်း အငြိမ်းစား တစ်ဦးဖြစ်ကြောင်း၊ သမီးကြီးနှင့် အတူနေထိုင်လျက်ရှိကာ မိသားစု လေးဦးသာ ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြောင်း သိရသည်။

ဘဝတွင် အပူအပင်မရှိ၊ ပျော်ပျော်နေတတ်ခဲ့သဖြင့် အသက်ရာကျော် အသက်ရှည်ရှည် နေရခြင်းဖြစ်ကြောင်း မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံးအဖြစ် အဘိုးဦးကိုကိုကြီး ၁၂၅ နှစ်က အသက်ရှည်ရှည်နေရခြင်းရဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့သည်။

ဦးကိုကိုကြီး၏ တူမဖြစ်သူ ဒေါ်ဌေးဌေး ပြောပြချက်အရ ဘိုးလေးဦးကိုကြီး အသက်ရှည်နေရခြင်းမှာ လူပျိုကြီးပီပီ အပူအပင်မရှိ ပျော်ပျော်နေတတ်ခြင်းကြောင့် အသက်ရှည်ခြင်းဖြစ်ပြီး ညနေခင်းတွင် ဘုရားရှိခိုးတတ်ကြောင်း၊ ကျန်းမာရေးကြောင့် တရားထိုင်နိုင်ခြင်း မရှိကြောင်း၊ ဖျားနာခြင်းကင်းပြီး၊ တစ်ခါတစ်ရံ ခြေထောက်ဖောရောင်ခြင်းသာ ဖြစ်ပွားတတ်ကြောင်း ဆိုသည်။

“ဒေါ်ဌေးဌေးပါ ဦးကိုကိုကြီးက အမေ့မောင်ပါ။ သူ့မိဘတွေ ဆုံးပါးသွားတော့ ပြုစုစောင့်ရှောက်ဖို့ အန်တီ့အမေက သူ့မောင်ကို လှမ်းခေါ်လိုက်တာပေ့ါ။ မောင်တစ်ဝမ်းကွဲပေါ့။ အမေညီမအရင်းမွေး မောင်တစ်ဝမ်းကွဲ၊ အမေဆုံးသွားတော့လည်း အန်တီတို့က ဆက်ပြီးတော့ ဘိုးလေးကြီးကို ပြုစုစောင့်ရှောက် တာပေါ့နော်။ သူက ကလေးစိတ်ပဲ ရှိတဲ့အတွက် Worry လုံးဝမရှိဘူးပေါ့နော်။ ရှိတာလဲမသိဘူး။ မရှိတာလဲမသိဘူး။ ပျော်ပျော်ပါးပါးပဲ။ စားမယ်သောက်မယ်၊ အိပ်မယ် ဒါပဲ။ တီဗွီလေးကြည့်မယ် ဒါပါပဲ။ အန်တီတို့ ယူဆတာက သူဟာ Worry လုံးဝမရှိတဲ့အတွက် ကျန်းမာပြီးအသက်ရှည်တာ၊ မွေးရာပါ ကလေးစိတ်ပါ။ သူကအိပ်လိုက်စားလိုက်ပဲ၊ မနက်ဆို ဒီနားလေး (ခြံဝင်းထဲမှာ) လမ်းလျှောက်တယ်။

မျက်နှာသစ်မယ်၊ လမ်းလျှောက်တယ်၊ မနက်စာစားမယ်။ တီဗွီလေးနည်းနည်းပါးပါးကြည့်မယ်။ ညစာစားမယ်။ ညစာကို ဆန်ပြုတ်နဲ့ ကြက်ဥစားမယ်။ နေ့လည်စာစားတယ်။ တစ်နေ့ကို သုံးကြိမ်စားတယ်။ ကြက်သားတွေ မစားပေမဲ့ ငါးတွေစားတယ်။ မျက်စိနှစ်ဖက်လုံးကို ခွဲထားပေးတယ်။ နားတော့ သိပ်မကောင်းပါဘူး။ ပုံမှန် တစ်ပန်းကန်ပဲစားတယ်။ ထပ်လဲမတောင်းဘူး။ အိပ်ချိန်က ပိုများတာပေ့ါ။ နေ့လယ်လည်း အိပ်နေတာပဲ၊ တီဗွီတွေဘာတွေ ခဏတစ်ဖြုတ်ပဲ ကြည့်တယ်။ ကျန်းမာရေးက ကြားထဲနည်းနည်းလေး ခြေဖမိုးရောင်တာကို အထွေထွေ သမားတော်နဲ့ ပြပါတယ်။ ဆေးတွေတိုက်နေပါတယ်။ ရောဂါလည်းကင်းတယ်။

ဘာရောဂါမှ မရှိဘူး။ အခုပကတိ အကောင်းပါ။ ပျော်ပျော်နေလို့ အသက်ရှည်တာပါ။ အပူအပင်မရှိ ပျော်ပျော်နေပါတယ်။ သူက အအေးကြိုက်တယ်။ နေလာတာ တော်တော်ကြာပြီဆိုတော့၊ နေရပ်က စစ်ကိုင်းကပါ။ ညနေဆိုရင် ဘုရားကန်တော့တယ်။ အပြောလွတ်ပေ့ါ။ တရားထိုင်တာတွေ မလုပ်နိုင်ပါဘူး။ အပူအပင်မရှိလို့ ကျန်းမာပြီး နေနိုင်တာလို့ ထင်ပါတယ်။ နွေမိုးဆောင်း အသက်ကြီးတော့ ရေမချိုးဘူး။ ရေနွေးလေးစပ်ပြီး ချိုးပေးတယ်။ ကျန်းမာရေးကို စောင့်ကြည့်ရတယ်။ ဝမ်းလွယ်တတ်တဲ့အတွက် ဂရုစိုက်ရတယ်။ အန်တီတို့ ဂရုစိုက်ပေးလို့လဲ အခုလို ကျန်းကျန်းမာမာ နေနိုင်တာပေါ့” ဟု ပြုစုစောင့်ရှောက်ထားသူ ဒေါ်ဌေးဌေးက ပြောကြားသည်။

အဘိုးဦးကိုကိုကြီးသည် လူပျိုကြီးတစ်ယောက်ဖြစ်ပြီး ဘဝတွင် အလုပ်သိပ်မလုပ်ဖူးဘဲ ဖြတ်သန်းလာရခြင်း ဖြစ်ကြောင်း၊ ပျော်ပျော်နေတတ်ခြင်း၊ ကျန်းမာရေး လိုက်စားခြင်းတို့ကြောင့် အနာရောဂါဘယ ကင်းရှင်းပြီး၊ အသက် ၁၂၅ နှစ်အထိ အသက်ရှည်ရခြင်းဖြစ်ကြောင်း ပြုစုစောင့်ရှောက်ထားသူ တူမဖြစ်သူ ဒေါ်ဌေးဌေးက ပြောသည်။

အဘိုးဦးကိုကိုကြီးသည် ပုံမှန်မေးခွန်းများကိုသာ ဖြေနိုင်ပြီး၊ စဉ်းစားရမည့် ကိစ္စရပ်များကို ပြန်လည် မပြောဆိုနိုင်တော့ဘဲ အမြဲပြုံးရွှင်နေသည်ကို တွေ့ရသည်။ လူငယ်တစ်ယောက်ကဲ့သို့ ပေ့ါပါးသွက်လက်စွာ သွားလာနိုင်သည်ကို တွေ့ရပြီး၊ မျက်စိလည်းကောင်းမွန်ပြီး နားအနည်းငယ်လေးကြောင်း၊ လမ်းလည်း ပုံမှန်လျှောက်လေ့ရှိပြီး၊ အနာရောဂါ မရှိ ကျန်းမာစွာ နေထိုင်နိုင်ခြင်းမှာ ထူးခြားချက်တစ်ခု ဖြစ်သည်ကို တွေ့မြင်ခဲ့ရလေသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက် မွန်းလွဲ ၂ နာရီတွင် တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်ကြီးမြို့တွင် နေထိုင်သော အသက် (၈၇) နှစ်အထက် သက်ကြီးဘိုးဘွားပေါင်း ၈၁ ဦး တက်ရောက်ခဲ့ကြပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ကန်တော့ငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ ကြပြီး ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ လှူဒါန်းငွေနှင့် ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ ဒေါ်ခင်ပြုံးချိုတို့မှ လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး၊ စုစုပေါင်းအလှူငွေ ကျပ်သိန်း ၆၀ ကျော်ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

တောင်ကြီးမြို့ ရပ်ကွက်ပေါင်း ၂၂ ခုက အသက် ၈၇ နှစ်နှင့်အထက် အဘိုး၊ အဘွား စုစုပေါင်း ၃၃၇ ဦးအနက် အခမ်းအနားသို့ တက်ရောက်လာသော အဘိုးအဘွား ၈၁ ဦးကို ဂုဏ်ပြုပစ္စည်းများ ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို နှစ်စဉ် အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Comments are closed.